BEC-TERO TV

အမေရိကန် လေယာဉ်တစ်စီးကို တရုတ် တိုက်လေယာဉ်များ နှောင့်ယှက်ခဲ့ဟု ပင်တဂွန် စွပ်စွဲ

25 Jul 2017     1,233 Views


အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိက တရုတ်၏ J-10 တိုက်လေယာဉ်များ ဇူလိုင် ၂၃ ရက်က အမေရိကန်၏ EP-3 ကင်းထောက်လေယာဉ်၏ ရှေ့ဘက် ပေ ၃၀၀ နီးပါးထိ ချဉ်းကပ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုအချိန်တွင် အမေရိကန် လေယာဉ်သည် နိုင်ငံတကာ လေပိုင်နက်ထဲ ပျံသန်းနေကြောင်းလည်း ၎င်းက ဆိုသည်။ တရုတ်သည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့ကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ် ကြေညာထားသော်လည်း အမေရိကန်ကမူ နိုင်ငံတကာ ရေပိုင်နက် အဖြစ်သာ အသိအမှတ်ပြု ယူဆထားသည်။ ထို့ကြောင့် ယခင်ကလည်း အမေရိကန် လေယာဉ်များ ကင်းလှည့်ပျံသန်းချိန်တွင် တရုတ်ရေတပ်နှင့် လေတပ်က နှောင့်ယှက်သည့် အခြေအနေများ ဖြစ်ပေါ်ဖူးသည်။

“အမေရိကန်ရဲ့ EP-3ဟာ နိုင်ငံတကာ အရှေ့တရုတ်ပင်လယ် နိုင်ငံတကာ လေပိုင်နက်ထဲမှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တရုတ်ရဲ့ J-10 နှစ်စီးက ချဉ်းကပ်လာတာပါ”ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ အမေရိကန် ရေတပ်ဗိုလ်ကြီး ယက်ဖ်ဒေးဗစ်က ဆိုသည်။

တရုတ်လေယာဉ်များ၏ လုပ်ရပ်သည် လုံခြုံရေး ရှုထောင့်မှ ကြည့်လျှင် ဆိုးရွားလွန်းပြီး အမေရိကန် လေယာဉ်က မြန်နှုန်းမြင့်မြင့် ပျံသန်းနေခြင်းကြောင့် မတော်တဆ ချွတ်ချော်ပြီး ထိခိုက်မှုများ ဖြစ်သွားနိုင်ကြောင်းလည်း ဒေးဗစ်က ဝေဖန်ခဲ့သည်။ တရုတ်ကမူ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မျှ တိတိကျကျ မပေးသေးချေ။ တရုတ်သည် အရှေ့ တရုတ်ပင်လယ် ရေပြင်ဧရိယာ တစ်ခုလုံးကို ၎င်းတို့၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အဖြစ် ကြေညာထားသည်။ ပြီးခဲ့သည့် လပိုင်းအတွင်း တရုတ်နှင့် အမေရိကန် လေယာဉ်များ ယခုလို အငြင်းပွားဖွယ် ပြဿနာများ ဖြစ်ပေါ်ခဲ့ဖူးသည်။ မေလအတွင်းကလည်း J-10နှစ်စီးသည် အမေရိကန် ကင်းထောက် လေယာဉ် တစ်စီးကို တောင်တရုတ်ပင်လယ် ရေပြင်တွင် နှောင့်ယှက် ပျံသန်းခဲ့ဖူးကြောင်း သိရှိရသည်။

Credit : 7daydaily


25 Jul 2017     1,233 Views




RELATED

Most Popular of International News

Most Popular of NEWS