BEC-TERO TV

လမ်းအလယ်စတီးတိုင်များကြောင့် ယာဉ်တိုက်မှုမကြာခဏဖြစ်ပွား

16 Nov 2017     1,381 Views


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရေပန်းလမ်းဆုံမှ မန်ဆူဘုရားအထိထားရှိသည့် စတီးတန်းများကြောင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေသဖြင့် အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း ဒေသခံများထံမှ သိရှိရသည်။  

အဆိုပါ လမ်းတွင်ရှိသည့် လမ်းလယ်ပန်းခုံအပေါ်တွင် တပ်ဆင်ထားသော စတီးလက်တန်းများကြောင့် ယာဉ်ကြောတစ်ဖက်နှင့် တစ်ဖက် မမြင်ရသဖြင့် ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားနေရကြောင်း သိရသည်။

“စတီးလက်တန်းတွေက မြင့်လည်းမြင့်တယ်။ ပြီးတော့ စတီးတွေဆိုတော့ အလင်းရောင်ထိုးလိုက်တာနဲ့ မျက်စိက မမြင်ရတာတွေဖြစ်သွားတယ်။ ဒီဘက်ကနေ ကွေ့ဖို့အတွက် ဟိုဘက်ကလာတဲ့ ယာဉ်ကိုမမြင်ရဘဲ တိုက်မိမှုက ပိုများနေလို့ သင့်တော်သလိုပြင်ပေးစေလိုတာပါ။” ဟု လားရှိုးမြို့မှ ယာဉ်မောင်း ဦးစိုင်းလှကျော်က ပြောသည်။

အဆိုပါ စတီးတန်းများနေရာတွင် ယခင်က လမ်းလယ်ပန်းခုံများသာ ထားရှိခဲ့ပြီး စတီးတန်းများကြောင့် ယာဉ်များ ထိခိုက်မိပါက ကုန်ကျစရိတ်များနိုင်ခြင်းကြောင့် လမ်းလယ်ပန်းခုံများသာ ပြန်လည်ထားရှိရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူများအနေနဲ့ ဖြစ်ချင်တာတွေ၊ လုပ်သင့်တယ်ထင်တာတွေကို လာရောက်ဆွေးနွေးပေးကြပါ။ အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ။ အကြံပြုစာဖြစ်ဖြစ်၊ လူကိုယ်တိုင်ဖြစ်ဖြစ် လာရောက်တွေ့ဆုံပြီးတော့ အကြံပြုဆွေးနွေးနိုင်ပါတယ်။” ဟု လားရှိုးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးက ပြောသည်။

အဆိုပါ လမ်းသည် မန္တလေး-မူဆယ် အဝေးပြေးပြည်ထောင်စုလမ်းမကြီးပေါ်တွင်ဖြစ်ပြီး အဓိကထား အသုံးပြု နေသော လမ်းဖြစ်ကာ လမ်းဘေး ဘယ်၊ ညာတွင်လည်း စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချသဖြင့် ယာဉ်ကြော ပိတ်ဆို့ခြင်းနှင့် ယာဉ်မတော်တဆမှုများကြောင့် ပြန်လည်ပြုပြင်ပေးရန် ဒေသခံများ လိုလားလျှက်ရှိကြောင်း ရတနာပုံသတင်းစာတွင် ဖော်ပြထားသည်။

 


16 Nov 2017     1,381 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS