BEC-TERO TV

နှစ် ၉၀၀ သက်တမ်းရှိ ဆေးစိမ်အမျိုးသားအလောင်းများအနီးက ဝင်ရိုးစွန်းမင်းသမီးရုပ်အလောင်း

07 Aug 2017     1,269 Views


အာတိတ်စက်ဝိုင်းနားမှာ အံ့သြဖွယ်ရာ “ဝင်ရိုးစွန်း မင်းသမီး” ဆေးစိမ်မံမီ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ရုပ်အလောင်းရဲ့မျက်တောင်ရှည်တွေနဲ့ ဆံပင်တွေက နှစ်ပေါင်း ၉၀၀ သက်တမ်းရှိပြီဖြစ်ပေမယ့် မပျက်မစီးဘဲ ရှိနေသေးတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၁၂ ရာစုလောက်က ဝင်ရိုးစွန်းဒေသက အလွန်အေးတဲ့ နက်ရှိုင်းမြေလွှာမှာ သူမအလောင်းကို ကော့ပါး သားမွှေးအမျှင်တွေနဲ့ ရစ်ပတ်ကာ မြှုပ်နှံထားပြီး အဲ့ဒီအမျှင်တွေကို သိပ္ပံပညာရှင်တွေ ဖယ်ရှားလိုက်တဲ့အချိန်မှာ ဆေးစိမ်အလောင်းရဲ့ စိတ်ဝင်စားဖွယ် မျက်နှာနဲ့ အသွင်အပြင်တွေကို ရှင်းရှင်းလင်းလင်း မြင်ရတယ်လို့ ဆိုပါတယ်။ အသက် ၃၅ နှစ်အရွယ်မှာ အမျိုးသားဆေးစိမ်အလောင်း ၃ ဒါဇင်အနီးအနား မြှုပ်နှံခံရတဲ့ တဦးတည်းသော အမျိုးသမီး မံမီရုပ်အလောင်းဖြစ်ပြီး သူမ ဒီအသက်အရွယ်မှာ ဘာလို့ မထင်မှတ်ပဲ/သဘာဝအတိုင်း ဆေးစိမ်ခံ ရုပ်အလောင်းဖြစ်ရတယ်ဆိုတာကတော့ အံ့သြဖွယ်ရာ ဖြစ်နေပါတယ်။ ရုပ်အလောင်းရဲ့ တခေါင်းလုံးက ဆံပင်တွေ မျက်တောင်တွေနဲ့ သွားတွေကလည်း မပုတ်သိုး မပျက်စီးသေးဘူးလို့ ဆိုပါတယ်။

ရုပ်အလောင်းရဲ့ မျက်နှာပေါ်က အစိမ်းရောင်အနည်းငယ်က သူမကို အကာအကွယ်ပေးထားတဲ့ ကော့ပါးရဲ့ အရောင်တွေဖြစ်ပြီး အဲ့ဒီကော့ပါးတွေကပဲ သူမကို မထင်မှတ်ပဲ ဆေးစိမ်ရုပ်အလောင်း ဖြစ်သွားစေတာလို့ ရှေးဟောင်းသုတေသန ပညာရှင်တွေက ယူဆနေကြပါတယ်။ ရုရှားနိုင်ငံ ဆလက်ဟာ့ဒ်မြို့ရဲ့ သင်္ချိုင်းမြေနေရာမှာ ရှေးဟောင်းသုတေသီတွေ တူးဖော်ခဲ့တဲ့ အမျိုးသား ဂူပေါင်း ၃ ဒါဇင်ထဲမှာ တဦးတည်းသော အမျိုးသမီး ဆေးစိမ်ရုပ်အလောင်းဖြစ်တယ်လို့ သည်ဆာဘီးယန်းတိုင်းမ်စ်သတင်းမှာ ဖော်ပြထားပါတယ်။ သူမက လျှို့ဝှက်ဆန်းကြယ်တဲ့ အလယ်ခေတ် ငါးမျှား သားကောင်လိုက်တဲ့ လူ့အဖွဲ့အစည်းထဲက တဦးဖြစ်ပြီး အာတိတ်ဒေသမှာ အုပ်ချုပ်သူဖြစ်ပေမယ့် ပါရှားအဆက်အနွယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသင်္ချိုင်းမြေဟာ အမျိုးသားတွေကို မြှုပ်နှံတဲ့ နေရာလို့ အစမှာ ထင်ခဲ့ပြီး သင်္ချိင်းမြေနေရာထဲမှာ သူမတဦးတည်း ဘာလို့ အမျိုးသမီး ရုပ်အလောင်းအဖြစ် တွေ့တယ်ဆိုတာကို ရှေးဟောင်းသုတေသီတွေက ပဟေဠိဖြစ်နေကြတာပါ။

ဒါကြောင့် ဒီမံမီရုပ်အလောင်းက သူမလူ့အဖွဲ့အစည်းရဲ့ အထက်လွှာ အမျိုးသမီးဖြစ်နိုင်ပြီး အေးတဲ့ ဒေသမှာ နေခဲ့တာ၊ ဦးခေါင်းခွံနားမှာ နားထင် အလှတပ်ဆင်တဲ့ ကွင်းတွေ တွေ့ပေမယ့် သူမရဲ့ ဂူမှာ ဘာကျောက်မျက်ရတနာမှ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။ ဦးခေါင်းက မပုတ်သိုးမပျက်စီးပေမယ့် ကျန်တဲ့ခန္ဓာကိုယ်ကတော့ ပျက်စီးသွားတယ်လို့ သိရပါတယ်။ သူမသင်္ချိုင်းဂူနားမှာ မိန်းကလေးဖြစ်ပုံရတဲ့ ကလေးငယ် ရုပ်အလောင်းတခု တွေ့ပေမယ့် အသက်လတ်အရွယ် အမျိုးသမီးရုပ်အလောင်းနဲ့ မဆက်စပ်ဘူးလို့ ဆိုပါတယ်။

ကျနော်တို့က ဒီသင်္ချိုင်းမှာ ဦးဆုံးအရွယ်ရောက် အမျိုးသားအလောင်းတွေနဲ့ ကလေးတွေပဲတွေ့ခဲ့တာ။ မိန်းမဆေးစိမ်အလောင်း တွေ့ချိန်မှာတော့ ဒီသင်္ချိင်းနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့အယူအဆလည်း လုံးဝပြောင်းသွားတယ်လို့ ရုရှအာတိတ် သုတေသနဌာနက သုတေသီတဦးဖြစ်တဲ့ အလက်ဆန်းဒြားက ပြောပါတယ်။ ရှေးခေတ်အာတိတ် ရေခဲပြင်ဒေသမှာ နေထိုင်သူတွေရဲ့ အကြောင်းကို ပိုမို သိရှိနားလည်နိုင်အောင် တောင်ကိုရီးယားနဲ့ ရုရှားသုတေသီတွေက အသေးစိတ်လေ့လာ ဆန်းစစ်မှု လုပ်မှာဖြစ်ပြီး အမျိုးသမီးရဲ့မျက်နှာကို ပုံဖော်နိုင်မယ်လို့ တောင်ကိုရီးယား သုတေသီကလည်း မျှော်လင့်နေကြောင်း သည်ဆန်းသတင်းမှာ သြဂုတ်လ ၄ ရက်နေ့က ဖော်ပြထားပါတယ်။

Credit : burmese.dvb.no


07 Aug 2017     1,269 Views




RELATED

Most Popular of International News

Most Popular of NEWS