BEC-TERO TV

စည်းကမ်းချိုးဖောက်သည့် YBS ယာဉ် ၂၅ စီးကို စီအန်ဂျီထုတ်ခွင့်ယာယီပိတ်

17 Jul 2017     1,222 Views


ရမ်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှချမှတ်ထားသော သတ်မှတ်ထားသော ယာဉ်လိုင်းလမ်းကြောင်းအတိုင်း မမောင်းနှင်ပဲ အပြင်ထွက်မောင်းနှင်ခဲ့သည့် စည်းကမ်းမဲ့ YBS ယာဉ် ၂၅ စီးကို စီအန်ဂျီထုတ်ယူခွင့် ယာယီပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။

YBS ယာဉ်လိုင်းအမှတ် (၇၆၊ ၀၁၊ ၇၁၊ ၁၈၊ ၀၇၊ ၁၀၊ ၃၂၊ ၂၃၊ ၇၇၊ ၁၇၊ ၁၆) တို့မှ တစ်စီးစီပါဝင်ပြီး ယာဉ်လိုင်း (၃၁)မှ ငါးစီး၊ (၄၁)လိုင်းမှ နှစ်စီး၊ (၁၅)လိုင်းမှ လေးစီး၊ (၂၇)လိုင်းမှ သုံးစီး စုစုပေါင်း ၂၅ စီးတို့ကို စီအန်ဂျီထုတ်ယူခွင့် ယာယီပိတ်သိမ်းထားခြင်းဖြစ်သည်။

မော်တော်ယာဉ်များတွင် ဂျီပီအက်စ်စနစ် တပ်ဆင်ထားသည့်အတွက် သတ်မှတ်ထားသည့် လမ်းကြောင်းမှ အပြင်ထွက်မောင်းနှင်မှုကို ထိန်းချုပ်ရေးစင်တာမှ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယာဉ်လိုင်းများအနေနှင့် သတ်မှတ်ယာဉ်လမ်းကြောမှ အပြင်ထွက်မောင်းနှင်မည်ဆိုပါက YRTA ကို အသိပေးအကြောင်းကြားရန်လိုအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌါနမှ အထွေထွေမန်နေဂျာ ဦးလှဋ္ဌေးဝင်းက ပြောကြားခဲ့သည်။

YBS ယာဉ်လိုင်းများ၏ စည်းကမ်းချိုးဖောက်မှုများကို ပြစ်မှုအလိုက် ယာဉ်လိုင်စင်ပိတ်သိမ်းခြင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိပြီး ယခုကဲ့သို့ စီအန်ဂျီယာယီ ပိတ်သိမ်း အရေးယူခြင်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သဖြင့် အချိန်ကာလ မည်မျှကြာမည်ကို အတိအကျမသိရသေးကြောင်း သိရှိရသည်။

သတင်းရင်းမြစ်-7DayDaily




 


17 Jul 2017     1,222 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS