BEC-TERO TV

ဖွေးဖွေးရဲ့ ငယ်အိမ်မက်တွေက ဘာတွေများပါလဲ..?

16 Oct 2017     1,325 Views


လူတိုင်းလူတိုင်းမှာ ငယ်ဘဝအိမ်မက်တွေ ရှိတတ်ကြပါတယ်။ အိမ်မက်တွေနောက်ကို လိုက်ရင်း အောင်မြင်သွားတဲ့သူရှိသလို လမ်းပျောက်ခဲ့သူတွေလဲရှိပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ရယ်လို့ ဖြစ်မလာခင်က ဖွေးဖွေးမှာလည်း ငယ်ဘဝအိမ်မက်ဆိုတာ ရှိခဲ့ပါတယ်။ အဲဒီအိမ်မက်တွေ နောက်ကို ဘယ်လိုများလိုက်ခဲ့လဲဆိုတဲ့ သူမဘဝရဲ့ အစကို ပြောပြရရင်..

အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်လာမယ့် ဖွေးဖွေးကို ရှစ်လေးလုံး အရေးအခင်းဖြစ်ပွားတဲ့ နောက်တစ်ရက်  ၁၉၈၈ သြဂုတ်လ (၉) ရက်နေ့မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်ကို “ရွှေရည်ကိုဦး” လို့ မှည့်ခဲ့ပါတယ်။
မိဘများက မိုးကုတ်မြို့က ဖြစ်တာကြောင့် ရှမ်းသွေးစပ်တဲ့ ရွှေရည်ကိုဦးဟာ အသားလေးတွေ ဖြူဝင်းဖွေးသန့်နေတာကြောင့် မိဘတွေက ချစ်စနိုးနဲ့ ဖွေးဖွေးလို့ ခေါ်ခဲ့ရာကနေ ငယ်နာမည် ဖွေးဖွေးလို့ တွင်ခဲ့ပါတယ်။

သူမငယ်ငယ်ထဲက အရမ်းဝါသနာပါပြီး ဖြစ်ချင်ခဲ့တာက အဆိုတော်ပါ။ ၂၀၀၄ ခုနှစ်မှာ စိန်သြဂတ်စတင်းကျောင်းကနေ ဆယ်တန်းအောင်မြင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ ကိုရီးယားဘာသာ အဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။ ဒီကြားထဲမှာ သူမရဲ့ ဝါသနာတူ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး “Art of Depression” ဆိုတဲ့ တီးဝိုင်းလေးကို တည်ထောင်ပြီး အဆိုတော်နေရာက ပါဝင်ခဲ့ပါတယ်။

အနုပညာဝါသနာဗီဇ အခံရှိတဲ့ ဖွေးဖွေးဟာ သီချင်းဆိုတာအပြင် သရုပ်ဆောင်မော်ုဘက်ကိုလည်း ပြောင်းလဲစိတ်ဝင်စားလာတာကြောင့် မက်စ်ပြက္ခဒိန်အတွက် ဓါတ်ပုံမော်ဒယ် အလုပ်ကို လက်ခံရိုက်ကူးခဲ့ပါတယ်။ သူမရဲ့ ထူးခြားတဲ့ ဟန်ပန်သွင်ပြင်ကြောင့် တီဗီကြော်ငြာ၊ ရုပ်ရှင်သရုပ်ဆောင်အဖြစ် ကမ်းလှမ်းမှုတွေ ချက်ချင်းဆိုသလို ရလာခဲ့ပါတယ်။ သရုပ်ဆောင်အလုပ်ကိုတော့ ငယ်နာမည်ဖွေးဖွေးနဲ့ပဲ အနုပညာခရီး ဆက်ခဲ့ပါတယ်။

တီဗီကြော်ငြာ၊ မဂ္ဂဇင်းမျက်နှာဖုံး၊ ဗီဒီယို ရုပ်ရှင်တွေ အများကြီး ရိုက်ကူးခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာတော့ လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆုကို ပထမအကြိမ် ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားနဲ့ ဒုတိယအကြိမ် အကယ်ဒမီဆုကို ထပ်မံရရှိခဲ့ပြန်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် လောကမှာ အောင်မြင်နေတဲ့ မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပေမယ့် သူမရဲ့ ငယ်အိမ်မက် အဆိုတော်ဖြစ်ချင်တဲ့ စိတ်ကတော့ ကုန်ခမ်းမသွားသေးပါဘူး။ အခါအားလျော်စွာ ပွဲအခမ်းနားတွေမှာ သီချင်းဆိုတာကို တွေ့ရတတ်ပါတယ်။
သရုပ်ဆောင်ခြင်း၊ သီချင်းဆိုခြင်း၊ မော်ဒယ်လုပ်ခြင်းတို့အပြင် ဖက်ရှင်ဒီဇိုင်းကိုပါ ဝါသနာပါတဲ့ ဖွေးဖွေးတစ်ယောက် သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ “SYKO” ကို အောင်မြင်စွာ ထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်။

အခုဆိုရင်သူဟာ ငယ်အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ အောင်မြင်သော အနုပညာရှင်တစ်ဦး ဖြစ်တယ်လို့ ပြောလို့ရနေပါပြီ။ ဖွေးဖွေးကိုချစ်တဲ့ ပရိသတ်ကြီးက ဖွေးစိန်လေးလို့ ထပ်ဆင့်ပေးထားတဲ့ ချစ်စနိုးအမည်သစ်လေးကိုပါ ရနေပြီမဟူတ်ပါလား။

ဖွေးစိန်လေး သီချင်းဆိုတာကို မြင်တွေ့ရခဲတဲ့ ပရိသတ်ကြီးအတွက် သူမကိုယ်တိုင် ဂစ်တာတီးပြီး သီဆိုတာတဲ့ ဗီဒီယိုလေးကို တင်ပေးလိုက်ပါတယ်နော်..



Photo : phway phway Facebok


16 Oct 2017     1,325 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment