BEC-TERO TV

YBS ယာဉ်လိုင်းကုမ္ပဏီအားလုံး တစ်လအတွင်းအများပိုင်ကုမ္ပဏီပြောင်းဖို့ YBS CEO စတင်လုပ်ဆောင်မည်

22 Sep 2017     1,228 Views


ရန်ကုန်မြို့ရဲ့ဘတ်စ်ကားစနစ် YBS အတွက် CEO တစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ အပတ်အတွင်း ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ YBS CEO ရဲ့ပထမဆုံးတာဝန်က YBS လက်အောက်က ယာဉ်လိုင်းကုမ္ပဏီတွေကို အများပိုင်အဖြစ်အသွင်ပြောင်းဖို့ဖြစ်တယ်လို့ သိရပါတယ်။YBS စနစ်စတင်ပြီး ရှစ်လအကြာမှာ YBS CEO ကိုခန့်အပ်လိုက်တာပါ။လက်ရှိ YBS ရဲ့ စည်းကမ်းထိန်းသိမ်းရေး၊သတင်းပြန်ကြားရေးနဲ့ယာဉ်လိုင်းစနစ်တစ်ခုလုံးကို တာဝန်ယူ ကိုင်တွယ်မှာဖြစ်ပါတယ်။

လက်ရှိ YBS စနစ်မှာ တာဝန်ယူလုပ်ကိုင်နေတဲ့ ယာဉ်လိုင်းကုမ္ပဏီနဲ့ Operatar Team စုစုပေါင်း(၃၂)ခုရှိပြီး (၁၇)ခုကအများပိုင် ကုမ္ပဏီပြောင်းလဲပြီးဖြစ်ပေမယ့် (၁၅)ခုကတော့ အများပိုင်ပြောင်းလဲဖို့ ကျန်ရှိနေသးတယ်လို့ သိရပါတယ်။လာမယ့်အောက်တိုဘာ ဒုတိယအပတ်ကိုနောက်ဆုံးထားပြီး အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရမှာဖြစ်ပြီး အများပိုင်မပြောင်းလဲသေးတဲ့ ကုမ္ပဏီတွေအနေနဲ့ မကြာမီစတင်တော့မယ့် ကဒ်စနစ်မှာ ပါဝင်ခွင့်ရမှာ မဟုတ်သလို ယာဉ်လိုင်းပြေးဆွဲခွင့်လည်းရမှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

လက်ရှိ YBS ယာဉ်လိုင်းတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်အတွင်း စစ်တမ်းတစ်ခု ကောက်ယူထားတယ်လို့သိရပါတယ်။ဒီစစ်တမ်းအရ YBS ယာဉ်တစ်စီးဟာ တစ်နေ့ကို ငွေကျပ် ရှစ်သောင်းနဲ့တစ်သိန်းခွဲကြား ၀င်ငွေရရှိနေတယ်လို့သိရပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာတော့ ဘတ်စ်ကား စီးခရီးသည်တွေရဲ့ တစ်ရက်စီးနင်းမှု ခရီးစဉ်(၁)သန်းခွဲနီးပါးရှိတယ်လို့ သိရပြီး လက်ရှိ YBS စနစ်အောက်မှာ ယာဉ်လိုင်းပေါင်း(၁၀၁)လိုင်းနဲ့ ယာဉ်အစီးရေ (၄၀၀၀)ကျော်အထိရှိနေပါပြီ။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လက်ရှိမှာ YBS ယာဉ်လိုင်းတွေမှာ ကဒ်စနစ်နဲ့ငွေပေးချေတဲ့ပုံစံကိုပြောင်းလဲဖို့ တာဝန်ယူဆောင်ရွက်မယ့်ကုမ်္ပဏီတွေကို တင်ဒါရွေးချယ်ရေးလုပ်ငန်းစဉ် လုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။


22 Sep 2017     1,228 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS