BEC-TERO TV

ငါးယောက်သာကျန်ရှိတဲ့ The X Factor Myanmar

12 Nov 2017     18,265 Views


   တစ်ပတ်ထက်တစ်ပတ် လူတွေ ပိုနည်နည်းသွားသလို ကျန်ခဲ့တဲ့ လူတွေကလည်း တကယ်ကို တော်ပြီး အရမ်းကြိုးစားကြတဲ့ လူတွေပဲကျန်တော့တာကြောင့် The X Factor Myanmar က ပိုပိုပြီးခက်ခဲတဲ့ အပိုင်းကို ရောက်လာပါတယ်။

       မနေ့က စနေနေ့တုန်းက အပြိုင်အဆိုင်ကြိုးစားခဲ့ကြတဲ့ ပြိုင်ပွဲဝင်ခြောက်ယောက်က ဒီနေ့ကပွဲစတဲ့ အခါမှာလည်း ခဏနေ Result ထွက်တော့မှာကို လုံးဝစိတ်မပူကြသလိုမျိုး တေးရေး - သုခမိန်လှိုင်ရေးထားတဲ့ “ရေစီးထဲက ပန်းပွင့်လေးများ” ဆိုတဲ့ သီချင်းကို အားလုံးက မြူးမြူးကြွကြွ တက်ညီလက်ညီနဲ့ Performance တွေ မျိုးစုံလုပ်ရင်း ပရိသတ်ကိုဖျော်ဖြေခဲ့ကြပါတယ်။ သီချင်းဆိုနေတဲ့ သူတို့ဟန်တွေက သူတို့အားလုံး တစ်ယောက်ပေါ်တစ်ယောက် ထားတဲ့ မေတ္တာတွေ ရင်းနှီးနွေးထွေးမှုတွေကို အတိုင်းသား မြင်နေရပါတယ်။

    အဲဒီနောက်မှာတော့  ဒီတစ်ပတ် Artist Theme ရဲ့ အဓိကဇာတ်လိုက်ဖြစ်တဲ့ အန်ကယ် ပလေးဘွိုင်း သိန်းနိုင်က တေးရေး - သိန်းတန်(မြန်မာပြည်) ရေးထားတဲ့ “နေနဲ့လအရှေ့အနောက်”၊  တေးရေး - ကိုလေးလွင်ရေးထားတဲ့ “ငိုပေဦးတော့ဂစ်တာ” ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို လူငယ်တစ်ယောက်လိုမျိုး  မြူးမြူးကြွကြွနဲ့ ပရိသတ်ကြီးကို ဖျော်ဖြေပေးခဲ့ပါတယ်။ အန်ကယ် ပလေးဘွိုင်းသန်းနိုင်ရဲ့ The X Factor Myanmar အပေါ် အမြင်ကို မေးမြန်းရာမှာတော့ အန်ကယ်တို့ခေတ်တုန်းက ဒီလိုပွဲမျိုးတွေ မရှိခဲ့သလို မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်ခြောက်ယောက်ကို အန်ကယ့်အနေနဲ့ စိတ်ထဲကနေတောင်မှ ဘယ်သူတစ် ဘယ်သူနှစ်လို့ ဆုံးဖြတ်ကြည့်လို့ မရနိုင်လောက်အောင် အားလုံးက အရမ်းတော်လွန်းနေကြောင်းနဲ့ အန်ကယ်ကိုယ်တိုင် ပါဝင်ခဲ့ရတဲ့ ဒီတစ်ပတ်အတွင်းမှာပင် အခုလို အဆိုဝါသနာရှင် ရွက်ပုန်းသီးလေးတွေကို အဆိုသာမက အကတွေအပြင် Performance တွေပါ အဖက်ဖက်က ပိုပိုတော်လာအောင် စည်းစနစ်တကျ ပျိုးထောင်ပေးတာတွေ့ရလို့ The X Factor Myanmar ကို အရမ်းကြိုက်ပြီး အရမ်းလေးစားကြောင်း ပြောခဲ့ပါတယ်။

     အန်ကယ်စကားပြောပြီးနောက်မှာတော့ SMS Voting တွေ Facebook Voting တွေအရ နောက်တစ်ပတ် ဆက်ရှိနေခွင့်ရမယ့် ပြိုင်ပွဲဝင်တွေကို ကြေငြာပြီးတဲ့နောက်မှာတော့ မငယ်ငယ်ရဲ့ Boys Category က ကျော်ဇင်သန့် (X12) နဲ့ မဇမ်နူးရဲ့ Girls Category က တစ်ယောက်တည်းကျန်ရှိတော့တဲ့ မယ်လိုဒီခေါင် (X08) တို့ နှစ်ယောက်က Sing Off အခြေအနေနဲ့ Buttom ထိုင်ခဲ့ရပါတယ်။

      သူတို့နှစ်ယောက်လုံး Sing Off သီချင်းမသီဆိုခင်မှာ မဇမ်နူးက မယ်လိုဒီခေါင်ကို မမျှော်လင့်ထားတဲ့ အခြေအနေကြောင့် စိတ်ဓာတ်မကျဖို့နဲ့ ကိုယ်ရဲ့အားသာချက်ကို ကောင်းကောင်းအသုံးချပြီး ပရိသတ်တွေကို စီးမျောခံစားရအောင် သီဆိုဖို့အားပေးစကားပြောခဲ့ပါတယ်။ မငယ်ငယ်က ကျော်ဇင်သန့်ကို သူပြောနေကြ စကားအတိုင်း ပြိုင်နေတာ မဟုတ်ဘဲ ပရိသတ်ကို ဖျော်ဖြေနေတယ်လို့ သဘောထားပြီး ရင်ထဲမှာရှိတဲ့အတိုင်း  ဖျော်ဖြေပါလို့ မှာခဲ့ပါတယ်။

        ဒိုင်လူကြီးနှစ်ယောက်ရဲ့ အားပေးစကားအပြီးမှာတော့ မယ်လိုဒီခေါင် (X08) က တေးရေး - ငဲငယ်လေး ရေးထားတဲ့ “ကျေနပ်ပါတယ်”ဆိုတဲ့ သီချင်း၊ ကျော်ဇင်သန့် (X12) က တေးရေး - ဟန်ထူးလွင် ရေးထားတဲ့ “ကင်ဆာ” ဆိုတဲ့ သီချင်းနဲ့ အသီးသီး Sing Off သီဆို ယှဉ်ပြိုင်ခဲ့ကြပါတယ်။

 ဒိုင်တွေရဲ့ နောက်ဆုံးရွေးချယ်မှုလုပ်ကြရာမှာတော့ မဇမ်နူးက ပြိုင်ပွဲဝင်တွေအားလုံး ဒီအချိန်အထိ ကြိုးစားယှဉ်ပြိုင်ကြတာကို ကျေနပ်အားရပေမယ့် ကိုယ့် Category ကိုပဲ ကိုယ်ရပ်တည်ပါတယ်ဆိုပြီး ကျော်ဇင်သန့်ကို အိမ်ပြန်လွှတ်ပြီး မယ်လိုဒီခေါင်ကို Save ခဲ့ပါတယ်။

    မငယ်ငယ်ကလည်း Final မှာ သုံးယောက်ပဲ ကျန်ခဲ့ရမှာဆိုတော့ အခုခြောက်ယောက်ထဲကနေ တစ်ဝက်က ထပ်လျှော့ရမှာ ဖြစ်ပြီး အခုကျန်နေခဲ့တဲ့ ပြိုင်ပွဲဝင်တွေကိုလည်း သံယောဇဉ်ဖြစ်နေတာကြောင့် အခုလိုဆုံးဖြတ်ရတာ သိပ်ခက်ခဲပါတယ်လို့ပြောရင်း ကိုယ့် Category ဖြစ်တဲ့ ကျော်ဇင်သန့်ကို Save လုပ်ပြီး မယ်လိုဒီခေါင်ကို အိမ်ပြန်လွှတ်ပါတယ်။

      ကိုစည်သူလွင်ကလည်း ပြိုင်ပွဲအစကတည်းက လေ့လာခဲ့ရသလောက် ပြိုင်ပွဲဝင်အားလုံးကို သိပ်သဘောကျေ ကြာင်း၊ အခု Sing Off သီဆိုသွားတော့လည်း နှစ်ယောက်လုံးက ကောင်းနေတာမလို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချရင်း ကျော်ဇင်သန့်ကို အိမ်ပြန်လွှတ်ပြီး မယ်လိုဒီခေါင်ကို Save ခဲ့ပါတယ်။

        စနေနေ့ဆို သိပ်ပျော်ဖို့ကောင်းပြီး တနင်္ဂနွေကတော့ တကယ်ကို စိတ်ပင်ပန်းပြီး       ဆုံးဖြတ်ရတာလည်း အရမ်းကို ခက်ခဲပါတယ်ဆိုတဲ့ ကိုဇဝါကလည်း ကျော်ဇင်သန့်ကိုပင် အိမ်ပြန်လွှတ်ပြီး မယ်လိုဒီခေါင်ကို Save လိုက်တာကြောင့် ဒီတစ်ပတ် The X Factor Myanmar ရဲ့ Artist Theme(Playboy Than Naing) မှာတော့ ပြိုင်ပဲဝင်နေတာ မဟုတ်ဘဲ ပရိသတ်ကို ဖျော်ဖြေနေတာပါလို့ အမြဲပြောတတ်တဲ့ ကျော်ဇင်သန့် (X12) က ပရိသတ်ကြီးကို နှုတ်ဆက်ပြီး အိမ်ပြန်သွားခဲ့ရပါတယ်။

   မငယ်ငယ်ကတော့ သူ့ရဲ့ Category က ဖြစ်တဲ့ ကျော်ဇင်သန့်ကို နှုတ်ဆက်ရာမှာတော့ ပြောချင်တာတွေ များနေပေမယ့် အဓိကဘာပြောချင်လဲဆိုတာကို ကျော်ကြီးသိမှာပါလို့ပြောရင်း အခုနှုတ်ဆက်တယ်ဆိုတာ အမြဲတမ်း ခွဲရတာ မဟုတ်တဲ့အကြောင်းကို မျက်ရည်တွေကြားက ပြောခဲ့ပါတယ်။  ကျော်ဇင်သန့်ရဲ့ ပရိသတ်တွေ လည်း ကျော်ဇင်သန့်လို မငယ်ငယ်လို ကြေကွဲထိခိုက်ခံစားနေရလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲရဲ့ စည်းကမ်းကိုက Final မှာ သုံးယောက်ပဲ ကျန်ခဲ့ရမှာ ဖြစ်တာကြောင့် ခက်ခဲဝမ်းနည်းတဲ့ ကြားကပဲ The X Factor Myanmar ရဲ့ ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင်ငါးယောက်က နောက်တစ်ပတ်မှာ ဘယ်လိုခေါင်းစဉ်အောက်မှာ ဘယ်လိုမျိုး ပုံစံတွေနဲ့ အကြိတ်အနယ် ဆက်ပြီးယှဉ်ပြိုင်ကြမယ်ဆိုတာကို Popolay နဲ့ အတူ စောင့်မျှော်ကြည့်ရှု အားပေး ကြရအောင်နော်။


12 Nov 2017     18,265 Views




RELATED

Most Popular of The X Factor Myanmar

Most Popular of TV SHOW