BEC-TERO TV

ဘန်ကောက်တွင် ATM စက်ဖောက်ခွဲပြီး ငွေသေတ္တာခိုးခံရ

14 Sep 2017     1,237 Views


ထိုင်းနိုင်ငံ ဘန်ကောက် ပရဝေ့ခ်ျနယ်မြေထဲမှာ ဒီကနေ့မနက်စောစောက အေတီအမ်ငွေထုတ်စက်တလုံး ဖောက်ခွဲခံရပြီး အထဲကငွေသေတ္တာ အခိုးခံခဲ့ရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။


စက်တင်ဘာ ၁၃ ရက် မနက် ၄ နာရီလောက်က ပရဝေ့ခ်ျနယ်မြေ ဆဖန်းဆုန်ရပ်ကွက် လိုတတ်စ်ကုန်တိုက်ရှေ့ အေတီအမ်စက်မှာ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက်  တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ကုန်တိုက်မျက်နှာချင်းဆိုင် ယာဉ်ရပ်နားရာ နေရာအနီး ပေါက်ကွဲစတွေ ပြန့်ကြဲနေတဲ့ ဘန်ကောက်ဘဏ် အေတီအမ်စက်အပိုင်းအစတွေ တွေ့ရတာလို့ ပရဝေ့ခ်ျနယ်မြေရဲစခန်း တာဝန်ကျရဲမှူး ကစ်သီဖုန်းဆွန်ဆုန်းဝိဖတ်က သတင်းထောက်တွေကို ပြောပါတယ်။


ပေါက်ကွဲပျက်စီးစတွေဟာ ၁၅ မီတာအကွာထိ လွှင့်စင်သွားပြီး ငွေထည့်တဲ့သေတ္တာ အခိုးခံရကာ ဆုံးရှုံးမှုပမာဏကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မျက်မြင်သက်သေတဦးဖြစ်တဲ့ လိုတတ်စ်ကုန်တိုက် ညစောင့်တဦး ပြောပြချက်အရ သူဟာ အစောင့်တာဝန် ထမ်းဆောင်နေရင်း ဒီမနက် ၃ နာရီကျော်လောက်မှာ ပေါက်ကွဲသံတခု ကြားလိုက်ရကြောင်း၊ ပေါက်ကွဲရာဘက် ကြည့်လိုက်ရာမှာ မီးလောင်နေတာတွေ့ရတဲ့အတွက် အရေးပေါ်မီးသတ်ဘူးယူပြီး မီးသွားငြှိမ်းဖို့ ပြင်နေစဉ် အရပ်မြင့်မြင့်၊ ဂျာကင်အင်္ကျီအနက်၊ ဘောင်းဘီအနက်ဝတ်၊ ဆိုင်ကယ်ဦးထုပ်အဖြူဆောင်းထားတဲ့ အမျိုးသားတဦး အခင်းဖြစ်တဲ့နေရာကနေ ဆိုင်ကယ်စီးပြီး ဆီနတ်ခလင်းလမ်းဘက် မောင်းထွက်သွားတာ မြင်လိုက်တယ်လို့ ဆိုပါတယ်။


တခြားသက်သေတဦးကတော့ သူဟာ ကုန်တိုက်အနီး အိမ်ခန်းထဲ အိပ်နေစဉ် ပေါက်ကွဲသံကြားလို့ အိမ်ပြတင်းဝကနေ ထကြည့်ခဲ့ကြောင်း၊ အဲဒီအခါမှာ အေတီအမ်စက် မီးလောင်နေတာတွေ့ရပြီး အရပ်မြင့်မြင့် အမျိုးသားတဦးက လေးထောင့်သေတ္တာတလုံး ဆွဲလာကာ ဆိုင်ကယ်ပေါ်တင်ပြီး ထွက်သွားတာ တွေ့ရကြောင်း၊ သူ့ရဲ့ဆိုင်ကယ်မှာတော့ နံပတ်ပြားတပ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။
ရဲစခန်းက အဲဒီဖောက်ခွဲမှုမှာ အေတီအမ်စက်ရဲ့ ဘယ်ဘက်က အုတ်နံရံကိုပါ ထိခိုက်ကွဲအက်စေတဲ့အတွက် အပြင်းစားဗုံးကို အသုံးပြုပြီး ဖောက်ခွဲခဲ့တာလို့ သုံးသပ်ထားပါတယ်။

သတင်းရင်းမြစ် - DVB
 


14 Sep 2017     1,237 Views




RELATED

Most Popular of International News

Most Popular of NEWS