BEC-TERO TV

“ဝ”တဲ့သူတွေ Confidence ရှိစေဖို့

01 Nov 2017     1,726 Views


            အခုခေတ်မှာ ဝတဲ့ လူကိုမှ ချစ်သူအဖြစ်ရွေးချယ်တတ်တဲ့ သူတွေပေါ်လာပေမယ့် သိပ်ကိုနည်းသေးတဲ့ အတွက်ကြောင့် ဝဝတုတ်တုတ်ကောင်လေးတွေ ကောင်မလေးတွေက သိပ်ကို စိတ်ဓာတ်ကြလွယ်ကြတုန်းပါပဲ။ တချို့ကလည်း တကယ်ကို ကြိုးစားပမ်းစားနဲ့ ဝိတ်ချပါတယ်။ တကယ်လည်း ကျသွားပါတယ်။ တကယ်လို့ ကိုယ်က အခုချက်ချင်း ဝိတ်ချဖို့ အဆင်မပြေသေးသလို ပတ်ဝန်းကျင်ရဲ့ နေ့စဉ်ရိုက်ခတ်မှုတွေကြောင့် အခုလက်ရှိမှာ စိတ်ဓာတ်တွေလည်း ဆွဲတင်လို့မရအောင် ကျနေပြီ ဆိုရင် ဒီဆောင်းပါးလေးကို ပြီးအောင် ဖတ်ပါ။ တစ်ခုခုတော့ အကျိုးရှိလိမ့်မယ်လို့ ပြောချင်ပါတယ်။

အခု ကျွန်မက ဝတဲ့လူတွေ ဘယ်လို Confidence ရှိအောင် နေရမလဲဆိုတဲ့ အကြောင်းလေးကို ပြောပြ ချင်ပါတယ်။  

၁။ ဝေးဝေးပြေးပါ။

          Self-confidence ရဲ့ အရေးပါဆုံးအဓိက အချက်က အပျက်သဘောဆောင်တဲ့ (Negative Thinking) တွေ ပြည့်နေတဲ့ လူတွေရဲ့ အဝေးကိုပြေးပါ။ အပျက်သဘောဆောင်တဲ့ လူတွေက “ဝက် ဝက်” လို့ ခေါ်ပြီး ဝတာကို နှိမ်သလိုပြောဆိုတတ်ပါတယ်။ အကောင်းမြင်စိတ် (Positive Thinking) ရှိတဲ့ ပတ်ဝန်းကျင်၊ ကိုယ်ချင်းစာစိတ် ရှိတဲ့ လူတွေရှိတဲ့ ပတ်ဝန်းကျင်ကတော့ သင်ဝတာကို စစရာ နောက်စရာလို့ မမြင်တဲ့ အပြင် တစ်ခါတရံကျရင် “ဝ” လို့ လှတာပဲ ရှိတယ် ပိန်လို့ လှတာမရှိဘူး ဆိုပြီး အားပေးစကားပြောတတ်ပါသေးတယ်။ အဲဒီ ချီးမွန်းစကားတွေကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာဖို့ ထောက်ပံ့ပေးပါတယ်။

၂။ ကိုယ့်ကိုယ်ကို မနှိပ်စက်ပါနဲ့။

          ကိုယ်က မြင်မြင်သမျှကို စားချင်တတ်သူ တကယ်လည်း စားနိုင်နေပေမယ့် တကယ်တမ်းကျတော့ ပိန်လို့ပိန်ညားဆိုပြီး (တကယ်ပိန်ချင်ရင် ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ချပြီး တစ်ခါတည်းဝိတ်ချပါ၊ ပိန်လို့ပိန်ညား ဆိုတဲ့ အတွေးနဲ့) မစားဘဲ ကိုယ့်ကိုယ်ကို နှိပ်စက်တတ်ပါတယ်။ အဲဒီအခါမျိုးမှာ စားချင်တာကို စားချင်တဲ့ အချိန်မှာ စားချင်သလောက် စားလိုက်ပါ။ မစားဘူးလို့ တင်းခံနေပြီးမှ မနေနိုင်တော့မှ တစ်ခါတည်း အများကြီး သွားစားတာမျိုးက ကိုယ့်ကိုယ်ပိုပြီး ဝိတ်တက်လာစေပါလိမ့်မယ်။ အဲဒါကြောင့် စားချင်တဲ့ အချိန်မှာ လိုသလောက်စားရင်း ကိုယ့်စားနိုင်တာကို ဂုဏ်ယူလိုက်ပါ။

၃။ စိုးမကြောက်ပါနဲ့။

            ဝတဲ့ လူတော်တော်များများဟာ လူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ ငါဝတ်ထားတာ အဆင်ပြေရဲ့လား၊ သူများအမြင်မှာ ကြည့်ရဆိုးနေမလား၊ ငါ့ကို ကြည့်ပြီး ကွယ်ရာမှာ ငါဝတာကို ဝေဖန်ကြမလား စသည်ဖြင့် အတွေးပေါင်းစုံ တွေးပူနေတတ်ပါတယ်။ အခုစာဖတ်နေတဲ့သူဆီမှာ အဲလို အကျင့်ရှိနေမယ်ဆိုရင်တော့ စိုးမကြောက်ပါနဲ့တော့ ဒီဘက်ခေတ်မှာ လူတွေက သင်ဝတယ်မဝဘူး  ဆိုတာထက် သင့် အလုပ်မှာတော်လား၊ လူမှုဆက်ဆံရေးကောင်းလား၊ စိတ်ဓာတ်ကဘယ်လိုရှိလဲ ဆိုတာမျိုးတွေနဲ့ပဲ သင့်ကို အကဲခတ်တော့ပါတယ်။ အဲဒါကြောင့် လူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ ဘာကိုမှစိုးကြောက်မနေဘဲ ကိုယ်ယုံကြည်ထားတဲ့ အတိုင်း လုပ်စရာရှိတာလုပ် ပြောစရာရှိတာပြောပါ။

၎။ Smart ကျအောင်နေပါ။

          ဒီတစ်ချက်ကတော့ နံပါတ်တစ်လိုမျိုးပဲ Self-confidence တိုင်းအတွက် မရှိမဖြစ်ပါ။ ပိန်တဲ့လူပဲဖြစ်ဖြစ် ဝတဲ့လူပဲဖြစ်ဖြစ် စမတ်ကျအောင်ဝတ်စားပါ။ အလှပြင်ပါ။ စမတ်ကျအောင်ဝတ်ဖို့ဆိုတာ အကောင်းစားတွေ ဝတ်ဖို့မဆိုလိုပါဘူး။ ကိုယ့်မှာရှိတာနဲ့ လိုက်ဖက်အောင် ဝတ်ဖို့ပြောတာပါ။ ဥပမာ ဝတဲ့လူတော်တော်များများက လက်မောင်းကြီးပါတယ်၊ ပေါင်တုတ်ပြီး ဗိုက်ပူပါတယ်။ အဲဒီအားနည်းချက်တွေမပေါ်အောင် ရွေးချယ် ဝတ်ဆင်ပါ။ အဲလိုဝတ်ရမယ်ဆိုပြီး ခါးစည်းတွေ အတင်းစည်းပြီး ပိန်တယ်ထင်ရအောင် မဝတ်ပါနဲ့။ ကိုယ့်ကိုယ်ကို သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစားကို ရွေးဝတ်ပါ။ အလှပြင်ရင်လည်း ပြေပြေလေးနဲ့ ချစ်ဖို့ကောင်းမယ့် အလှပြင်နည်းကို အင်တာနက်မှာ ရှာဖွေပြီး ပြင်ဆင်ပါ။ ယောက်ျားလေးဆိုလည်း လိုက်ဖက်မယ့် ဆံပင်ပုံစံပြောင်းတာတွေ လုပ်ရင်း ကိုယ့်ကိုယ်ကို စမတ်ကျအောင်နေပါ။ တစ်ကယ်တော့ အဲလို စမတ်ကျနေရင် တခြားလူအမြင်ကို ခဏထား ကိုယ့်စိတ်ထဲမှာကို ကျေနပ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည့်မှု အပြည့်ရှိနေပါလိမ့်မယ်။

၅။ လေ့ကျင့်ခန်းတစ်မျိုးမျိုးတော့လုပ်ပါ။

          Gym သွားဆော့မှ လေ့ကျင့်ခန်းမဟုတ်ပါဘူး အိမ်ကနေ ကားဂိတ်ကို လမ်းလျှောက်တာမျိုးတွေ၊ လမ်းလျှောက်သွားလို့ရတဲ့ နေရာကို ဆိုက်ကားစီးပြီး သွားတာမျိုးမဟုတ်ဘဲ လမ်းကို လျှောက်နိုင်သလောက် လျှောက်ပါ။ ထိုင်ထလုပ်တာမျိုး ယောက်ျားလေးဆိုလည်း ဒိုက်ထိုးတာမျိုးတို့ ပေါ့ပေါ့ပါးပါးသွေးပူ လေ့ကျင့်ခန်းတွေကို ကိုယ်နိုင် သလောက် လုပ်ပေးပါ။ အဲလိုလုပ်ရုံနဲ့တော့ ဝိတ်မကျစေနိုင်ပါဘူး ဒါပေမယ့် သွေးပူလေ့ကျင့်ခန်း လုပ်သလို ဖြစ်ပြီး ဝတာကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေဟာ ကိုယ့်ဆီကို တော်ရုံ နဲ့ ရောက်မလာတော့ နိုင်တော့ တာကြောင့် အသက်ရှည်ရှည်နေရပြီး ကိုယ်စားချင်သလိုစားလို့ရပါပြီ။

၆။ စားတော့စားပါ အလွန်အကျွံ မစားပါနဲ့။

          နောက်ဆုံးအနေနဲ့ မှာချင်တာက ဝတဲ့လူတော်တော်များများက မြင်မြင်သမျှကို စားချင်တတ်တာ ဆိုတော့ အစားတစ်ခုဟာ ဆီတွေများသည်ဖြစ်စေ အငံတွေများသည်ဖြစ်စေ အစပ်တွေများသည်ဖြစ်စေ ဘယ်ဟာမှ လွန်သွားရင် မကောင်းပါဘူး။ အဲဒါကြောင့် စားတဲ့အခါ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ အလွန်အကျွံစားတာမျိုးကိုတော့ ရှောင်ပါ။ စားတဲ့အချိန်ကိုလည်း ဂရုစိုက်ပါ တစ်နေ့လုံးစိတ်ကြိုက်စားတာ ဘာမှမဖြစ်ပေမယ့် ညအိပ်ရာဝင်ခါနီးမှ စားရင်တော့ ကျန်းမာရေး ထိခိုက်ဖို့ပိုများပါတယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် ည၈နာရီနောက်ပိုင်းဆို ဘာမှမစားပါနဲ့။ အရမ်းစားချင်ရင် အသီးတွေစားပါ။ ရေများများသောက်ပါ။ အဲလို ဂရုစိုက်မှပဲ အသက်ကြီးလာတဲ့ အထိ ကိုယ်စားချင်တိုင်းစားလို့ ရနေမှာပါ။ အဲလိုမှမဟုတ်ရင် ငယ်ငယ်လေးနဲ့ သွေးတိုးတို့ နှလုံးသွေးကြောကျဉ်းရောဂါတွေကို ခံစားရတတ်ပြီး စားချင်တိုင်း စားလို့မရတော့ပါဘူး။ အဲဒါကြောင့် စားတော့စားပါ အလွန်အကျွံတော့ မစားပါနဲ့။

    ဒီအပေါ်က အချက်ငါးချက်လုံးက ကျွန်မကိုယ်တိုင် ကျင့်သုံးတဲ့နည်းပါ။ ကျွန်မက အခုလက်ရှိ ပေါင်တစ်ရာ့ ခုနစ်ဆယ်ကျော်နေပါပြီ ငယ်ငယ်လေးကတည်းက ဝခဲ့တာကြောင့် ဝက်မဆိုတဲ့ နာမည်နဲ့လည်း အရမ်းကို အသားကျနေပါပြီ။ ဒီ (၅) ချက်ကို မသိခင်ကတော့ ကိုယ်ဝတာကို တော်တော်လေးစိတ်ပျက် အားငယ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်မဆီမှာ စိတ်ပျက်အားငယ်တာမျိုးရှိရဲ့လားလို့တောင် ရင်းနှီးတဲ့ လူတချို့က မေးယူရတဲ့အထိ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုက အပြည့်ဖြစ်နေပါပြီ။ အဲတော့ Popolay ပရိသတ်ကြီးထဲက ဝပြီး စိတ်ဓာတ်ကျနေတဲ့ လူတွေလည်း ဒီ (၅)ချက်ကို လိုက်လုပ်ကြည့်ပါနော်။ တကယ် အကျိုးရှိပါလိမ့်မယ်။


01 Nov 2017     1,726 Views




RELATED

Most Popular of Special or Others

Most Popular of Life Style