BEC-TERO TV

High Season မှာ တစ်သိန်းထဲနဲ့ ပုဂံကို ခရီးသွားကြစို့

11 Nov 2017     1,518 Views


          သီတင်းကျွတ်ပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ ပိတ်ရက်တွေများတော့ ခရီးထွက်ကြသူတွေ တအားများပါတယ်။ အဲ့အချိန်ဆို တည်းခိုခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်တွေ အားလုံးက ပုံမှန်ဈေးထက်ပိုပေးကြရသလို ကားလက်မှတ်က အစ ရဖို့ သိပ်ကို ခက်တဲ့လတွေပါ။ အဲလို အချိန်မျိုးမှာ လက်ထဲမှာ မြန်မာငွေ တစ်သိန်းရှိရုံနဲ့ ပုဂံကို လေးညအိပ်ငါးရက် ခရီးသွားနိုင်ပါတယ်။ အဲလိုပြောလိုက်လို့ ငါတို့ ဘုန်းကြီးကျောင်းမှာ တည်းရတော့မှာပဲလို့ မတွေးနဲ့နော်။ ပြီးခဲ့တဲ့ အပတ် (အတိအကျပြောရင် 5.11.2017) ကပဲ ကျွန်မနဲ့ အတူတူ သူငယ်ချင်းနှစ်ယောက် ပုဂံကို Low Budget ပဲ သုံးပြီး သွားဖို့လာဖို့ တည်းခိုဖို့က အစ ကိုယ့်ဘာသာကိုယ် စီစဉ်ပြီး သွားခဲ့ကြပါတယ်။ အဲဒီ ခရီးစဉ်ကတော့ …

၁။ အသွား ကားခနဲ့ အဆာပြေ (တစ်ယောက် - ၁၄၀၀၀ ကျပ်)

          ကျွန်မတို့ ည ၈နာရီခွဲ Famous ကားနဲ့ ပုဂံကို သွားခဲ့ပါတယ်။ ကားလက်မှတ်က ၁၁၀၀၀ ပါ။ အောင်မင်္ဂလာအဝေးပြေးကွင်းကို Ferry ရှိသလို ပုဂံရောက်ရင်လည်း ကိုယ်တည်းမယ့်နေရာ အထိ Ferry နဲ့ လိုက်ပို့ပါတယ်။ Service ကတော့ အအေးဒဏ်ကို အံတုဖို့ စောင်တစ်ယောက်တစ်ထည်ပါတဲ့ အပြင် တစ်ယောက်စာ ရေသန့်၊ တာဝါ၊ သွားပွတ်တံ၊ သွားတိုက်ဆေးနဲ့ အဆာပြေ မုန့်လည်း ကျွေးပါတယ်။ ညစာစားပြီးလို့ ဗိုက်မဆာတဲ့ လူအတွက်တော့ အဆာပြေ မုန့်နဲ့တင် အဆင်ပြေနိုင်ပါတယ်။ ကိုယ်က ဗိုက်ဆာ နေရင်တော့ Famous Restaurant မှာ ကား နာရီဝက်နားချိန် စားလို့ရပါတယ်။ Max အအေးတစ်ဗူးကို ၇၀၀၊ လက်ဖက်ထမင်းနဲ့ ကြက်ဥကြော်ဆိုရင် ၁၃၀ဝ၊ တခြား မီနူးစားမယ်ဆိုရင်တော့ ဈေးစုံစမ်းပြီး စားလို့ရပါတယ်။ ကိုယ်က Low Budget နဲ့ ခရီးသွားနေတာဆိုတော့ အဲဒီမှာ ထံကုန် ၃၀၀၀ လို့ သတ်မှတ်ပြီး စားရင်ပို အဆင်ပြေပါလိမ့်မယ်။

၂။ တည်းခိုစရိတ် (တစ်ယောက် - ၃၀၀၀၀ ကျပ်/ ၃၅၀၀၀ကျပ်)

     (တစ်ယောက် - ၃၀၀၀၀ ကျပ်/ ၃၅၀၀၀ကျပ်) အဲလိုရေးထားလို့ ဖတ်ရတာ နည်းနည်းရှုပ်သွားလား။ ကျွန်မရှင်းပြပါမယ်။ ကျွန်မတို့တည်းခဲ့တဲ့ နေရာက Ngwe Sal Guest-House ပါ။ ပုံထဲက အခန်းမှာ တည်းခဲ့တာပါ။ နှစ်ယောက်ခန်းတစ်ခန်းကို ၃၅၀၀၀၊ ကျွန်မတို့က သုံးယောက်ဆိုတော့ Extra Bed ထပ်တိုးကြပါတယ်။ Extra Bed တိုးတာက ၁၀၀၀၀ ဆိုတော့ တစ်ညကို စုစုပေါင်း ၄၅၀၀၀ ကျတယ်။ နှစ်ညဆို ၉၀၀၀၀။ သုံးယောက်ဆိုတော့ သုံးနဲ့ပြန်စားရင် တစ်ယောက်ကို ၃၀၀၀၀ ပဲကျတော့တယ်။ (နှစ်ယောက်ဆိုရင်တော့ တစ်ယောက် - ၃၅၀၀၀ )

          Guest House သာ ဆိုတယ် Service ကတော့ ပြည့်တယ်။ 24 Hours Aircon, Breakfast, Wifi, TV, ရေခဲသေတ္တာ,Towel(ရေချိုးဖို့ရော၊ မျက်နှာသုတ်ဖို့ရော), Shower Cap တွေ ဆပ်ပြာတွေ အစုံပါတဲ့အပြင် ရေပူရေအေးလည်း ရတယ်။ မှန်တင်ခုံလည်းပါတယ်။ Hair Dryer လိုရင်လည်း reception မှာ သွားတောင်းပြီး Check Out မလုပ်ခင်အထိ ယူထားလို့ရတယ်။ Service အပြည့်အစုံ သိချင်ရင်တော့ Facebook မှာ အလွယ်တကူ ရှာလို့ရပါတယ်။ သူဌေးက အစ ဝန်ထမ်းတွေ အားလုံး သဘောကောင်းပြီး ဧည့်ဝတ်ပြူငှာလွန်းတော့ အထွန့်တက်လွန်းတဲ့ ကိုယ်တွေတောင် လိုတရနေခဲ့တယ်။

၃။ လည်ပတ်စရိတ် (တစ်ယောက် - ၁၈၀၀၀ ကျပ်/ ၉၀၀၀ ကျပ်)

          ကားနဲ့လည်ရင် တစ်ရက်ကို ၃၀၀၀၀/၃၅၀၀၀ လောက်ကျနိုင်သလို ကားဆရာလိုက်ပို့နေကျ တန်ခိုးကြီး ဘုရားတွေလောက်သာ ရောက်နိုင်ပြီး လွတ်လပ်ခြင်းကိုလည်း အပြည့်အဝမရနိုင်ဘူးလို့ ယူဆမိကြတာကြောင့် စက်ဘီး ဒါမှမဟုတ် E Bike နဲ့ သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ စက်ဘီးပဲ စီးတတ်တဲ့ ကျွန်မက E bike ဆိုတာကြီးကို အဲတော့မှ မြင်ဖူးသလို Ngwe Sal ကို ရောက်ရောက်ချင်း အစမ်းစီးကြည့်တာ မှောက်မလိုဖြစ်တာကြောင့် စက်ဘီးနဲ့ပဲ သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ စက်ဘီးနဲ့သွားတာ ထင်သလောက်ခရီးမရောက်သလို တောင်ကုန်းလေးတစ်ကုန်းပဲ တက်ရသေးတယ် ဆက်မနင်းနိုင်တော့တာနဲ့ ရဲဆေးတင်ပြီး E Bike သွားငှားခဲ့ကြပါတယ်။ (စက်ဘီးစီးတတ်ရင် E Bike စီးရတာ မခက်ပါဘူး) ကျွန်မတို့ ငှားခဲ့တဲ့ E Bike ဆိုင် နာမည်က Happy Life တဲ့ Ngwe Sal Guest – House နဲ့ သိပ်မဝေးပါဘူး။ ရဲစခန်းအရှေ့ ကုန်းပေါ်လေးမှာ ရှိပါတယ်။ E Bike ငှားတဲ့ လူက အခုမှ E Bike စစီးမယ့် ကျွန်မတို့ကို ထိန်းလို့ အဆင်ပြေအောင် ဆိုင်က အပေါ့ဆုံး E Bike ကို ငှားပေးပါတယ်။ ဘယ်လိုမောင်းရမလဲဆိုတာလည်း သေချာ သင်ပေးပါတယ်။ E Bike စီးတာ မကျွမ်းကျင်ခင်မှာ သတိထားရမှာက ရပ်ထားတဲ့အချိန် ရှေ့တိုးနောက်ဆုတ် လုပ်တဲ့ အခါမှာ Off ထားဖို့၊ ဘရိတ်သုံးရင် ဘယ်ဘက်က ဘရိတ်ကိုပဲသုံးဖို့၊ သဲတောထဲသွားတဲ့ အခါ အရမ်းကို မမြန်လွန်း မနှေးလွန်းအောင် သတိထားဖို့နဲ့ သော့သေချာ ခတ်ဖို့ပါဘဲ။ကျွန်မတို့ကတော့ E Bike နဲ့ ညောင်ဦးဈေး၊ ငှက်ပစ်တောင်တို့အထိ သွားခဲ့ကြသလို ကိုယ့်ဘာသာကိုယ် Adventure Trip လို့ ခေါင်းစဉ်တပ်ပြီး တောလမ်းထဲက မြင်မြင်သမျှဘုရားတွေကိုလိုက်ဖူးခဲ့ကြပါသေးတယ်။

          E Bike ကို ရောက်ရောက်ချင်းနေ့မှာ နေ့လည် တစ်နာရီကနေ ညရှစ်နာရီ အထိ ၅၀၀၀၊ နောက်နေ့ မနက်စာ စားပြီးကတည်းက တစ်နေ့လုံး ၈၀၀၀၊ နောက်ဆုံးရက်ကို မနက်ပိုင်း ဘယ်မှ မသွားဘဲ နားနေပြီး နေ့လည် ၁၂နာရီကနေ ည ၇နာရီ (အပြန် Ferry လာတဲ့အချိန်) အထိ ၅၀၀၀(ဆိုင်ရှင်က ဈေးလျှော့ပြီး ၄၀၀၀နဲ့ပေးလိုက်တဲ့အပြင် မိုးချုပ်နေလို့ Ngwe Sal အထိ သူတို့ကိုယ်တိုင် လိုက်ပို့သွားသေးတယ်)  အားလုံးစုစုပေါင်း ၁၈၀၀၀ (တစ်ယောက်တည်းဆို) ကျွန်မက တစ်စီးကို နှစ်ယောက်ဆိုတော့  တစ်ယောက် ၉၀၀၀ပဲကျတယ်။ ကိုယ်နဲ့အသားကျသွားတဲ့ E Bike ကို နောက်ရက်တွေ ကိုယ့်အတွက်ချန်ထားပေးဖို့ ပြောလို့ရပါတယ်။

၎။ စားစရိတ် နေ့လည်စာ+ညစာ (တစ်ယောက် - ၁၅၀၀၀ ကျပ်)

         ကျွန်မတို့ ရောက်ရောက်ချင်း Ngwe Sal က SANCARLO Restaurant ရဲ့ က 15% Discount ကဒ်လေးထုတ်ပေးပါတယ်။ Ngwe Sal မှာ တည်းပြီး အဲ့ ဆိုင်မှာ သွားစားတဲ့ လူဆိုရင် ဆယ့်ငါးရာခိုင်နှုန်းလျှော့ ပေးပါတယ်။ ကျွန်မတို့လည်း ကိုယ်က အခုမှ ပုဂံရောက်တာဆိုတော့ ဆိုင်ကောင်းကောင်းမသိသေးတာနဲ့ ဆယ့်ငါးရာခိုင်နှုန်းလျှော့ပေးတဲ့ SANCARLO ကိုပဲ သွားစားလိုက်ပါတယ်။ အဲဒီဆိုင်မှာ အီတလီအစားအစာနဲ့ တရုတ်အစားအစာတွေ ရပါတယ်။ ကျွန်မတို့က တရုတ်အစားအစာကို စားဖြစ်ခဲ့ကြပါတယ်။ ကျွန်မတို့သုံးယောက်ပေါင်း ဟင်းနှစ်ပွဲနဲ့ အရည်သောက်တစ်ပွဲ ထမင်းငါးပွဲစားဖြစ်ပါတယ်။ ၁၀၅၀၀ ပဲ ကျပါတယ်။ Discount ဆိုတော့ ၉၀၀၀ ပဲ ကျပါတော့တယ်။ ကျွန်မတို့က သုံးယောက်ဆိုတော့ တစ်ယောက်ကို ၃၀၀၀ ပဲကျတော့တာပေါ့။ (ဈေးနှုန်းတွေလည်း မီနူးမှာ တစ်ခါတည်းပါလို့ ချိန်တွက်ပြီး စားလို့ရပါတယ်) အဲဒီတော့ နေ့လည်စာ ၃၀၀၀၊ ညစာ ၃၀၀၀ ဆိုတော့ တစ်ရက်ကို ၆၀၀၀ နှစ်ရက်နဲ့ တစ်မနက်ဆိုတော့ ၁၅၀၀၀ ပဲကျပါတယ်။  (တကယ်လို့ အဲဒီမှာ မစားဘဲ မြန်မာထမင်းဆိုင်တွေမှာ စားမယ်ဆိုရင် တစ်ယောက်ကို ၂၀၀၀ လောက်နဲ့ ဖွယ်ဖွယ်ရာရာ စားလို့ရပါသေးတယ်) ကျွန်မတို့ကတော့ တည်းတဲ့နေရာနဲ့လည်း နီးသလို အချက်အပြုတ်လည်း ကောင်းတာကြောင့် SANCARLO မှာပဲ စားဖြစ်ခဲ့ကျ ပါတယ်။ ညဘက်ဆိုင်သွားမစားချင်တော့ရင် အခန်းထဲအထိလာပို့ပေးသေးတယ်။ အခန်းထဲပို့ပေးရရင် Discount တော့ မပေးတော့ဘူး။

၅။ အပြန် ကားခနဲ့ အဆာပြေ (တစ်ယောက် - ၁၄၀၀၀ ကျပ်)

          အပြန်ကားခကတော့ အသွားနဲ့ အတူတူပါပဲ။ ကျွန်မတို့က အပြန်လည်း တစ်ညနေလုံး E Bike နဲ့ လျှောက်သွားပြီး ည ၈နာရီခွဲ Famous ကားနဲ့ပဲ ရန်ကုန်ကို ပြန်ခဲ့ပါတယ်။ (ည ၇နာရီလောက် တည်းတဲ့နေရာအထိ Ferry နဲ့လာကြိုပေးတယ်)

အဲဒီတော့ နှစ်ယောက်တည်းသွားမယ်ဆိုရင် တစ်ယောက်ကို…

၁။ ၁၄၀၀၀

၂။ ၃၅၀၀၀

၃။ ၁၈၀၀၀ (တစ်ယောက်တစ်စီး)

၎။ ၁၅၀၀၀

၅။ ၁၄၀၀၀

     ၉၆၀၀၀ ကျပ်တိတိကုန်ပါမယ်။

သုံးယောက်သွားမယ် E Bike နှစ်စီးပဲ ငှားမယ်ဆိုရင်တော့ တစ်ယောက်ကို…

၁။ ၁၄၀၀၀

၂။ ၃၀၀၀၀

၃။   ၉၀၀၀

၎။ ၁၅၀၀၀

၅။ ၁၄၀၀၀

     ၈၂၀၀၀ကျပ်တိတိကုန်ပါမယ်။

သုံးယောက်ဆိုရင် တစ်သိန်းမှာ ၁၈၀၀၀ ပိုပါမယ်။ အဲဒီ ၁၈၀၀၀ ကို ပုဂံမှာ ခေတ်စားနေတဲ့ ဘောင်းဘီနဲ့အင်္ကျီကို ၆၅၀၀ နဲ့ ဝယ်လို့ ရပါသေးတယ်။ နန်းမြင့်မျှော်စင်ပေါ် တက်ရင် ၂၀၀၀၊ နန်းတော်ထဲဝင်ရင် ၅၀၀၊ ပြတိုက်ထဲဝင်ရင် ၅၀၀ဆိုတော့ ကျန်တဲ့ ၈၅၀၀ နဲ့ ညောင်ဦးဈေးမှာ အိမ်အပြန်လက်ဆောင်ဝယ်လို့ရပါသေးတယ်။ (ဇီးကွက် ပုန်းရည်ကြီးက တစ်ထုပ် ၁၂၀၀၊ မြေပဲယို နှမ်းယိုက တစ်ဗူး ၁၂၀၀၊ ဇီးယိုက တစ်ဗူး ၁၂၀၀ ဆိုတော့ ၇မျိုးလောက် ဝယ်မှ ၈၄၀၀ပဲ ကျမှာနော်) အဲဒါအပြင် အသွားအပြန်ကားရပ်ရင် အဆာပြေစားမယ့် သုံးထောင်ကို ချွေတာလည်း ရသေးတယ်နော်။

ဒါကတော့ အခု High Season ဖြစ်တဲ့ နိုဝင်ဘာလမှာတောင်မှ တစ်သိန်းနဲ့ ပုဂံကို ကားပေါ်မှာ နှစ်ည ပုဂံမှာ နှစ်ညနဲ့ လေးညအိပ်ငါးရက် ခရီးသွားခဲ့တာပါ။ အသွားအပြန်ကားလက်မှတ်နဲ့ အခန်းကိုတော့ တတ်နိုင်သမျှ အစောဆုံး ဘိုကင်တင်ထားတာ ပိုစိတ်ချရပါတယ်။ ဒီဇင်ဘာလလည်း ဒီဈေးတွေပဲလို့ သတင်းအတိအကျ ရထားတာကြောင့် Popolay ပရိသတ်ကြီး လည်း အားလပ်ရက်မှာ ပုဂံကို တစ်သိန်းထဲနဲ့ လေးညအိပ်ငါးရက်ခရီးသွားကြရအောင်နော်။


11 Nov 2017     1,518 Views




RELATED

Most Popular of Special or Others

Most Popular of Life Style