BEC-TERO TV

ကမ္ဘာကြီးမှာ စုပုံလာတဲ့ ပလတ်စတစ်အမှိုက်ပြဿနာ

21 Jul 2017     1,240 Views


ကမ္ဘာမှာ ပလတ်စတစ်ပြဿနာကြီးမားလာပါတယ်။ ကမ္ဘာပေါ်မှာ ရှိနေတဲ့ အမှိုက်တွေက တန်ချိန် ၉.၁ ဘီလျံကျော်( ၈.၃ မက်ထရစ်တန်)ရှိပြီး အများစုက ကုန်းမြေ သို့မဟုတ် သမုဒ္ဒရာထဲကို စုပုံကြတာဖြစ်တယ်လို့ အမေရိကန်သုတေသီတွေက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။ Science Advances ဂျာနယ်မှာဖော်ပြခဲ့တဲ့ အစီရင်ခံစာအရ လက်ရှိအနေအထားမှာ ကုန်းမြေမှာ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်မှာ စွန့်ပစ်တဲ့ပလတ်စတစ်အမှိုက်က ၂၀၅၀ ပြည့်နှစ်ကျရင် တန်ချိန် ၁၃ ဘီလျံကျော် ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။ သည်ပမာဏဟာ နယူးယောက်စီးတီးမှာရှိတဲ့ Empire State အဆောက်အအုံရဲ့ အလေးချိန်ထက်ကို အဆပေါင်း ၃၅၀၀၀ခန့် လေးနေပါတယ်။

“ပလတ်စတစ်အများစုက ဘယ်လိုပဲဖြစ်ဖြစ် ဇီဝနည်းနဲ့မပြိုကွဲနိုင်တဲ့အတွက် လူသားတွေစွန့်ပစ်တဲ့ ပလတ်စတစ် အမှိုက်တွေက နှစ်ပေါင်းရာချီ၊ ထောင်ချီတဲ့အထိ ကျွန်မတို့နဲ့အတူရှိနေနိုင်တယ်။ ကျွန်မတို့ရဲ့ ခန့်မှန်းချက်က အသုံးပြု နေတဲ့ ပစ္စည်းတွေနဲ့ စွန့်ပစ်အမှိုက်စီမံမှုနည်းလမ်းတွေကို စဉ်းစားချင့်ချိန်နိုင်ဖို့ လိုအပ်ချက်ကိုပဲ မီးမောင်းထိုးပြချင်တာ ဖြစ်တယ်”

လို့ ဂျော်ဂျီယာတက္ကသိုလ်မှ Jenna Jambeck ကပြောပါတယ်။ စစ်တမ်းအရ ၂၀၁၅ ခုနှစ်အထိကို ကမ္ဘာမှာရှိလာတဲ့ ပလတ်စတစ်အမှိုက်က တန်ချိန် ၇ ဘီလျံနီးပါး (၆.၃ မက်ထရစ်တန်) ရှိခဲ့တယ်လို့ တွေ့ရှိရပါတယ်။ ပလတ်စတစ်အမှိုက် ၇၉ ရာခိုင်နှုန်းဟာ ကုန်းမြေ သို့မဟုတ် သမုဒ္ဒရာအပါအဝင် သဘာဝပတ်ဝန်းကျင်မှာ စုပုံနေတာ ဖြစ်ပါတယ်။ ပြန်လည်အသုံးချမှုနည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြပေမယ့် ကိုးရာခိုင်နှုန်း လောက်ကိုပဲ ပြန်လည်အသုံးချနိုင်ခဲ့တာဖြစ်ပါတယ်။ နောက် ၁၂ ရာခိုင်နှုန်းခန့်ကိုတော့ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပေမယ့် ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့နည်းလမ်းဖြစ်ပါ တယ်။ ပလတ်စတစ်တွေက ပတ်ဝန်းကျင်မှာ ပျက်စီးဖို့မလွယ်တာကြောင့် ပြန်လည်အသုံးချခြင်းနည်းလမ်းက ပလတ်စတစ်နဲ့ ဆိုရင် အလုပ်သိပ်မဖြစ်လှပါဘူး။ အသုံးများကြတဲ့ ပလတ်စတစ်တွေမှာ ဇီဝနည်းအရပျက်စီးနိုင်တာတစ်ခုမှမရှိပါဘူး။ ပလတ်စတစ်တွေကို ထုတ်ပိုးမှုမှာ အများဆုံးသုံးကြတာဖြစ်ပြီး ပလတ်စတစ်ရေဘူးတွေကို အသုံးပြုပြီးတာနဲ့ စွန့်ပစ်ကြတာဖြစ်ပါတယ်။

“ပလတ်စတစ်တွေမှာ ထက်ဝက်လောက်က သုံးလေးနှစ်လောက်သုံးပြီးရင် စွန့်ပစ်လိုက်တာတွေချည်းပဲ။ ပလတ်စတစ်အမှိုက်တွေထဲမှာ အစိုင်အခဲအမှိုက်တွေက ၁၉၆၀ မှာ တစ်ရာခိုင်နှုန်းတောင်မရှိခဲ့ရာကနေ ၂၀၀၅ ခုနှစ်မှာ လူလတ်တန်းစားနဲ့ ဝင်ငွေများတဲ့နိုင်ငံတွေမှာ ၁၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်” လို့ဖော်ပြခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ သမုဒ္ဒရာထဲကို ပလတ်စတစ်အမှိုက် မက်ထရစ်တန်ချိန် ၈ သန်းရှိလာခဲ့တယ်လို့ ၎င်းသုတေသီ အဖွဲ့က ၂၀၁၅ မှာ ဖော်ပြခဲ့ဖူးပါတယ်။

Credit : Kumudar news

(YSD)


21 Jul 2017     1,240 Views




RELATED

Most Popular of Special or Others

Most Popular of NEWS