BEC-TERO TV

မြန်မာ့မီးပုံးဈေးကွက် ရုန်းကန်နေရဆဲဖြစ်

27 Sep 2017     1,519 Views


ပြည်တွင်းမှာလုပ်နေတဲ့ မြန်မာ့မီးပုံးဈေးကွက်က နယ်စပ်ကနေ၀င်ရောက်တဲ့ ဈေးပေါပေါ ရောင်စုံမီးပုံးနဲ့ အလှဆင်မီးသီးတွေရဲ့ဈေးကွက်ကို မယှဉ်နိုင်ခဲ့တာကြာပြီ ဖြစ်ပါတယ်။ လက်လုပ် မီးပုံးရယ်ဆိုပြီး တကူးတက ၀ယ်ယူမှုတွေမရှိတော့ပေမယ့် ကြိုတင်မှာယူမှုတွေရှိနေသေးတာကြောင့် မြန်မာမီးပုံးဈေးကွက်ကတော့ အနည်းငယ်လည်ပတ်နေဆဲဖြစ်ပါတယ်။ ၀ါကျွတ်ကာလ သီတင်းကျွတ်မီးထွန်းပွဲတော်ရောက်တော့မှာဖြစ်တာကြောင့် မြန်မာ့ရိုးရာလက်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ လက်လုပ်မီးပုံးဈေးကွက်က အသက်ဝင်လာပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကစလို့ မြန်မာ့ရိုးရာလက်လုပ်မီးပုံးတွေကို ကုမ္ပဏီကြီးတွေ၊ဟိုတယ်တွေနဲ့ စူပါမားကတ်ကြီးတွေမှာ သီတင်းကျွတ်ပွဲတော်ရဲ့ ပြယုဂ်တစ်ခုအနေနဲ့ သုံးစွဲလာကြပါတယ်။

မြန်မာ့နည်းမြန်မာ့ဟန် ရောင်စုံမှန်စက္ကူကပ်ထားတဲ့ လက်လုပ်မီးပုံးတွေက နိုင်ငံခြားခရီးသွားတွေနဲ့ ဈေးဝယ်ပြည်သူတွေကို တစ်မူဆန်းပြီး ဆွဲဆောင်နိုင်တာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေက ဈေးကွက်အမြင်တစ်ခုအနေနဲ့မှာယူသုံးစွဲလာကြပါတယ်။ ရန်ကုန်မြို့ရဲ့တစ်နေရာ မီးပုံးဈေးတန်းရ ယ်လို့ လူသိများခဲ့တဲ့ အောက်ကြည့်မြင်တိုင်လမ်း၊ဗားကရာမီးပွိုင့်အနီးမှာတော့ စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ မီးပုံးအကြိုမှာယူမှုတွေကို သီတင်းကျွတ်အမီပေးနိုင်ဖို့ အကြမ်းထည်တွေ စတင်လုပ်ဆောင်နေကြပါပြီ။ ယခုခေတ်နည်းပညာတွေကြောင့် မီးပုံးပြုလုပ်ရတဲ့လုပ်ငန်းပိုင်းဆိုင်ရာ တွင်ကျယ် လာပေမဲ့ ၀ယ်ယူအားပေးသူတွေကတော့ လွန်ခဲ့တဲ့ငါးနှစ်ခန့်တည်းက တဖြည်းဖြည်းနဲ့ နည်းပါး လာတယ်လို့ပြောပါတယ်။ ကြိုတင်မှာယူမှုရှိမှသာ လည်ပတ်နေရတဲ့ မြန်မာ့မီးပုံးဈေးကွက်ကြောင့် အောက်ကြည့်မြင်တိုင် ဗားကရာလမ်းတစ်လျှောက်မှာ ယခုဆိုရင် မီးပုံးလုပ်တဲ့ အိမ်ဆိုင် သုံးခုသာ ရှိတော့တာတွေ့ရပါတယ်။

ရိုးရာမီးပုံးလုပ်ငန်းလုပ်ကိုင်သူတွေဟာ ရိုးရာလက်မှုလုပ်ငန်း မပျောက်ပျက် ဖို့ လုပ်ဆောင်နေရပေမဲ့ ပြည်ပက၀င်ရောက်လာတဲ့ ပစ်္စည်းတွေကသာ ဈေးကွက်မှာ နေရာယူနေလို့ ပြည်တွင်းမီးပုံးဈေးကွက်ကလည်း ရုန်းကန်နေရဆဲပါ။သီတင်းကျွတ်အတွက် လက်လုပ်မီးပုံးတွေကို စက်တင်ဘာလအစပိုင်းတည်းကနေ ကြိုတင်မှာယူကြပြီး မီးထွန်းပွဲတော်စတင်တဲ့ သီတင်းကျွတ်ကနေ တန်ဆောင်တိုင်အထိ မီးပုံး လုပ်ငန်းမနားရဘူးလို့ပြောပါတယ်။ မီးပုံးချိုးတဲ့အခါ ရှေးကတည်းက လူကြိုက်များတဲ့ ဘီလူးမမျက်ကွင်း၊ဗန်ဒါရွက်၊ ကြာဖူး၊ကြယ်စတဲ့ပုံစံတွေကို အများဆုံးလုပ်ပြီး ဈေးဝယ်သူလာအပ်တဲ့ပုံစံတွေကိုလည်း လုပ်ပေး ဖြစ်တယ်လို့ပြောပါတယ်။ မီးပုံးတွေကိုအတိုင်းအတာနဲ့ဈေးသတ်မှတ်တာဖြစ်ပြီး အသေးဆုံးဖြစ်တဲ့ ခြောက်လက်မအရွယ်လေးထောင့်မီးပုံးတွေကနေ နှစ်ပေခွဲအထိရှိတယ်လို့သိရပါတယ်။

ဗားကရာလမ်း နဲ့နီးတဲ့မြို့နယ်တွေကတော့ သီတင်းကျွတ်အမီအိမ်မှာအလှဆင်လို့ရအောင် ကြိုတင်မှာယူ ဖြစ်တယ်လို့တော့ ဈေးဝယ်သူတွေကပြောပြပါတယ်။ရာသီစာအဖြစ်လုပ်ကိုင်တဲ့ မီးပုံးလုပ်ငန်းအပြင် တခြားလက်မှုလုပ်ငန်းတွေကိုပါ လုပ်ကိုင်နေ တာ ၃၅နှစ်ရှိပြီဖြစ်တဲ့ ပေါက်္ကံမိသားစု ကတော့ မြန်မာလူမျိုးတွေ ရှိနေသရွေ့ ဒီမီးပုံးလေးတွေကို ဆက်လုပ်သွားမယ်လို့ စိတ်အားထက်သန်စွာပြောပြပါတယ်။ အရောင်းအ၀ယ်ပါး ပေမဲ့ တစ်နှစ်မှတစ်ခါသာဆင်နွှဲရတဲ့ မီးထွန်းပွဲတော်မှာ မြန်မာ့ရိုးရာရောင်စုံလက်လုပ်မီးပုံးလေး တွေကို မြင်ချင်သေးတယ်လို့သူတို့မိသားစုရဲ့ဆန္ဒကိုသိခွင့်ရခဲ့ပါတယ်။


27 Sep 2017     1,519 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS