BEC-TERO TV

ထောက်ပံ့ရေးပစ္စည်းတင်စက်လှေကို ဆူပူဟန့်တားမှုတွင် ပါဝင်သူ ၉ ဦးကို ပုဒ်မ ၆ ခုဖြင့်အမှုဖွင့်

22 Sep 2017     1,263 Views


ICRC ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်ထားသော စက်လှေကို မထွက်ရန် လူစုလူဝေးဖြင့် ဖိအားပေးဆူပူဟန့်တားမှုနှင့် ပက်သက်ပြီး ပါဝင်ခဲ့သူ ကိုးဦးကို ပုဒ်မခြောက်ခုဖြင့် အမှုဖွင့်ကာ တရားရုံးတွင် ရမန်ယူထားကြောင်း သတင်းရရှိသည်။

စက်တင်လာလ ၂၀ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မောင်တောဒေသ နေရပ်စွန့်ခွာသူများကို ကြက်ခြေနီလှုပ်ရှားမှုဖြင့် ကူညီထောက်ပံ့ရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့မှ ဘူးသီးတောင်စက်လှေဆိပ်ရှိ ဦးရွှေဦး မောင်းနှင်သည့် သော်တာဝင်းစက်လှေကို ငှာရမ်း၍ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်စဉ်  လူနှစ်ဦး ရောက်လာကာ ကြည့်ရှုခဲ့သဖြင့် အလုပ်သမားများက ICRC ပစ္စည်းများ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ထို့နောက် ညနေ ၅ နာရီခန့်တွင် လူ ၅၀ ခန့် ရောက်ရှိလာပြီး ပစ္စည်းများပြန်ချရန် စက်လှေမထွက်ခွာရန် ဟန့်တားခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များနှင့် သံဃာတော်များ ရောက်ရှိလာပြီး စက်လှေထွက်ခွာနိုင်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ပြီး လုံခြုံရေးယူပေးနေစဉ် ည ၈ နာရီအချိန်ခန့်တွင် လူ ၃၀၀ ခန့် စုရုံးရောက်ရှိလာပြီးနောက် ခဲများ၊ မီးရှို့ထားသော ဓါတ်ဆီပုလင်းများနဲ့ ပစ်ပေါက်ခဲ့ကြသည်။

ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်နှင့် သံဃာတော်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လူအုပ်အတွင်းမှ ဂျင်ကလိဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ၁၂ ဇို့ ဂရီနာ ၂၀ လက်ဖြင့် ပစ်ဖောက်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ပါဝင်သူ ကိုးဦးလုံးကို ဖမ်းဆီးပြီးတော့ အရေးယူထားပါတယ်၊ အားလုံးအမျိုးသားတွေပါ။ စစ်တွေ၊ ဆတ်ရိုးကျကယ်ဆယ်ရေးအကွက်(၁) က သူတွေပါပဲ။ လောလောဆယ် ရမန်ယူထားပါတယ်” ဟု စစ်တွေနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ကိုးဦးကို (ပ)၈၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၁၃၄/၁၄၄/၁၄၅/၄၃၈/၄၄၀/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

သတင်း - ဒီမိုကရေစီတူဒေး
 


22 Sep 2017     1,263 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS