BEC-TERO TV

အမေရိကန် ရှားလော့တက်စ်ဗယ်လီမြို့မှာ လူဖြူလူမျိုးကြီးဝါဒီတွေရဲ့ ဆန္ဒပြပွဲ၊ လမ်းပေါ်ရန်ပွဲတွေဖြစ်

14 Aug 2017     1,250 Views


ရှားလော့တက်စ်ဗယ်လီမြို့မှာ လူဖြူလူမျိုးကြီးဝါဒီတွေရဲ့ ဆန္ဒပြပွဲတွေကြောင့် ကသောင်းကနင်းအခြေအနေ ဖြစ်ခဲ့ပြီး ဒီဖြစ်ရပ်ကို လိုအပ်သလောက်မတုံ့ပြန်ခဲ့တဲ့ သမ္မတထရမ့်လည်း ဝေဖန်ပြစ်တင်ခံနေရပါတယ်။ အဲဒီမြို့မှာ အစွန်းရောက်လက်ယာယိမ်းစုစည်းမှုတွေကို တန်ပြန်ဆန့်ကျင်တဲ့လူအုပ်ကို ကားတစ်စီးနဲ့ဝင်တိုက်တဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးပြီး လူ ၁၉ ဦးဒဏ်ရာရခဲ့ပါတယ်။ FBI က အခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အရပ်ဘက်အခွင့်အရေးစုံစမ်းမှုတစ်ခုကို ပြုလုပ်နေပါတယ်။ အစောပိုင်းက လူဖြူအမျိုးသားရေးဝါဒီတွေနဲ့ သူတို့ကိုဆန့်ကျင်ဆန္ဒပြသူတွေကြား လမ်းပေါ်မှာ ရန်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ရှေ့နေချုပ် ဂျက်ဆက်ရှင်က ” ရှားလော့တက်စ်ဗယ်လီမြို့ဆန္ဒပြပွဲရဲ့ အကြမ်းဖက်မှုနဲ့ သေဆုံးမှုတွေဟာ အမေရိကန်ဥပဒေနဲ့ တရားစီရင်ရေးအချက်အခြာကို ထိခိုက်တယ်။

“လူမျိုးရေးဆိုင်ရာ တယူသန်သဘောထားတွေ၊ အမုန်းတရားတွေကနေ အဲဒီလိုလုပ်ရပ်တွေ ဖြစ်ပေါ်လာရင် ဒါတွေဟာ ကျွန်တော်တို့ရဲ့ အမာခံတန်ဖိုးတွေကို သွေဖယ်ရာရောက်ပြီး သည်းခံလို့ မဖြစ်ပါဘူး” လူအုပ်ထဲ ကားကို မောင်းဝင်တဲ့ အိုဟိုင်းယိုးပြည်နယ်က အသက် ၂၁ နှစ်အရွယ် ဂျိမ်းစ်ဖီးကို လူသတ်မှုနဲ့ ချုပ်နှောင်ထား ပါတယ်။

ကားတိုက်မှုကြောင့် ဒဏ်ရာရသူတွေအပြင် လက်ယာယိမ်းစုဝေးမှုနဲ့ဆက်စပ်တဲ့ တခြားအကြမ်းဖက်မှုတွေကြောင့် လူ ၁၅ ဦး ဒဏ်ရာရကြောင်း ရှားလော့တက်စ်ဗယ်လီရဲတပ်ဖွဲ့က ဆိုပါတယ်။ သမ္မတထရမ့်ကတော့ အဖွဲ့ပေါင်းစုံ၊ ဘက်ပေါင်းစုံကလူတွေရဲ့ အကြမ်းပတမ်းလုပ်ရပ်တွေကို သူရှုတ်ချတယ်လို့ နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် လက်ယာစွန်းရောက်တွေရဲ့ အကြမ်းဖက်ရန်လိုမှုတွေကို သူက နာမည်တပ် ရှုတ်ချ ခဲ့ခြင်းမရှိတဲ့အတွက် ဝေဖန်မှုတွေ ခံနေရပါတယ်။ နေ့လည်ပိုင်းမှာ ဗာဂျင်နီးယားပြည်နယ်ရဲရဟတ်ယာဉ်တစ်စင်းဟာ မြို့အနောက်တောင်ဘက် သစ်တောထဲပျက်ကျပြီး ရဲအရာရှိနှစ်ဦးသေဆုံးခဲ့ပါတယ်။ ရဟတ်ယာဉ်ဟာ ရုန်းရင်းဆန်ခတ်မှုတွေကို စောင့်ကြည့်တဲ့ စစ်ဆင်ရေးထဲ ပါဝင်ပါတယ်။ “လက်ဝဲ၀ါဒ စုစည်းကြ” ဆိုတဲ့ စုဝေးမှုဟာ အမေရိကန်ပြည်တွင်းစစ်အတွင်း ကျေးကျွန်ပြုရေးကိုလိုလားတဲ့ မဟာမိတ် နိုင်ငံများအဖွဲ့ထူထောင်ရေးကြိုးပမ်းခဲ့သူ ဗိုလ်ချုပ်ကြီး ရောဘတ်အီးလီရဲ့ရုပ်တုကို ဖယ်ရှားမယ့် စီမံကိန်းကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး မစ္စတာ မက်အောလစ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ “ဒီနေ့ ရှားလော့တက်စ်ဗယ်လီမြို့ကို ရောက်လာတဲ့ လူဖြူကြီးစိုးရေးဝါဒီတွေ၊ နာဇီတွေအားလုံးကို ကျွန်တော့်မှာ ပြောစရာစကားတစ်ခွန်းရှိတယ်။ ကျွန်တော်တို့ပြောချင်တာ ရိုးရိုးရှင်းရှင်းလေးပါ။ အိမ်တန်းပြန်ကြပါ။ ခင်ဗျားတို့ကို ဒီကြီးမြတ်တဲ့ ဓနသဟာယအဖွဲ့အစည်းက မလိုလားဘူး။ ကိုယ့်ကိုယ်ကိုယ် ရှက်ကြပါ။ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် မျိုးချစ်လို့ ဟန်ဆောင်နေတယ်။ ဒါပေမယ့် မျိုးချစ်ပုဂ္ဂိုလ် လုံးဝမဟုတ်ဘူး။ “ခင်ဗျားတို့ ဒီနေ့ ဒီကိုလာတာ လူတွေ ထိခိုက်အောင်လုပ်ဖို့။ လူတွေကို ထိခိုက်အောင်လည်း လုပ်ပြီးပြီ။ ဒါပေမယ့် ကျွန်တော်ပြောတာက ရှင်းတယ်။ ခင်ဗျားတို့ထက် ကျွန်တော်တို့က ပိုအားကောင်းတယ်” ဒီမိုကရက်တစ်ဦးဖြစ်တဲ့ အုပ်ချုပ်ရေးမှူးက သူဟာ သမ္မတထရမ့်နဲ့ စကားပြောခဲ့ပြီး ပြည်သူတွေကို စုစည်းပေးမယ့် လှုပ်ရှားမှုတစ်ခု စတင်လုပ်ပေးဖို့ နှစ်ကြိမ်တိုင်တိုင် တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ လစ်ဘရယ်ကောလိပ်မြို့ကလေးဖြစ်တဲ့ ရှားလော့တက်စ်ဗယ်လီမြို့မှာ အကြမ်းဖက်မှုဟာ အမေရိကန်မှာ သမ္မတထရမ့် ရွေးကောက်ခံရပြီးနောက် ကျယ်ပြန့်လာတဲ့ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကို ပြတ်ပြတ်ထင်ထင် သရုပ်ပြခြင်း ဖြစ်ပါတယ်။

လက်ယာစွန်းဘလော့ဂါ ဂျက်ဆက်ကက်စလာက “လူဖြူလိုလားတဲ့” စုဝေးမှုလုပ်ဖို့ တိုက်တွန်းပြီး လူဖြူအမျိုးသားရေးဝါဒီ တွေက စုဝေးမှုကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။ အစွန်းရောက်မှုဆိုင်ရာ နာမည်ဖျက်မှုဆန့်ကျင်ရေးကလပ် အုပ်ချုပ်ရေးမှူး အော်ရန်ဆီးဂါးက လူဖြူအင်အားစုအဖွဲ့ အများအပြား တက်ရောက်ခဲ့ပြီး အဲသည်အထဲမှာ နာဇီလက်သစ်တွေနဲ့ ကူကလက်စ်ကလန်းအဖွဲ့ငယ်တွေ ပါဝင်ပါတယ်။ တချို့တွေက “ငါတို့နေရာကို မင်းတို့ အစားမထိုးနိုင်ဘူး” နဲ့ “ဂျူးက ငါတို့ကို အစားမထိုးနိုင်ဘူး” စတဲ့ အသံတွေ ဟစ်ကြွေး ခဲ့ကြောင်း နယူးယောက်တိုင်းက ဖော်ပြပါတယ်။ အဆိုပါနေရာမှာ လူမျိုးခွဲခြားမှု ဆန့်ကျင်ရေးအဖွဲ့တွေဖြစ်တဲ့ Black Lives Matter အဖွဲ့တွေကလည်း ဆန္ဒပြခဲ့ကြပါတယ်။

Credit : kumudranews

စုပြည့်စုံ


14 Aug 2017     1,250 Views




RELATED

Most Popular of International News

Most Popular of NEWS