BEC-TERO TV

မော်တော်ယာဉ်ကျော်တက်ရန် လက်ယာဘက်အချက်ပြမီးစနစ် တနိုင်ငံလုံးကျင့်သုံးမည်

25 Jun 2017     1,283 Views


နောက်ကားကျော်တက်နိုင်ကြောင်း မီးအချက်ပြတဲ့စနစ်ကို လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ မနက် ၆ နာရီက စပြီး တနိုင်ငံလုံးမှာ  မှန်ကန်စွာ စတင်ပြောင်းလဲကျင့်သုံးကြဖို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီက နှိုးဆော်ထားပါတယ်။


၁၉၈၉ မော်တော်ယာဉ် နည်းဥပဒေတွေအရ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်မှာ ယာဉ်ကျော်တက်နိုင်တယ်လို့ အချက်ပြမယ်ဆိုရင် လက်ယာဘက်အချက်ပြမီးကို သုံးဖို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် အဝေးပြေးလမ်းမကြီးတွေပေါ်မှာ ကားကြီး မောင်းသမားအများစုဟာ လက်ဝဲဘက် အချက်ပြမီးကို လွဲမှားစွာ အသုံးပြုနေကြတာဖြစ်ပါတယ်။


အမှတ် ၈ ယာဉ်ထိန်းရဲ ဒု တပ်ဖွဲ့ခွဲက တပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးအောင်မြင့်က “အချက်ပြမှားတာကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်တယ်။ အသက်တွေသေတယ်။ အခုတော့ ဒါတွေ ပြောင်းဖို့ စီစဉ်နေတာပါ။ ယာဉ်ထိန်းအနေနဲ့ကတော့ လက်ကမ်းစာစောင်ဝေတာ၊ ဟောပြော ပညာပေးလုပ်နေတာမှာ ဒီအချက်တွေကို အဓိကထားပြီး ဆောင်ရွက်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။


စက်တင်ဘာ (၁)ရက်နေ့မတိုင်မီ နားလည်မှု လွဲမှားတာတွေ ရှိနိုင်တဲ့အတွက် ကားတွေ ကျော်တက်မယ်ဆိုရင် အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီးအထူးဂရုပြုကြဖို့ကိုလည်း အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက သတိပေးထားပါတယ်။


ဒါကို မလိုက်နာဘူး ဆိုရင်တော့ ၂၀၁၅ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၆၅ အရ အရေးယူမှာပါ။ ပြစ်ဒဏ်ကတော့ ဒဏ်ငွေ ၃ သောင်းဖြစ်ပါတယ်”လို့ ရဲမှူး မျိုးအောင်မြင့်ကပြောပါတယ်။
အဝေးပြေးလမ်းမှာ ကုန်တင်ကားမောင်းသူတွေအနေနဲ့ မှားယွင်းနဲ့ အချက်ပြစနစ်နဲ့ အသားကျနေပြီဖြစ်တယ်လို့ ကုန်တင်ယာဉ်ပိုင်ရှင် တစ်ယောက်ဖြစ်တဲ့ ဦးအောင်ခိုင်ကပြောပါတယ်။
“ကျနော်ကတော့ ယာဉ်တိုက်မှုတွေ ပိုများလာမယ် ထင်တယ်။ ညာမီးပြရင် ညာကပ်မယ်၊ ညာကွေ့မယ်လို့သုံးလာတာက ရှေးရိုးစွဲနေပြီလေ။ ဘယ်မီး ဆိုရင် ကျော်တက်၊ ဒါမှမဟုတ် ဘယ်ကွေ့မယ်ပေါ့။ ကျနော့် အသက် ၅၀ ကျော်မှာ သိသလောက်တော့ ဒီလိုပဲ သုံးနေကြတာလေ
” လို့ ပြောပါတယ်။


ဒီကြားကာလမှာ ယာဉ်တိုက်မှုတွေ လျှော့ချနိုင်ဖို့အတွက် ပညာပေးတာကို များများလုပ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ လက်ယာဘက် အချက်ပြမီးစနစ်အမှန်ကို  မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့  မြို့တွင်း၊ မြို့ပြင်၊ အဝေးပြေး၊ အမြန်လမ်းတွေ အားလုံးမှာ ကျင့်သုံးရမှာ ဖြစ်ပါတယ်။

DVB

 


25 Jun 2017     1,283 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS