BEC-TERO TV

မြောက်ဒဂုံနှင့် တောင်ဥက္ကလာပ ဆက်သွယ်ထားသည့် ငမိုးရိပ်တံတားသစ် စက်တင်ဘာလအတွင်း ဖွင့်လှစ်ရန်ရှိ

27 Jul 2017     1,312 Views


ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်တို့ ဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်းကူးတံတား (သစ္စာလမ်း) အား စက်တင်ဘာလအတွင်း ဖွင့်လှစ်သွားရန်ရှိကြောင်း သိရှိရသည်။


တံတားတည်ဆောက်မှု ပြီးမယ့်ရက်က စက်တင်ဘာ လ ၅ ရက်နေ့ပါ။ အဲ့ဒါပြီးမှ ဖွင့်မဲ့ရက်က သတ်မှတ်မှာ ဖြစ်တယ်။ ဖွင့်ပွဲမတိုင်ခင် ကားတွေ ဖြတ်မောင်းခွင့်ပေးမယ့်ကိစ္စကတော့ သူတို့ အခြေအနေပေါ် မူတည်ပြီး လုပ်သွားဖို့ ရှိတယ်။ အဓိကကတော့ တံတားကြီးပြီးဖို့ စီမံကိန်းက ကြိုးစားနေပါတယ်” ဟု ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောကြားသည်။


ငမိုးရိပ်ချောင်းကူးတံတား(သစ္စာလမ်း) သည် နှစ်လမ်းသွား တံတားအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး တံတားအရှည်မှာ ၁၇၅ ပေခန့်ရှည် လျားကြောင်း သိရသည်။ လက်ရှိအချိန်တွင် 60m Span Box Girder တပ်ဆင်ခြင်း လုပ်ငန်းအချို့ ပြီးစီးသည်။ ကျန်ရှိနေသေးသည့် တပ်ဆင်ခြင်း လုပ်ငန်းများ လမ်းခင်းခြင်း လုပ်ငန်းများစသဖြင့် အချောသပ်လုပ်ငန်း အပိုင်းများအား ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။


ငမိုးရိမ်ချောင်းကူး တံတား(သစ္စာလမ်း)အား တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ၅.၂ ဘီလီယံ အကုန်ကျခံကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
ငမိုးရိပ်ချောင်းကူးတံတားကို တည်ဆောက်ရန်အတွက် လျှောက်လွှာများ ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက တင်ဒါခေါ်ယူခဲ့ရာတွင် မြတ်နိုးသူ ဆောက်လုပ်ရေးကုမ္ပဏီမှ တင်ဒါအောင်ပြီး တာဝန်ယူ တည်ဆောက်ခွင့် ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။


ဦးတင်ထွန်းနိုင်က “တင်ဒါရတဲ့ကုမ္ပဏီက ခြောက်လအတွင်း တည် ဆောက်ရမှာပါ။ ဒီတံတားကြီးသာ ပြီးစီးသွားမယ်ဆိုရင် မြောက်ဒဂုံ အတွက် ယာဉ်ကြော ကျပ်တည်းမှုတွေ လျော့ကျပြီးတော့ မြို့ထဲကို အချိန်တိုတိုနဲ့ ရောက်နိုင်မယ်” ဟု ပြောသည်။


ဓာတ်ပုံ- Nyein Chan Iron ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြသည်။
သတင်းရင်းမြစ်−The Ladies News

 


27 Jul 2017     1,312 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS