BEC-TERO TV

မိမိအလုပ်မှာ အထက်လူကြီးက ပါဝင်စွက်ဖက်လွန်းတာတွေ ကင်းဝေးဖို့ ဆိုရင်

01 Jun 2017     1,395 Views


ဝန်ထမ်း ၁၀၀မှာ၆၀ရာခိုင်နှုန်းကနေ့တိုင်းအလုပ်မှာအကောင်းဆုံးလုပ်နိုင်ဖို့အခွင့်အရေးတွေဆုံးရှုံးနေရသလို ခံစားနေကြရတယ် လို့ ၂၀၁၇ ခုနှစ် အမေရိကအလုပ်ခွင်ဆန်းစစ်မှုအချက်အလက်တွေအရ သိရပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့အချက်ကတော့ ဒီလို ပြဿနာရဲ့ အဓိကအဖြေက ကိုယ်လုပ်ရမယ့်အလုပ်တွေကို အထက်လူကြီးက ဝင်ပြီးလုပ်ပေးနေတာကြောင့်ပါပဲ။ အလုပ်အမှုဆောင်ချုပ်တွေရဲ့ ခေါင်းဆောင်မှုအပေါ် ၁၀ နှစ်ကြာလေ့လာချက်အရခေါင်းဆောင်ဦးရေ၂၇၀၀ဦးထဲမှာ၆၇%ကအရင်အလုပ်တွေကိုမစွန့်လွှတ်နိုင်ကြတာကို တွေ့ရပါတယ်။
 
အဖွဲ့အစည်းတစ်ခုမှာရာထူးတိုးပြီးခေါင်းဆောင်တစ်ဦးထွက်ပေါ်လာတာနဲ့အဲဒီခေါင်းဆောင်ဟာ သူအရင်က အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တဲ့အလုပ်တွေကို မစွန့်လွှန်နိုင်ဘဲတပါတည်းသူ့ရာထူးနဲ့အတူ တွဲခေါ်လာတတ်တာကလည်းဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုပါ။ခေါင်းဆောင်တွေဟာမိမိရဲ့ခေါင်းဆောင်မှုပိုင်းအလုပ်တွေကို ထိထိရောက်ရောက်မလုပ်ဆောင်နိုင်တဲ့အခါရလဒ်ကတော့ကိုယ်နဲ့ဆိုင်ရာအလုပ်အပေါ်စိတ်ကျေနပ်မှုမရှိဖြစ်လာပြီး မိမိအခန်းကဏ္ဍနဲ့မဆိုင်တဲ့ ငယ်သားတွေရဲ့အလုပ်ကို ဝင်လုပ်လာတတ်တာပါပဲ။
 
 
ဒါကြောင့် အထက်အရာရှိက လိုအပ်တာထက် မိမိအလုပ်ကို ဝင်စွက်ဖက်နေတယ်လို့ ခံစားရသူဟာ သင်တစ်ယောက်ထဲမဟုတ်တာတော့ သိသာပါတယ်။ ဒါပေမယ့် လူတိုင်းကြုံရတဲ့အရာဖြစ်လို့ လက်ခံပေးရမယ်လို့လည်း မဆိုလိုပါဘူး။ ဒီလိုကိစ္စကို သင်လုပ်ကိုင်တဲ့ ကုမ္ပဏီရဲ့ စီအီးအို (သို့) ပထမအဆင့်ရှိတဲ့ ကြီးကြပ်ရေးမှူးတစ်ဦးဦးကို အသိပေးဖို့ဆိုတာကတော့ အခြားသူတွေမဟုတ်ဘဲ သင်ကိုယ်တိုင်က သင့်ကိုယ်ပိုင်အလုပ်ကို ကြိုးစားလုပ်ချင်ကိုင်ချင်တဲ့ စိတ်ပါဝင်စားမှုအပေါ် မူတည်ပါတယ်။ သင့်ရဲ့အထက်လူကြီးကို ဒီလိုထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတာက စိုးရိမ်စရာကောင်းလှတယ်ဆိုပေမယ့် ရလဒ်ကတော့ သင်ထင်တာထက် အလားအလာပိုကောင်းနေတတ်ပါတယ်။
 
ဘာကြောင့်လည်းဆိုရင် အဖွဲ့အစည်းတစ်ခုခုမှာအထူးသဖြင့်အထက်ပိုင်းကိုတာဝန်ယူရတဲ့သူအများစုဟာလက်အောက်ဝန်ထမ်းတွေဆီကနေ ကောင်းမွန်တဲ့အကြံပြုချက်တွေ များများစားစား သိပ်မရတတ်ကြတာကြောင့် ဒီလိုကိစ္စမှာ သင့်အနေနဲ့ အကြံပြုချက်သဘောမျိုးနဲ့ သွားပြီးကူညီပေးရာရောက်ပါတယ်။  စိတ်အနှောင့်အယှက်ဖြစ်စရာဆိုပေမယ့် သင့်အထက်လူကြီးရဲ့အပြုအမူနဲ့ပတ်သက်လို့ သင့်အနေနဲ့ သူနားလည်အောင် ရှင်းပြစရာတွေ များသွားနိုင်ပါတယ်။ ဒါကြောင့် အလုပ်ကို သင်လွတ်လွတ်လပ်လပ်လုပ်နိုင်ဖို့အတွက် သင့်အထက်လူကြီးကို သူနဲ့ဆိုင်တဲ့အလုပ်ကဏ္ဍတွေကိုပဲ အာရုံစိုက်စေဖို့အတွက် အထောက်အကူပြုမယ့် အချက်လေးတွေကတော့ ……………………………
 
သူသတိပြုမိသလားဆိုတာ စစ်ဆေးပါ
 
သင့်အလုပ်မှာ သူဘယ်လောက်ဝင်ပြီး စွက်ဖက်မိနေတယ်ဆိုတာ သင့်အထက်လူကြီးက သိနေတယ်လို့ ကြိုမထင်ထားလိုက်ပါနဲ့။ ဒါကြောင့် အလုပ်နဲ့ပတ်သက်ပြီး သင့်ဆီကနေ သူဘာကိုမျှော်လင့်တယ် ၊ သင့်အခန်းကဏ္ဍအတိုင်းအတာကို သူဘယ်လိုမြင်တယ်ဆိုတာကို စပြီးမေးကြည့်ပါ။ သင့်အလုပ်ကဏ္ဍနဲ့ပတ်သက်ပြီး သင်ယူဆထားတာနဲ့ သူ့ရဲ့အဖြေ ကိုက်နေရင် သင့်အလုပ်ထဲ အလွန်အကျွံဝင်စွက်ဖက်နေမိမှန်း သူသတိမပြုမိဘူးဆိုတာ သိနိုင်ပါတယ်။   ဒါပေမယ့် သူ့လုပ်ရပ်အတွက် ဖြေရှင်းချက်တွေပေးပြီး သူပြောတဲ့ သင့်အလုပ်ကဏ္ဍက သင်နားလည်ထားတာထက် ပိုကျဉ်းမြောင်းနေတယ်ဆိုရင်တော့ သင့်ရဲ့အမှန်အလုပ်နဲ့ မျှော်လင့်ထားတာတွေကို အစပြန်ညှိနှိုင်းဖို့ လိုနေပါပြီ။ 
 
သူနဲ့ဆွေးနွေးတဲ့အခါ အလုပ်နဲ့ပတ်သက်ပြီး သင်မျှော်လင့်တာတွေကို ပြောနိုင်ပါတယ်။ အလုပ်မှာ သူ့ရဲ့ဝင်စွတ်ဖက်မှုအတိုင်းအတာက သင့်ကို ဘယ်လိုခံစားစေတယ်ဆိုတာ အသိပေးပါ။ ဘယ်အလုပ်က သင့်တာဝန်ဖြစ်တယ်၊ ဘယ်နေရာတွေမှာ အလွန်အကျွံ သူဝင်ပါမိနေတယ်ဆိုတာကို သေချာရှင်းပြပါ။ သင့်အလုပ်ကဏ္ဍဘောင်ကျဉ်းတာက သင့်ရဲ့စွမ်းဆောင်ရည်နဲ့ စိတ်ကျေနပ်မှုအတိုင်းအတာကို ပြည့်ပြည့်ဝဝမတိုးတက်စေနိုင်တဲ့အကြောင်း သူ့ကိုရှင်းပြပါ။
 
သင့်ရဲ့အလုပ်မှာ အားနည်းချက်ရှိမရှိ မေးပါ
 
သင့်အလုပ်ကို အထက်လူကြီးက အလွန်အကျွံဝင်ပါနေတာနဲ့ပတ်သက်လို့ ခံစားရတာအဆင်မပြေပေမယ့် သင့်အမှားတွေကို သူလိုက်ဖုံး(သို့) လိုက်ပြင်ပေးနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်အလုပ်မှာ လိုအပ်ချက်တွေရှိနေသလားဆိုတာကို မေးပါ။ သူ့အနေနဲ့ သင်က အလုပ်ကိုကောင်းကောင်းမွန်မွန် နိုင်နိုင်နှင်းနှင်းလုပ်ကိုင်နိုင်တယ်လို့ ထပ်ခါထပ်ခါ ပြောလာတယ်ဆိုရင်တော့ အဓိကအချက်ကို ဖွင့်ပြောဆွေးနွေးဖို့အခွင့်အရေးပါပဲ။  သင့်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး သူစိတ်ပျက်နေတယ်လို့ ပြောလာရင် အလုပ်မှာသင်ထွက်ပေါက်လိုအပ်ကြောင်း၊ သူကိုယ်တိုင်ဝင်လုပ်မှ အလုပ်ပြီးမယ်လို့ ထင်နေတာက သင့်ကိုအခက်အခဲဖြစ်စေကြောင်း ရှင်းပြပေးပါ။ သူ့အနေနဲ့ ဝင်ပြီးလုပ်ပေးနေတာထက် သင့်ကိုလုပ်စေပြီး အကြံပေးတာတွေ၊ လမ်းညွှန်တာတွေ လုပ်ပေးဖို့ သင့်ရဲ့အထက်လူကြီးကို တောင်းဆိုပါ။ သူ့ရဲ့စေတနာက သင့်အတွက် ဝေဒနာဖြစ်နေတာကို သူသဘောပေါက်မိမှာမဟုတ်ပါဘူး။
 
မရည်ရွယ်ဘဲဖြစ်လာတဲ့အကျိုးဆက်တွေကို ထောက်ပြပါ
 
သင့်ရဲ့အထက်လူကြီးထင်မှတ်ထားတာထက် သူပါဝင်ပတ်သက်မှုကြောင့် ဖြစ်လာတဲ့အကျိုးဆက်က ပိုဆိုးရွားနေတတ်ပါတယ်။ ဒီအကျိုးဆက်က နှစ်ဦးလုံးအတွက် မကောင်းစေနိုင်ပါဘူး။ နောက်ကွယ်က ဘယ်လိုတွန်းအားကြောင့်ပဲ ပါဝင်ရသည်ဖြစ်စေ သင့်ရဲ့အလုပ်မှာ သင့်အထက်လူကြီးက ဝင်ပြီးပတ်သက်နေတာဟာ မှန်ကန်တဲ့အရာမဟုတ်ပါဘူး။ ဒါက သင့်ကို အလုပ်အတွက် သူယုံကြည်စိတ်ချမှုနည်းပါးနေတယ်ဆိုတာ ဖော်ပြနေတာပါ။ ဒီလို ထဲထဲဝင်ဝင်ပတ်သက်မှုက သင့်ကို အလုပ်မှာ အဆင့်လျှော့ကျသွားစေနိုင်တဲ့ အကျိုးဆက်ဖြစ်စေနိုင်တာကို သတိပြုရပါမယ်။ ဒါ့အပြင် သင့်မှာအားနည်းချက် ရှိနေကြောင်း အခြားသူတွေကို တိုက်ရိုက်အသိပေးနေသလိုဖြစ်ပြီး အဖွဲ့တစ်ခုလုံးရဲ့စွမ်းဆောင်ရည်ကို လျှော့ကျစေနိုင်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်မူရင်းက စေတနာနဲ့ ကူညီပေးတာဖြစ်နိုင်ပေမယ့် ဖြစ်လာတဲ့အကျိုးဆက်က ပိုပြီးဆိုးရွားနေမှာကိုတော့ သတိပြုစေချင်ပါတယ်။
 
အခြားအစားထိုးစရာ ဖြေရှင်းချက်နည်းလမ်းတစ်ခုခု အတူရှာပါ
 
သူ့ရဲ့ပါဝင်ပတ်သက်မှုကနေ ရရှိနိုင်တဲ့အကျိုးဆက်ကို သင့်ရဲ့အထက်လူကြီး နားလည်အောင်ကူညီပေးပါ။ အထူးသဖြင့် အရင်က သူလုပ်နေကျအလုပ်ဖြစ်နေတဲ့ သင့်ရဲ့အလုပ်က သူလက်ရှိလုပ်ကိုင်နေရတဲ့ အလုပ်ထက် လုပ်ရတာပိုအဆင်ပြေလို့ ဝင်လုပ်ပေးနေတာလည်းဖြစ်နိုင်ပါတယ်။ သင့်ထက် ဒီအလုပ်မှာ သူပိုကောင်းကောင်းလုပ်နိုင်တယ်၊ ပိုပြီးအတွေ့အကြုံရှိတယ်လို့ ထင်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ လက်အောက်ငယ်သားတွေ အားကိုးလောက်တဲ့ အရည်အချင်းရှိတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်ဆိုတာ ပြချင်လို့ ဝင်လုပ်ပေးတာလည်း ဖြစ်နေနိုင်ပါတယ်။ တကယ်တော့ ဒီအချက်တွေက ခေါင်းဆောင်တစ်ယောက်အတွက် အမှန်တကယ် လိုအပ်တဲ့အရာတွေပါ။
 
ဒါပေမယ့် သင့်အလုပ်ကဏ္ဍမှာ သူအလွန်အကျွံပါဝင်ပတ်သက်ပေးနေတာတွေက ဒီအချက်တွေကို အထောက်အပံ့မဖြစ်စေနိုင်ပါဘူး။ အထက်လူကြီးတစ်ဦးအနေနဲ့ လက်အောက်ငယ်သားတွေရဲ့ အလုပ်ကဏ္ဍမှာ ပါဝင်ပတ်သက်ရမယ့် အတိုင်းအတာတစ်ခုတော့ရှိပါတယ်။ ဥပမာအားဖြင့် လက်အောက်ဝန်ထမ်းတွေဆီကနေ သတင်းပေးပို့ချက်တွေ လိုအပ်တာ၊ ကောင်းမွန်တဲ့ရလဒ်ရနိုင်ဖို့ ဝန်ထမ်းတွေကို လိုအပ်တဲ့အကြံဉာဏ်ပေးတာ စတာတွေကို လုပ်ပေးနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးလုံးအတွက် အဆင်ပြေဖို့ အပြန်အလှန်ညှိနှိုင်းပြီး သင့်တော်တဲ့နည်းလမ်းတစ်ခုခုကို ရှာသင့်ပါတယ်။
 
မစောင့်နဲ့ 
 
အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေကို စုဆောင်းထားတာက အန္တရာယ်များပါတယ်။ သင့်ကြာကြာစောင့်လေလေ သင့်အထက်လူကြီးကို သူ့အပြုအမူအတွက် အကြောင်းပြချက် ရှာကြံဖန်တီးဖို့ အချိန်ပေးနေသလို ဖြစ်နေမှာပါ။ ဒါကြောင့် အခြေအနေ မဆိုးရွားခင်မှာ သင့်ရဲ့အလုပ်ကဏ္ဍနဲ့ပတ်သက်ပြီး အထက်လူကြီးနဲ့ ထိပ်တိုက်တွေ့ဆုံပြီး ဆွေးနွေးတာက အကောင်းဆုံးပါပဲ။
 
ဇွန်မာန်

01 Jun 2017     1,395 Views




RELATED

Most Popular of Special or Others

Most Popular of Life Style