BEC-TERO TV

လေယာဉ်ပျံသန်းနေစဉ် လေယာဉ်တံခါးဖွင့်ဖို့ ကြိုးစားသူကို လေယာဉ်မယ် ဝိုင်ပုလင်းနဲ့ ခေါင်းရိုက်ခွဲ(ရုပ်သံ)

10 Jul 2017     1,265 Views


အမေရိကန်လေကြောင်းလိုင်းလေယာဉ်တစီးပေါ်မှာ လေယာဉ်တံခါးမကြီးကို ဖွင့်ဖို့ကြိုးစားခဲ့တဲ့ ခရီးသည်အမျိုးသားတဦးကို လေယာဉ်မယ်ဝန်ထမ်းက လုံးထွေးသတ်ပုတ်ပြီး ဝိုင်ပုလင်းနဲ့ ရိုက်နှက် တားဆီးခဲ့တဲ့ အဖြစ်တစ်ခု ဇူလိုင်လ ၆ ရက်နေ့က ဖြစ်ပျက်ခဲ့ပါတယ်။


ဆီယက်တဲလ်ကနေ တရုတ်နိုင်ငံကို ထွက်ခွာလာတဲ့ အမေရိကန်လေကြောင်းလိုင်းဖြစ်တဲ့ ဒယ်လ်တာလေကြောင်းလိုင်း ဘိုးအင်း ၇၆၇-၃၀၀ လေယာဉ်ပေါ်မှာ ခရီးသည်အများစုက တရုတ်နိုင်ငံသားတွေဖြစ်ကြပြီး အသက် ၂၃ နှစ်အရွယ် ဂျိုးဆက်ပ် ဒဲန်နီယ်လ်ဟျူးဒက်ခ်-၄ အမည်ရတဲ့ ခရီးသည် အမျိုးသားဟာ လေယာဉ်ရဲ့ အထက်တန်းခုံကနေ လိုက်ပါလာခဲ့ပါတယ်။


အက်ဖ်ဘီအိုင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဟျူးဒက်ခ်ဟာ နေရာက ထလာခဲ့ပြီး ရုတ်တရက် လေယာဉ်တံခါးမကြီးရဲ့ တံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ အဲဒီအဖြစ်အပျက်ကို လေယာဉ်မှူးနဲ့ ဝန်ထမ်းတွေက မြင်ခဲ့ကြချိန်မှာ သူ့ကို တားမြစ်ခဲ့ကြတဲ့အတွက် လေယာဉ်မယ်တဦးကို သူကအကြိမ်ပေါင်းများစွာ ထိုးနှက်တိုက်ခိုက်ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။


အဲဒီအချိန်မှာ တခြား လေယာဉ်မယ်တဦးက သူ့ရဲ့ ဦးခေါင်းကို ဝိုင်ပုလင်းအကြီး ၂ လုံးနဲ့ ရိုက်နှက်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ အခြားခရီးသည်တွေရဲ့ ဝိုင်းဝန်းကူညီမှုနဲ့ သူ့ကို ချုပ်နှောင်ထားနိုင်ခဲ့ပါတယ်။
လေယာဉ်ပေါ်မှ အဆိုပါထိတ်လန့်ဖွယ် အဖြစ်အပျက်ကြောင့် လေယာဉ်ဟာ ခရီးမဆက်နိုင်တော့ပဲ ဆီယက်တဲလ်မြို့ဆီကို ပြန်လည်မောင်းနှင် ဆင်းသက်ခဲ့ပါတယ်။


လက်ရှိမှာတော့ ဟျူးဒက်ခ်ကို ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရာအသေးစိတ် ကိုတော့ အက်ဖ်ဘီအိုင်က ထုတ်ဖော်ပြောကြားတာမရှိသေးပဲ အဆိုပါအမျိုးသားဟာ မူးယစ် သောက်စားထားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။


လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၁ ဦးပါဝင်ပြီး ရန်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိသွားသူ တွေကိုတော့ ဆေးကုသမှုခံယူနိုင်ဖို့ ဆေးရုံကို ပို့ဆောင်ထားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

DVB

 


10 Jul 2017     1,265 Views




RELATED

Most Popular of International News

Most Popular of NEWS