BEC-TERO TV

ပန်းရောင်းချသူတွေအနေနဲ့ အခုနှစ်မှာ ရောင်း အားသိသိသာသာကျဆင်းလာ

21 Jul 2017     1,500 Views


ပန်းရောင်းချသူတွေအနေနဲ့ အခုနှစ်မှာ ရောင်း အားသိသိသာသာကျဆင်းလာပြီး အရင်နှစ်နဲ့ နှိုင်းယှဉ်ပါက ရောင်းအားထက်ဝက်ခန့် ကျဆင်းသွားတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်းဝယ်ယူသူနည်းပါးပြီး ရောင်းအား က ပိုမိုကျဆင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

“မနှစ်ကဆိုရင် ဒီအချိန်မှာ မနက်ပိုင်းဖောက်သည်ပေးရတာ နဲ့တင် ငါးသိန်းခြောက်သိန်းဖို့  အသာလေးပဲ၊ ဒီနှစ်ကတော့ မရတော့ဘူး၊ တစ်သိန်းခွဲ နှစ်သိန်း ဖိုးလောက်ပဲ ရောင်းရတယ်၊ ထက်ဝက်လောက်ကျသွားတာပေါ့”လို့ စံပြဈေးက ဘုန်းမြတ်ပိုင် ပန်းရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဦးမြအေးက ပြောပါတယ်။

အခုနှစ်နဲ့ အရင်နှစ်တွေမှာ ပန်းဈေးက သိသိသာသာကြီး ကွာဟမှု မရှိဘဲ ဝယ်သူနည်းပါး တာကြောင့်သာ အရောင်းအဝယ် ကျဆင်းလာတာဖြစ်တယ်လို့ သိရ ပါတယ်။ ပြီးခဲ့တဲ့နှစ်က တစ်ရက်ကို ပန်း အစည်းရေ ၁၀ဝကျော်ပါတဲ့ သေတ္တာ ၂၅သေတ္တာလာက်ကုန် ပေမဲ့ အခုနှစ်မှာတော့ အများဆုံး ၁၃သေတ္တာခန့်သာ ရောင်းရပြီး တချို့နေ့တွေမှာဆိုရင် ပန်းသေတ္တာ ကိုးလုံးခန့်သာ အရောင်းအဝယ်ရှိတယ်လို့ ပန်းရောင်းဝယ်ရေးလုပ်ကိုင်သူ အများစုက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မှာဆိုရင် ဝါဆိုလ ပြည့်နေ့ မတိုင်ခင်နဲ့ ဝါဆိုလပြည့် နေ့ နောက်ပိုင်းတွေမှာ ပန်းရောင်းအားကောင်းခဲ့ပြီး ပစ္စည်းပြတ်လပ် တဲ့ အထိဖြစ်ကာ အခုနှစ်မှာတော့ တစ်ရက်မှာတဲ့ ပစ္စည်းကို နှစ်ရက် ဆက်ရောင်းရတဲ့အထိ ရောင်းအား ကျဆင်းတာဖြစ်တယ်လို့ သိရပါ တယ်။

