BEC-TERO TV

အန္ဒိယတွင် အိမ်သာမရှိလို့ လင်မယားကွာရှင်းခွင့်တောင်း

21 Aug 2017     1,342 Views


နေအိမ်တွင် အိမ်သာမရှိသောကြောင့် လင်မယားကွာရှင်းပေးပါရန် အန္ဒိယနိုင်ငံ တရားရုံးတစ်ခု၌ ဦးတိုက်လျှောက်ထားသော ဇနီးသည်က အမှုအနိုင်ကာ လင်မယားကွာရှင်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ၏ ထိမ်းမြားခြင်းဥပဒေအရ လင်မယားကွာရှင်းရန် အလွန်ခက်ခဲပြီး ရက်စက်သောအပြုအမူမျိုး ထင်ရှားခြင်း၊ ငွေရေးကြေးရေးပြသနာများ ထင်ရှားမှသာ ကွာရှင်းခွင့်ပေးလေ့ရှိသည်။ အိမ်ထောင်သက်တမ်း ၅ နှစ်ကြာတဲ့အထိ ယောက်ျားဖြစ်သူက အိမ်အတွင်း၌ အိမ်သာဆောက်ပေးရန် ပျက်ကွက်ခဲ့ပြီး အိမ်အပြင်ဘက်မှာ ခက်ခဲစွာ အခင်းသွားစေခဲ့တဲ့အတွက် အလွန်ရက်စက်ရာရောက်တယ်လို့ သတ်မှတ်ပြီး ရာဂျာစသန်ပြည်နယ် အနောက်မြောက်ပိုင်းရှိ တရားရုံးက သြဂုတ်လ ၁၈ ရက် သောကြာနေ့က ဆုံးဖြတ်ခဲ့ပြီး လင်မယားကွာရှင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။

တရားသူကြီးဖြစ်သူ ရာဂျန်ဒရာ ကူးမား ရှာမာက “ရွာတွေမှာရှိတဲ့ အမျိုးသမီးတွေဟာ အိမ်အတွင်းမှာ အိမ်သာမရှိကြတာများတဲ့အတွက် အခင်းသွားဖို့အတွက် မှောင်လာတဲ့အထိ စောင့်ကြရပါတယ်၊ အဲဒီအခါမှာ အောင့်အီးထားရတဲ့အတွက် နာကျင်မှုဝေဒနာကို မကြာခဏဆိုသလို ခံစားကြရပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။

တရားသူကြီးက အိန္ဒိယမှာ အဖြစ်များတဲ့ အဓိကကျန်းမာရေးပြသနာကို လှစ်ဟပြခဲ့သလို တရားလိုအမျိုးသမီးရဲ့ ရှေ့နေဖြစ်သူ ရာဂျက်ရှ် ရှာမာကလည်း အမျိုးသမီးတွေကို အိမ်အပြင်မှာ အခင်သွားခိုင်းတာဟာ အရှက်ရစေသလို နှိပ်စက်ရာလဲရောက်ကြောင်း ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း သတို့သားက အိမ်သာဆောက်ပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် သတို့သမီးဘက်မှ မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့တာမျိုး ဖြစ်ပျက်ခဲ့ပါသေးတယ်။ ဇွန်လတုန်းကလည်း အိမ်သာမဆောက်ပေးတဲ့အတွက် ယောက္ခမအိမ်ကို ပြန်လာဖို့ ဇနီးသည်တစ်ဦးက ငြင်းဆန်ခဲ့ပါတယ်။

ဝန်ကြီးချုပ် နာရန်ဒါ မိုဒီက ၂၀၁၉ ခုနှစ်မှာ နိုင်ငံနဲ့အဝှမ်း အိမ်တိုင်းမှာ အိမ်သာရှိအောင် ဖော်ဆောင်ပေးမယ်လို့ ကတိပြုထားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က စတင်ကာ အိမ်သာအလုံးပေါင်း သန်း ၂၀ တည်ဆောက်ပေးထားပြီဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

သတင်းရင်းမြစ်−AFP


21 Aug 2017     1,342 Views




RELATED

Most Popular of International News

Most Popular of NEWS