BEC-TERO TV

ဝမ်းတွင်းမြို့တွင် သောက်သုံးရေတွင်း ၂ တွင်း ပိုးသတ်ဆေး အခတ်ခံရ

20 Aug 2017     1,266 Views


မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဘုရားစုကျေးရွာအုပ်စု ကန်သစ်ရွာ ရန်ကုန်-မန္တလေးလမ်းဟောင်းအနောက်ဘက် ပေ ၃၀၀ အကွာ အောင်မင်္ဂလာရေကန်အနီးက သောက်သုံးရေတွင်း ၂ တွင်းမှာ သြဂုတ် ၁၈ ရက် မနက်က ရွှေဆိုက်ပါ ပိုးသတ်ဆေး ခတ်သွားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။


ရွာအုပ်ချူပ်ရေးမှူး ဦးကြည်မြင့်က “ရေတွင်းထဲက ပိုးသတ်ဆေးအနံ့ ရနေတယ်၊ ရေအရောင်က အဖြူရောင် ဖြစ်နေတယ်ဆိုတာ ရေခပ်သွားသူတယောက်က လာပြောတယ်၊ ဒါနဲ့လိုက်ကြည့်တော့ ပလတ်စတစ်ဆေးဘူးခွံ ဆိုတော့ ပေါလောပေါ်နေတယ်၊ ဆေးဘူး ၂ ဘူးက ဆေးရည်တွေ ရှိနေသေးတယ်၊ ငရုတ်ခင်း၊ ဝါခင်းတွေကို ပိုးကျရင် ဖြန်းတဲ့ဆေးပါ၊ အသိမြန်လို့ လူတွေ ဘာမှ မဖြစ်လိုက်ဘူး၊ အောက်တန်းကျတဲ့ လုပ်ရပ်ပဲဗျာ”လို့ပြောပါတယ်။


နယ်ထိန်းတပ်ကြပ်မင်းသိန်းက “ဘယ်သူ လုပ်တယ် စုံစမ်းနေပါတယ်။ ရွာကလူတွေ ရေမသုံးမိပါဘူး။ ရေစုပ်စက် ၂ လုံးနဲ့ ရေတွေ စုပ် ထုတ်ပစ်နေတယ်။ ကျန်မားရေးဌာနက ဓာတ်ခွဲစမ်းသပ်ပြီး ဆေးမရှိတော့ဘူးဆိုမှ အသုံးပြုမှာပါ” လို့ ပြောပါတယ်။


ရေတွင်းအနက်ပေ ၅၀ ရေအနက် ရ ပေရှိ ၁ တွင်း နဲ့ အလျားအနံ ၅ ပေစီရှိတဲ့ လေးထောင့်တွင်း ၁ တွင်းတို့ဖြစ်ပြီး အိမ်ထောင်စု ၂၀၀ လောက် အသုံးပြုနေတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

DVB TV News
 


20 Aug 2017     1,266 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS