BEC-TERO TV

ဆေးဖက်ဝင်မြန်မာ့သနပ်ခါးအကြောင်း

26 May 2017     4,040 Views


မြန်မာ့ ဆေးကျမ်း အရ သနပ်ခါးသည်
ပူ၏ ၊ သွေးကို ကြွစေ၏ ၊
ပူခါးချုပ်ပွင့် ဖြစ်၏ ၊
ငန်းမန်းကို နိုင်စေ၏ ၊
အပူနာ အအေးနာ နှစ်မျိုး လုံးတွင် သုံးနိုင်၏ ၊
အပင်၏ အရွက် အသီး ပင်စည် အမြစ် အားလုံးကို အသုံးပြုနိုင် ၏လို့ ဖော်ပြ ထားပါတယ်။

#အရွက်၏ ဆေးဖက်ဝင်ပုံ။
==============
(၁) ဝက်ရူးပြန် ရောဂါကု ဆေးဖော်စပ်ရာတွင် အသုံးပြု နိုင်ပါတယ်။
 
(၂) အနာကြီး ရောဂါသည် များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီး ချွေးအောင်း ပေးပါ။
 
(၃) အရွက်ပြုတ် ရည်ကို ဆားများများ ခတ်၍ သောက်ပါက ဌက်ဖျား ရောဂါ ပျောက်စေ ပါတယ်။
 
(၄) မြုံ နေသော အနာများ အတွက် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့် သောက်ပေးပါ။
 
(၅) အရွက် အခြောက်ကို နေလှန်း အမှုန့်ပြုပြီး ကွမ်းသီး လုံးခန့်ပမာဏ အမှုန့်တို့ကို ရေနှင့် သောက်ပါက အဖေါ အရောင် အနာအဆာနှင့် ကိုယ်တွင်း ရောဂါ ဟူသမျှ ကင်းရှင်းပ ပျောက်စေ ပါတယ်။
 
#အသီး၏ ဆေးဖက်ဝင်ပုံ။
==============
(၁) အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါ များအတွက် ဖေါ်စပ်သော ဆေးများတွင် ထည့်သွင်း အသုံးပြု နိုင်ပါတယ်။
 
#ပင်စည်၏ ဆေးဖက်ဝင်ပုံ။
=============
(၁) နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။
 
(၂) ဝက်ခြံစိုများအတွက် သနပ်ခါးတုံးကိုသွေး၍ သံပုရာရည် အနည်းငယ်ထဲ့၍ လိမ်း ပေးပါ။
 
(၃) ဝက်ခြံ အမာရွတ်များအတွက် သနပ်ခါးတုံးကို ပျစ်ပျစ်သွေး၍ နေ့ည လိမ်းပေးပါ။
 
(၄) သနပ်ခါးတုံးသွေး၍ ဆားအနည်း ငယ်ရောထဲ့ လိမ်းပေးခြင်းဖြင့် မိတ်အင်ပျင် တို့ ယားယံခြင်းမှ သက်သာစေပါတယ်။
 
(၅) ရေနွေးပူလောင် မီးပူလောင်ဒဏ်ရာများ အတွက် သနပ်ခါးထူထူ လိမ်းအုံပေးခြင်းဖြင့် ပကတိအတိုင်း အသားအရေကို ပြန်ရရှိစေပါတယ်။
 
(၆) အရေပြားပါးလွှာပြီး၊ ယားနာဖုတွေ မကြာခဏ ထွက်လေ့ ရှိသူများ အဖို့ ကာဘော်လိပ် (သို့) ဒတ်တောလ် ကိုယ်တိုက် ဆပ်ပြာသုံး၍ ရေချိုးသန့်စင်ပြီးနောက် သနပ်ခါး ထူထူ လိမ်းပါ။
 
(၇) ငှက်ဖျား၊ ဝက်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနဲ့ အစာအိမ်နာတို့ကို ကုသရာမှာလည်း သနပ်ခါးကို ဆေးအဖြစ် အသုံးပြုနိုင် ပါတယ်။
 
(၈) သနပ်ခါးတုံး အနှစ်သားကို သွေး၍ လိမ်းပေး ခြင်းဖြင့် အသားအရေ ချောမွေ့အေးမြ စေပါတယ် (ခြွင်းချက် အနေဖြင့် သနပ်ခါးလိမ်းတဲ့ အခါ နုနယ်တဲ့ မျက်ဝန်း တဝိုက်ကို ရှောင် လိမ်းသင့် ပါတယ်။ အဘယ် ကြောင့် ဆိုသော် သနပ်ခါး ပျစ်ပျစ် ထူထူကို လိမ်း၍ ခြောက်သွားတဲ့ အခါ အရေပြားကို တင်းဆွဲနေ သလို ခံစား ရပါ လိမ့်မယ်။ ဒါ့ပြင် မျက်ဝန်း တဝိုက် အရေပြားကို ဆွဲ-ဆန့်-ကျုံ့တွန်းအားဖြစ် စေပြီး မျက်ဝန်း တစ်ဝိုက် အရေပြားများကို တွန့်စေ နိုင်ပါတယ်)
 
#အမြစ်၏ဆေးဖက်ဝင်ပုံ။
============
(၁) ဝမ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့ဖော်စပ်ရာမှာ ထည့်သုံးလေ့ ရှိပါတယ်။
 
(၂) အမြစ်ကို နနွင်းမှုန့်နှင့်သွေး၍ လိမ်းပေးပါက မီး ယပ်ရောဂါသည်များ သွေးသားမှန်ကန်စေပါတယ်။
 
(၃) ဆားနှင့်သွေးလိမ်းပါက အညောင်း အညာပျောက်စေပါတယ်။
 
(၄) ကလေးချွဲကြပ်ခြင်းအတွက် အမြစ်ကိုသွေး၍ ကွမ်းရွက် စိမ်းရေနှင့် ဆတူ တိုက်ပေးခြင်းဖြင့် ချွဲအမြန်ကျစေပါတယ်။
 
(၅) သနပ်ခါးမြစ် ငါးပဲသားကို ပျားရည် ခြောက်ပဲ စားနှင့်ရော ၍ လျက်ပေးခြင်းဖြင့် မြွေဆိပ်ပျောက်ကင်း စေပါတယ် (သို့) သနပ်ခါးမြစ်ကို သကြား၊ ပျားရည်တို့နှင့်ရော၍ လျှက်ပေးပါက အစာအိမ်ရှိအဆိပ်ကို ပြေစေပါတယ်။
 
(၆) အမြစ်ကိုသွေး၍ နေ့စဉ်မှန်မှန် လိမ်းပေးခြင်းဖြင့် အသားအရေနုချော ဝင်းမွတ်စေပါတယ်။

သနပ်ခါး လူးလေ့ရှိတဲ့ သူအများစု ဆီက သနပ်ခါး ကောင်းကြောင်း အမွှမ်းတင်ပြောဆိုရာမှာ အမြဲကြားနေ ရတာတွေကတော့ " မိုးလင်းတာနဲ့ မျက်နှာပေါ်မှာ သနပ်ခါးလေးရှိမှ ကျက်သရေ ရှိတာ " "မြန်မာ မိန်း ကလေးတိုင်း သနပ်ခါးကို အမြတ်တနိုးနဲ့ လိမ်းကြ တယ် " "မြန်မာမိန်းကလေးတွေရဲ့ အသားအရေ လှတာဟာ သနပ်ခါးကြောင့်ပေါ့ " "သနပ်ခါး လူးထားရင် လူကလန်းဆန်းတယ် " " သနပ်ခါး နံ့က စိတ်ကြည်တယ် ဒါကြောင့် သနပ်ခါးကို အမြဲလူးတယ် " ဆိုတဲ့ စကားလေးတွေဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ၏ သနပ်ခါးအမျိုးစားထဲမှာ ရှင်မတောင် သနပ်ခါးတို့ ၊ ရွှေဘို သနပ်ခါးတို့ ဆိုတာ နာမည် ကြီးတွေ ပါ။

တေးပြုစာဆို နန်းတော်ရှေ့ဆရာတင်ကတောင် “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လို အသားမည်းမည်း ဝါဝါညက်ညက်ဖြူူ” ဆိုပြီးတော့ ရေးဖွဲ့ခဲ့ပါသေးတယ်။ မှန်ပါတယ်။ တချို့ဆိုလျှင် မွေးတုန်း က တော်တော်လေး အသားမဲခဲ့သော်လည်း၊ သနပ်ခါး အ နှစ်သားတုံးကို ရေအနည်း ငယ်ဖြင့် ကျောက်ပြင်ပေါ်သွေး၍ ရလာတဲ့ မပျစ်မကျဲ သနပ်ခါး ရည်ဖြင့် နေ့ စဉ်နေ့တိုင်း ခြေဆုံး ခေါင်းဆုံး လိမ်းခဲ့ တာကြောင့် အသားရေဟာ သနပ်ခါးရောင်လို ဝါဝါ ဝင်းဝင်းလေး ဖြစ်လာခဲ့ ပါတယ်ဆိုတဲ့ သာဓက များစွာလည်း ရှိခဲ့ တာကြောင့် သနပ်ခါး ဆိုတာ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေ အစဉ်အဆက် သုံးစွဲခဲ့ ကြတဲ့ ရိုးရာ အလှပြင် ပစ္စည်း တစ်မျိုးဘဲ ဖြစ်ပါတယ်။

ရှေးမြန်မာ အညာ ကျေးလက် တောသူလေး များရဲ့ ဓလေ့ တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သနပ်ခါးကို လက်ကလေးနဲ့ သပ်ယူ ကာ နဖူးပေါ်ကို တင်၍ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ညာဘက်ပါးပေါ် တင်ကာ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ ဘယ်ဘက်ပါးပေါ် တင်ကာ သံဃံ သရ ဏံဂစ္ဆာမိ ဟုဆိုကာ သနပ်ခါး လိမ်းရင်း သရဏဂုံ တည်ဆောက် တတ်ကြ ပါတယ်။ အဘိုးအဘွားများ လက်ထက်တုန်းက ကလေးငယ်များ ကို သနပ်ခါး လိမ်းပေးတိုင်း ပါးစပ်ထဲကို သနပ်ခါး အနည်းငယ် ခွန့်ပေးလေ့ ရှိပါတယ်။ ကလေးငယ်တွေကို သနပ်ခါးကျွေးခြင်းဖြင့် ကျောက်ရောဂါနှင့် ဝက်သက်ရောဂါမှ ကာကွယ်ပေးတဲ့ အပြင် ဝမ်းအတွင်းမှ အပူ ကိုပါ ငြိမ်းစေပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံရှိ သုတေသီတစ်စုဟာ သနပ်ခါး အခေါက်မှာ ပါတဲ့ ဓာတ်ပစ္စည်းတွေကို အသေးစိတ် လေ့လာခဲ့ကြ ရာမှာ သနပ်ခါးမှာ အင်တီအောက်ဆီဒင့်(ခေါ်) ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့့်ကျင် ပစ္စည်းတစ်မျိုး ပါဝင်သလို၊ အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓာတ်များ အပြင် ဘက်တီးရီးယား တွေကို သေစေတဲ့ ဓာတ်နဲ့ အရေပြား အရောင်ကို အပြောင်း အလဲဖြစ်စေတဲ့ ဟော်မုန်း ထွက်ရှိမှုကို ဟန့်တားပေးတဲ့ ဓာတ်တွေလည်း ပါဝင်နေ တာကို တွေ့ရှိခဲ့ ကြပါတယ်တဲ့။ သနပ်ခါးက နေပူ ဒဏ်အပြင် နေလောင်ခြင်း ဖြစ်စေသည့် အဆင့်မြင့် ခရမ်းလွန် ရောင်ခြည်ကိုပါ ကာကွယ် ထားနိုင် တယ်လို့ အရေပြား အထူးကု ဆရာဝန်ကြီး များကလည်း အကြံပြု ပြောကြား ခဲ့ပါတယ်။

ယနေ့အလှကုန်ဈေးကွက်ထဲမှာ သဘာ၀ သနပ်ခါး အတုံး စစ်စစ်များ ရှိကြသလို၊ လွယ်ကူမြန်ဆန် အသုံးပြုနိုင် ဖို့အတွက် ကြိတ် ပြီးသား အသင့်သုံး သနပ်ခါးတွေကို တာရှည် ခံအောင်ပြုလုပ်၍ သနပ်ခါး အရည်၊ အနှစ် စသဖြင့် ဗူးတွေ ပုလင်းတွေဖြင့် အလွယ် တကူ ဝယ်ယူ ရရှိနိုင် ပါတယ်။ ၎င်းအသင့် သုံး သနပ်ခါး ဗူးနှင့် ပုလင်းတွေမှာတော့ တာရှည်ခံစေဖို့နဲ့တခြား အမွှေး အနံ့ပစ္စည်းတွေ ပါဝင်နေ တာမို့ လူတချို့မှာ ဓာတ်မတည့် မှုတွေဖြစ်စေ နိုင်ပါတယ်။ သို့သော် ဈေးကွက်ထဲမှာ စံချိန် စံနှုန်းပြည့် အသိအမှတ်ပြု သနပ်ခါးဗူး၊ ပုလင်းတွေ ရှိကြရာ မိမိ အသားအရေနှင့် ဓာတ်တည့်သော အသင့်လိမ်း သနပ်ခါးဗူးတွေကို ရွေးချယ် အသုံးပြုတတ်ပါ စေ။ သနပ်ခါး ပါးကွက်ကြားလေးဟာ မြန်မာ မိန်းကလေးတွေရဲ့ မူပိုင်လေး ပါ။ ခေတ်တွေ ဘယ်လောက် ပြောင်းပြောင်း သနပ်ခါး ဆိုတာ Myanmar Traditional Make-Up အဖြစ် လက်ခံ ထားကြ တာကိုတော့ စိုးစဉ်းမျှ ယုံမှား သံသယ ဖြစ်ဖွယ် မရှိနိုင်ပေ။

သနပ်ခါးတုံး ကောင်းကောင်းရွေးချယ်နည်း။
 
သနပ်ခါးပင်၏ တန်ဖိုးဟာ သူ၏ အခေါက်၊ အပွေးဖြစ်ပါတယ်။ ဒါကြောင့်လည်း “အပွေးမြင် အပင်သိ” ဟူသော ဆိုရိုးစကားရှိပါတယ်။ အပင်အရပ်မည်မျှ ရှည်စေကာမူ အပွေးမကောင်းပါက ရနံ့မမွှေးတတ်သလို တာရှည်လည်းအသွေးမခံတော့ပေ။ သနပ် ခါးချစ်သူများအတွက် ကောင်းမွန်တဲ့ သနပ်ခါးတုံးရွေးချယ်နည်း များကို အောက်ပါအတိုင်း မျှဝေလိုက်ပါရစေ။
 
(က) ရေစကြိုမြို့နယ်က ရှင်မတောင် သနပ်ခါးဟာ ဒေသရှိ ရေမြေသဘာဝက ပေးထားသော ထူးခြားချက် များကြောင့် အခြားနယ် ထွက် သနပ်ခါးများထက် ပြောစမှတ်ပြု ရလောက်အောင် အပွေးညို၍ အမွှေး ပိုလေ့ ရှိပါတယ်။
 
(ခ) အပင်တုတ် မတုတ်ထက်၊ အပွေးအရောင် အသွေးနှင့် သူ၏ အထူကို ကြည့်လိုက်ပါ။ အပွေး အခေါက်ပါပြီး အညိုရောင်အ ခေါက်ကြီးများ အချောင်းချောင်း ကပ်နေမည်။ ယင်းတို့ အကြား (အမြောင်းကြား) တွင် အခေါက်သားမှာ အက်ကွဲရာ ကလေးများ ကဖြူနေပြီး သူ့ဘေးက အခေါက်သားတွင် ပုဇွန်ဆီသွေးရောင် ကလေး ထင်နေမည် ဆိုပါက သင့်သနပ်ခါး တုံးသည် မွှေးမည်ဟု ဆိုနိုင်ပါပြီ။
 
(ဂ) လက်သည်းဖြင့် အပွေးကို အသာ ဖိဆိတ်ကြည့်ပါ။ နစ်ဝင် သွားပါက အခေါက်သားနုတာမို့ မဝယ်ပါနှင့်။
 
(ဃ) လက်ဖြင့် ကိုင်ဆကြည့်ပါက ပေါ့လွန်းနေလျှင် ပြန်ချ ထားလိုက်ပါ။ ယင်းအတုံးဟာ အသားကျစ် မှုနည်းခြင်း၊ ခုတ်ဖြတ်ထားသည့် ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှ ရေဓာတ် ခန်းသွားပြီမို့ အလေးချိန် ပေါ့နေခြင်း ဖြစ်ပါတယ်။ သက်တမ်း ရင့်ရင့် အပင်ဟာ အသားကျစ် သိပ်မှုကြောင့် ရေငွေ့ပျံနှုန်းနှေး ကာ အခြားအပင်များ ထက် ပိုမိုလေးတစ် နေပါတယ်။
 
(င) ဖြတ်ထားကာစ သနပ်ခါးတုံး၏ အတွင်းသား ကလေးမှာ စွဲမက်စရာ ချိုသင်းသော အနံ့ကလေးဖြစ် ပါတယ်၊ သို့မဟုတ်ဘဲ ချဉ်စူးစူး အနံ့ ရနေလျှင် မှှိုစွဲနေပြီဟု မှတ်ပါ။ သနပ်ခါးတုံး၏ ထိပ်ဝရှိ အခေါက်နှင့် အတုံးသားအကြားမှာ ပြာမှိုင်းမှိုင်း အရောင်ဝင်နေ ပြီဆိုပါက မှိုတက်နေပါပြီ။ အလယ်က အသားနေ ရာမှာပါ ပြာနေပြီဆိုပါက ယင်းသည် သေနေသော သနပ်ခါးပင်ခြောက်ကို ခုတ် လာခဲ့ခြင်းမို့ ကိုင်ကြည့် လိုက်ရုံဖြင့် ပေါ့ရွှွတ်နေ ပါလိမ့်မယ်။ ထိုအပင်မျိုး၊ အတုံးမျိုးကို မည်မျှပင် ဈေးချိုချိုနှင့် ပေးသော်လည်း မဝယ် ပါနှင့်။ သွေးလျှင်လည်း မွှေးမည် မဟုတ်ပါ။
 
ယခုအခါ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြိ့ုနယ်မှာ သနပ်ခါးပင် စိုက်ပျိုးဧက ၃၅၀၀၀ မှ ၄၀၀၀၀ ခန့် စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက် ရှိပါတယ်။ အဆိုပါမြိ့ုနယ်ရှိ သနပ်ခါး စိုက်ပျိုး တင်ပို့ရောင်းချ သူများ အသင်းမှ သနပ်ခါးကို ဓာတု ပစ္စည်းတွေ မပါတဲ့ ကုန်ချော ထုတ်လုပ်နိုင်အောင် စီစဉ်နေပြီး၊ ဓာတု ကင်းစင်တဲ့ ကုန်ချောရရင် မြန်မာ့ သနပ်ခါး စစ်စစ် အဖြစ် ပြည်ပနိုင်ငံ တွေကို ထိုးဖောက် မည်ဖြစ်ရာ အထူးသဖြင့် ထိုင်း၊ မလေးရှားနိုင်ငံတို့လို မြန်မာ လူမျိုးတွေ အများဆုံးနေထိုင် လျက်ရှိသော နိုင်ငံများသို့ ဦးစွာတင်ပို့၍ဈေးကွက် ရှာမည် ဖြစ်ကြောင်း သိရပါတယ်။ သို့ပါ၍ မဝေးသော ကာလ မှာ မြန်မာ့ သနပ်ခါးကို Myanmar Traditional Make-Up အဖြစ် ကမ္ဘာ့အလှ ကုန်ဈေးကွက် တွင် မြင်တွေ့နိုင်တော့ မည် ဖြစ်ပါကြောင်း။

(အပင် ပုံသဏ္ဍာန်)
အမြင့် ၂၀-၃၀ ပေထိမြင့်တဲ့
ပင်လတ်မျိုး ဖြစ်ပါတယ်။
ပင်စည်ရဲ့ အကိုင်း အခက် တွေမှာ
၁/၂ လက်မ မှ ၁ လက်မ အထိ ရှည်သော ချွန်ထက် မာကျောတဲ့ ဆူးများ
ရှိကြ ပါတယ်။
အပင်နုစဉ်မှာ အပွေးမဲ့ပြီး
အပင်ရင့်လာတဲ့ အခါ
အပွေးထူလာ ပါတယ်။
 
(အရွက် ပုံသဏ္ဍာန်)
ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲ ထွက်ပါတယ်။ အလျား ၃ လက်မ မှ ၅ လက်မထိ ရှည်ပြီး ရွက်ညှာမှာ အတောင်ပါ ရှိပါတယ်။ ရွက်မြွှာ ၂ စုံ မှ ၃ စုံထိ ရှိပြီး ထိပ်ရွက် တစ်ရွက်ပါ ပါတယ်။
ရွက်ပြား ပြောင်ချောပြီး တောင့်တင်း မာကျော၍ အစိမ်း ရင့် ရောင် ရှိပါတယ်။
 
(အပွင့် ပုံသဏ္ဍာန်)
ရနံ့သင်းပြီး သေးငယ်၍ အဝါနုရောင် ရှိပါတယ်။ တန်ခူး နဲ့ ကဆုန်လများမှာ အဆုပ် လိုက်ပွင့်ပါတယ်။
 
(အသီး ပုံသဏ္ဍာန်)
ချဉ်သော အရသာရှိ၍ အပြွတ်လိုက် သီး ပါတယ်။ အဝါနုရောင် ဖျော့ဖျော့ အစေ့ဖြစ်ကာ အရွယ်အစားမှာ ငရုပ် ကောင်းစေ့ခန့်ဖြစ်ပါတယ်။ ဝါခေါင် နဲ့တော်သလင်း လတွေမှာ အသီးမှည့် ပါတယ်။
 
(အမြစ် ပုံသဏ္ဍာန်)
အလွန် ရှည်လျားသော ရေသောက်မြစ် ဖြစ်ပါတယ်။ ဘေးမြစ်များ မှာလည်း ရှည်လျားပြီး ဖြန့်ထွက်နေ ကြပါ တယ်။ အပွေး အခေါက်များ ပါရှိကာ၊ ပင်စည်ထက် အရောင်ပို၍ ဝါပါတယ်။
 
 
 
ဆောင်းပါးရှင်ပေါက်ပေါက်
 
ကြားဖူးတာတော့ သန တာကိုပျောက်တယ် ခါးသောအရသာရှိတာကြောင့် သနပ်ခါးလို့ခေါ်တယ်လို့ လူကြီးသူမတွေပြောတာကြားဖူးတယ်

26 May 2017     4,040 Views




RELATED

Most Popular of Special or Others

Most Popular of Life Style