ပန်းမျိုးစုံ ရောင်းချသူတွေအနေနဲ့ လက်လီရော လက်ကားပါ ရောင်းချရတာဖြစ်ပြီး တစ်ဝက် လက်ငင်း၊ တစ်ဝက်အကြွေးစနစ်နဲ့ ရောင်းချတာဖြစ်ပြီး တချို့ဆိုရင် ရောင်းပြီးမှပေးရတဲ့ပုံစံကိုပါရောင်း ချတယ်လို့  သိရပါတယ်။ “အခုနှစ်က အလှူအတန်းတွေ၊ မင်္ဂလာဆောင်တွေလဲ သိပ်မလာကြဘူး၊ ကိုယ့်ဆိုင်တစ်ဆိုင်တည်း အဲဒီလို မဟုတ်ဘူး ဆိုင်တိုင်းအားလုံးအတူတူပဲ၊ ဖောက် သည်ပေးတယ်ဆိုပေမဲ့ လက်တွဲ တာကြာလာတဲ့ သူဆိုရင် ပစ္စည်း ပိုပေးပြီး ငွေကျန်ထားရတယ်၊ တချို့လဲ ပစ္စည်းယူသွားပါ၊ ရောင်းပြီးမှ ပေးဆိုပြီးလုပ်ရတယ်၊ ကိုယ့်ပစ္စည်းရောင်းရရေးအတွက်ပဲ ဦးစားပေးနေရတယ်၊ ပန်းဆိုတာမျိုး ကလဲ ရက်ရှည်ထားလို့မရတော့ လက်ကျန်မရှိနိုင်အောင်ပဲ ငွေပေါ် ရောင်းနေရတယ်”လို့ သီရိမင်္ဂလာ ဈေးမှာ ပန်းမျိုးစုံရောင်းချတဲ့ ကိုမင်းမင်းက ပြောပါတယ်။

ဂန္ဓမာပန်း၊ သစ္စာပန်း၊ နှင်းဆီ ပန်း၊ ကီလိုရောင်စုံ၊ ပန်းတိမ်ငိုပန်း၊ သပြေစတဲ့ပန်းတွေက ပြင်ဦးလွင်၊ တောင်ကြီး၊ ရမည်းသင်း၊ မှော်ဘီ၊ ပြည်စတဲ့ ဒေသတွေက ဝင်ရောက် တာဖြစ်ပြီး ကျူးလစ်၊ ရွေပဲသီးပန်း၊ ရွေချယ်ရီသီးပန်းစတဲ့ပန်းတွေကတော့ တရုတ်ပြည်ကနေ တိုက်ရိုက်ဝင်ရောက်လာတဲ့ပန်းတွေ ဖြစ်ပါတယ်။ အခုလတွေမှာတော့ တောင်ကြီးနဲ့ ပြင်ဦးလွင်မြို့တွေက အများဆုံးဝင်ရောက်ပြီး အချိန်နှောင်း ဂန္ဓမာပန်းပေါ်ချိန် ဖြစ်ပါတယ်။

“ဈေးကွက်ကတော့ တက်ရင် တက်ဈေး၊ ကျရင်ကျဈေး ရောင်း လို့ရတယ်၊ ရောင်းအားကျတာက လူတွေရဲ့ စီးပွားရေးနဲ့လဲဆိုင်တယ်၊ ဘုရားပန်းဆိုတာ စားကုန်မဟုတ်တော့ သိပ်ပြီးမမက်ကြဘူး၊ သိသိသာသာ ကျသွားတာပေါ့” လို့ လင်းလက်မာန် ပန်းမျိုးစုံ လက်လီ လက်ကား ဖြန့်ချိရေးလုပ်ငန်းပိုင်ရှင် ဒေါ်ခင်သာက ပြောပါတယ်။

အခုအချိန် ဝါတွင်းကာလဖြစ် တာကြောင့် မင်္ဂလာအခမ်းအနားတွေအတွက် လာရောက်ဝယ်ယူ သူ မရှိတော့တာ၊ အလှူပွဲတွေ နည်းပါးသွားတာကြောင့်လည်း အခုလအတွင်းမှာ ရောင်းအား သိသိသာသာကျဆင်းလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နောက်ပိုင်းပန်းပေါ် ချိန်ဖြစ်ပြီး ပန်းအပွင့်သေးသာ ထွက်ရှိတာကြောင့်လည်း အခမ်းအနားပွဲအလှပြင်သူတွေအနေနဲ့ အသုံးနည်းပြီး အပွင့်ကြီးတဲ့ တရုတ်ပန်းတွေကိုသာ ဝယ်ယူမှု များတာကြောင့် ရောင်းအားကျ ဆင်းတာဖြစ်တယ်လို့ သိရပါတယ်။

Credit : kumudranews

(မေသော်တာမောင်)


21 Jul 2017     1,500 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS