BEC-TERO TV

အောင်လအန်ဆန်းနှင့်စိန်ခေါ်ပွဲယှဉ်ပြိုင်ထိုးသတ်မည့် တိုက်ခိုက်ရေးကစားသမားကို အတည်ပြု

19 Sep 2017     1,526 Views


One Championship ပြိုင်ပွဲကျင်းပရေးကော်မတီသည် လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား MMA တိုက်ခိုက်ရေးကစားသမား အောင်လအန်ဆန်းအတွက် စိန်ခေါ်ပွဲစဉ်တစ်ပွဲ စီစဉ်လိုက်ပြီဖြစ်ကာ ယင်းပွဲစဉ်တွင် အောင်လအန်ဆန်းရင်ဆိုင်ရမည့် MMA တိုက်ခိုက်ရေးကစားသမားမှာ ဟောင်ကောင်ကို ကိုယ်စားပြုထိုးသတ်နေသည့် ကင်မရွန်းနွယ်ဖွား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား အလိန်းဂါလာနီဖြစ်ကြောင်း One Championship က ဖော်ပြထားသည်။ ရုရှားကိုယ်ခံပညာစုံ တိုက်ခိုက်ရေးကစားသမား ဗိုင်တာလီ ဘစ်ဒစ်ရှ်ကို အနိုင်ယူ၍ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုကို ဆွတ်ခူးရယူထားသည့် အောင်လအန်ဆန်းသည် ဂါလာနီနှင့်ပွဲကို ချန်ပီယံရွှေခါးပတ်ကာကွယ်ပွဲအဖြစ် ထိုးသတ်မည်မဟုတ်ဘဲ စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ယခုပွဲစဉ်မှာ ၀ိတ်တန်းမတူဘဲ ထိုးသတ်မည့်ပွဲစဉ်လည်းဖြစ်ကြောင်း တာဝန်ရှိသူများက အသိပေးပြောကြားထားသည်။

အသက် ၄၂ နှစ် အရွယ်ရှိ ဂါလာနီသည် MMA ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးပြိုင်ပွဲများတွင် ဟဲဗီးဝိတ်တန်း၌ ယှဉ်ပြိုင်ထိုးသတ်နေသူဖြစ်ကာ လွန်ခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့သည့်ပွဲစဉ်၌ ဂျပန်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးကစားသမား ဟိုက်ကီ ဆီကိုင်းကို ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် အမြန်ဆုံးစံချိန်ဖြင့် ဂါလာနီက ပူပူနွေးနွေး အနိုင်ရထားသည်။ ဂါလာနီသည် ဆီကိုင်းကို ပထမပွဲချီ၏ပွဲအစ ၁၁ စက္ကန့်အတွင်း၌ ပွဲသိမ်းအနိုင်ယူလိုက်ခြင်းဖြစ်ကာ ၎င်းမှာ မွေထိုင်းဟဲဗီးဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံ လေးကြိမ်ဖြစ်ထားဖူးသူလည်းဖြစ်သည်။ ဂါလာနီသည် ကစ်ဘောက်ဆင်၊ ဘရာဇီးရိုးရာ ဂျူဂျစ်ဆု(Brazilian jiu-jitsu)၊ ပြင်သစ်ရိုးရာ ကစ်ဘောက်ဆင်၊ ကရာတေးနှင့် ဂျူဒို အစရှိသည့် တိုက်ခိုက်ရေးပညာများကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပြီး အောင်လအန်ဆန်းနှင့် ဂါလာနီတို့၏စိန်ခေါ်ပွဲကို လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း One Championship က အတည်ပြုထားပြီဖြစ်သည်။ အောင်လအန်ဆန်းနှင့် ဂါလာနီတို့သည် ယခုစိန်ခေါ်ပွဲကို ငါးချီစိန်ခေါ်ပွဲအဖြစ် ထိုးသတ်သွားကြလိမ့်မည်ဖြစ်သည်။

Credit : The Voice


19 Sep 2017     1,526 Views




RELATED

Most Popular of Boxing

Most Popular of Sport