BEC-TERO TV

စိတ်ပျက်အားငယ်မှုတွေကို ကိုယ့်ဘာသာကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ..?

03 Oct 2017     1,457 Views


''ဘ၀မှာတစ်ခါမှ မမှားဖူးတဲ့လူဆိုတာ ဘယ်အရာကိုမှ မလုပ်ဖူးတဲ့လူ" အဲဒီ စကားလေးကို facebook မှာရော စာအုပ်တော်တော်များများမှာပါ တွေ့နေရ မြင်နေရ ဖတ်ဖူးနေရပါတယ်။ အခုလည်း ကျွန်မက အဲ့စကားလေးကို ယူသုံးပါမယ်။ "ဘ၀မှာ စိတ်ပျက်အားငယ်မှုတွေကို မခံစားဖူးတဲ့လူဆိုတာ မွေးမလာသေးတဲ့ လူ" လို့ပဲဆိုပါရစေ။

 

ဟုတ်ပါတယ် လူရယ်လို့မွေးဖွားလာမှာတော့ အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကဓံရှစ်ပါး ကို အမြဲကြုံတွေ့နေရတတ်ပါတယ်။ တချို့ဆိုရင် တစ်နေ့တည်း တစ်ချိန်တည်းမှာကို ချက်ချင်း သိသိသာသာ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီ လောကဓံရှစ်ပါးကို အကျအန ဆွေးနွေးမယ်ဆိုရင်တော့ စာတစ်ပုဒ်နဲ့ မလုံလောက်သလိုသိပ်ကျယ်ပြန့်လွန်းတဲ့ ခေါင်းစဉ်ဖြစ်နေတော့ ကျွန်မလည်းဆွေးနွေးဖို့ ယုံကြည်ချက်မရှိပါဘူး။ အခုတော့ ကျွန်မက စိတ်ပျက်အားငယ်ခြင်းတွေကို တစ်စုံတစ်ယောက်ရဲ့ အကူအညီမပါဘဲ ကိုယ်ကိုယ်တိုင် ရင်ဆိုင်ကျော်လွှားနိုင်မယ့် နည်းလမ်းလေးတစ်ချို့ကို ဝေမျှချင် ပါတယ်။

 

စိတ်ပျက်အားငယ်စိတ်တွေ ၀င်လာပြီဆိုတာနဲ့ အောက်မှာပြောပြထားတဲ့ လေးချက်ကို အမြန်ဆုံးလိုက်လုပ်ကြည့်လိုက်ပါ။ သိသိသာသာ လျှော့ကျသွားပါလိမ့်မယ်။

 

၁။ ဘာကြောင့်လဲ......?

ကိုယ်စိတ်ထဲမှာ ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်နေမိပြီဆိုရင် "ငါဘာကြောင့် အဲလိုစိတ်မျိုး ၀င်လာတာလဲ" လို့ ဆိုပြီး သတိလေးနည်းနည်းထားပြီး တွေးကြည့်ပါ။

ဥပမာ - အမေဆူလို့လား၊ စာမရလို့လား၊ အလုပ်အဆင်မပြေလို့လား၊ ပတ်ဝန်းကျင်ကြောင့်လား... စသဖြင့် အမျိုးမျိုး အဖြေ ထွက်လာနိုင်ပါတယ်။

 

၂။ တခြာလူတွေနဲ့ ကိုယ့်ကိုမနှိုင်းယှဉ်ပါနဲ့

စိတ်ပျက်အားငယ်မှုတွေရဲ့ အစက တခြားလူတွေနဲ့ ကိုယ့်ကိုယ်ကို သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ နှိုင်းယှဉ်မိရာက စပါတယ်။ စိတ်ထဲက မသိမသာ တိုးတိုးလေး နှိုင်းယှဉ်မိရင်တောင် ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်သွားတတ်ပါတယ်။ နံပါတ်တစ်ကို စမ်းစစ်ကြည့်လို့ အဖြေ ထွက်လာရင် ပိုပြီးသိသာပါလိမ့်မယ်။ ဥပမာ - သူက လိမ္မာလိုက်တာ ငါကတော့...၊ သူက လှလိုက် တာ ငါကတော့...၊ သူက တော်လိုက်တာ ငါကတော့...၊ သူကချမ်းသာလိုက်တာ ငါကတော့...၊ စတဲ့ စတဲ့ သူကတော့ ငါကတော့ဆိုပြီး ခပ်ပါးပါးလေး တွေးမိလိုက်ရင်တောင် စိတ်ပျက်အားငယ်စိတ်တွေ စ၀င်ပါပြီ။

 

၃။ ကိုယ့်ကိုယ်ကိုအားပေး စကားပြောပါ

စိတ်ပျက်အားငယ်နေပြီလား။ ချက်ချင်းမှန်ရှေ့သွားရပ်ပါ ပြီးရင် "သူနဲ့ငါဆိုတာ တူမှမတူတာ သူ့မှာလည်း သူ့အရည်အချင်းတွေ ရှိသလို ငါ့မှာလည်း ငါလုပ်နိုင်တဲ့အရာတွေ ရှိတာပဲ.. ငါ့မှာလည်း ငါ့ အရည်အချင်းနဲ့ ငါပေါ့" လို့ စိတ်ကတကယ်လက်ခံတဲ့အထိ ပြောလိုက်ပါ။ စိတ်တွင်းကလာတဲ့ စိတ်လုံခြုံမှုတစ်မျိုးကို ချက်ချင်းရလာပါလိမ့်မယ်။

 

၎။ ကိုယ့်ကိုယ်ကိုချစ်ပါ

ကိုယ့်ကိုယ်ကိုချစ်တဲ့လူတွေမှာ စိတ်ပျက်အားငယ်ခြင်းကို တွေ့ရဖို့ဆိုတာ သိပ်ခဲယဉ်းပါတယ်။ ကိုယ့်ကိုယ်ကိုချစ်နည်းကလည်း နှစ်မျိုးရှိပါတယ်။ ငါဖို့၊ ငါ့အတွက်၊ ငါကောင်းဖို့ဆိုတဲ့ အတ္တအချစ် သမားတွေနဲ့ ဘယ်သူ့ ဘယ်သူ့အပေါ်ကိုမှာ ယုတ်မာကောက်ကျစ်ခြင်း အလျဉ်းမရှိဘဲ ကိုယ့်အပေါ် လာကောက်ကျစ်လာရင် ဘယ်တော့မှခေါင်းငုံ့ မခံတတ်သလို တခြားလူတွေကို ကူညီခြင်းရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုတိုးလာအောင် နေထိုင်တတ်တဲ့ နည်းမှန်လမ်းမှန် အချစ်သမားတွေ ရှိပါတယ်။ ဘယ်လိုမျိုးအချစ်သမားပဲဖြစ်ဖြစ် သူတို့ဆီကို ၀င်လာတဲ့ စိတ်ပျက်အားငယ်မှုတွေက သူတို့ ဆီမှာ ရှည်ကြာလိမ့်မရှိပါဘူး။

 

ဒါပေမယ့် အတ္တအချစ်သမားဟာ ရေရှည် စိတ်မချမ်းသာနိုင်လို့ ကိုယ့်ကိုယ်ကို နည်းမှန် လမ်းမှန်နဲ့ချစ်ပြီး  စိတ်ပျက်အားငယ်မှုတွေကို ဘယ်သူ့အကူအညီမှ မယူဘဲ ကိုယ့်ဘာသာကို ရင်ဆိုင်ကျော်လွှားလိုက်ပါ။


03 Oct 2017     1,457 Views




RELATED

Most Popular of Special or Others

Most Popular of Life Style