BEC-TERO TV

ရဲတိုက်က တစ်ခါတလေကိုယ့်ကိုကိုယ်သတ်သေချင်တယ်လို့တောင်ပြောတယ် လို့ပြောလိုက်တဲ့ ထောင်ထဲက မိတ်ဆွေ

16 Nov 2017     1,437 Views


သရုပ်ဆောင် ရဲတိုက် ဟာ မကြာခင်မှာ ထောင်ကပြန်လွတ်တော့မယ်လို့လဲ သိရပါတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း ရဲတိုက်ပြန်အလာကိုစောင့်နေကြပါတယ်။ ရဲတိုက်ထောင်ထဲမှာ ရှိနေတဲ့ အချိန် ဖြတ်သန်းခဲ့ပုံတွေကို အတူတူ နေခဲ့ သူက ပြန်လည်ဝေမျှထားပါတယ်။

“ကျွန်တော့နာမည် ကိုကျော်လှိုင်ဦးပါ မူးယစ်နဲ့ ထောင် ၁၅ နှစ်ကျခဲ့တာ ၂၀၁၄ မှာ လွတ်ငြိမ်းချမ်းသာ နဲ့ ပြန်လွတ်လာခဲ့ပါတယ်။ ရဲတိုက်ကို အရင်တုန်းကတော့လုံးဝမ မြင်ဖူးဘူး ။ မြန်မာကားလည်း အကြည့်နည်းတော့ သူ့ကိုမသိခဲ့ဘူး ။ မင်းသားတစ်ယောက်ထောင်ထဲရောက်လာတယ်ဆိုတော့မှ စမြင်ဘူးတယ် ။

 သူက အချုပ်ဆောင်စရောက်တော့ အရမ်းကြောက်နေတယ် ။ သူစရောက်တော့ သူသောက်နေကျဆေးတွေပါလာတာနဲ့ ထောင်ပိုင်ကလည်း ထောင်တွင်းဆေးရုံမှာပဲထားတယ်။ အဲ့ဒိမှာ သူနဲ့ စကားပြောရင်း ရင်းနှီးသွားတယ် ။ ညီအကိုအရင်းတွေလိုပဲ သူဝင်လာကတည်းက ကျွန်တော့ အနားမှာခေါ်ထားတာ နောက်ပိုင်းတော့ အိပ်လည်း တူတူ စားလည်း တူတူနေခဲ့ကြတယ် ။

သူက ဆက်ဆံရေး အရမ်းကောင်းပါတယ် ။ စစရောက်ချင်းတုန်းကတော့ လူတစ်ယောက်က အမြင့်ကနေပြုတ်ကျတဲ့ဒဏ်ကို ဘယ်သူမှမခံနိုင်ဘူးလေ သူလည်း ဒီလိုပဲပေါ့ ။ ရုပ်ရှင်မင်းသားတစ်ယောက်ကနေ ထောင်ထဲရောက်လာတော့ သူစိတ်လေတဲ့ အခါတွေလည်း ရှိတာပေါ့ ။ သူက ပစ္စည်းတွေ စားစရာတွေကများတော့ မရှိတဲ့ သူတွေကိုကျွေးတယ် ။ ပေးတယ် ။ အ၀တ်အစားမရှိလို့တောင်းတဲ့ သူတွေကိုလည်း ပေးလိုက်တာပါပဲ ။

သူစိတ်ဓာတ်ကျတဲ့ အခါတွေမှာ သူ့ကို အကိုအမြဲအားပေးတယ် ။ ညီလေးမင်း စိတ်ဓာတ်မကျနဲ့ ၊ မင်း အမှုက ဘယ်လောက်မှ ကျမှာမဟုတ်ဘူး အချိန်တန်ရင်ပြန်လွတ်မှာပဲ ငါတို့လည်း ဒီလိုပဲ ။ သူ့ကို အားမငယ်အောင် ဖေးဖေးမမ နဲ့ နေရတယ် ။သူနေပျော်အောင် ချုပ်ချယ်တာတွေမရှိအောင် လိုက်လုပ်ပေးရတယ် ။ ကျွန်တော်က သူ့ကို အမြဲပြောတယ် ။ ဒီမှာ ရှိနေတဲ့ အချိန်တွေမှာ အလုပ်တစ်ခုခု လုပ်ရင်လုပ် မလုပ်ချင်ဘူးဆိုရင် ဘုရားတရားလုပ်ဖို့ အမြဲပြောတယ် ။ တခါတလေ ကိုယ့်ကိုကိုယ် သတ်သေချင်တယ်လို့ ပြောတယ် ။ အဲ့ဒိလို အချိန်တွေဆိုရင် ကျွန်တော်က အားပေးတယ် ။ ညီလေး မင်းကို ပရိသတ်တွေက အရမ်းချစ်ကြတာ ။ အဲဒိလို သူစိတ်ပြေမယ့် အကြောင်းအရာတွေနဲ့ ပြောပြရတာပေါ့ ။

သူကတော့ ပြောဘူးတယ် မင်းသား သရုပ်ဆောင်လုပ်ရတာ ပင်ပန်းတယ် ။ နေပူုထဲလဲ ရိုက်ရတာတွေ အများကြီး သူများ မင်းသားတွေလိုလည်း သရုပ်ဆောင်ခ အများကြီး မရတော့ ရတဲ့ ပိုက်ဆံကြတော့လည်း သရုပ်ဆောင်တဲ့ အခါ ၀တ်ဖို့အတွက် အ၀တ်အစားဖိုးတွေ ကုန်တာပါပဲ . မင်းသားတိုင်းကို အထင်မကြီးပါနဲ့ အပြင်လူလိုပဲ စီးပွားရေး အရ လုပ်ကိုင်ရှာဖွေစားရတာပါပဲ ။ သူအပြင်ရောက်တဲ့ အခါတော့ သူအရင်ကထက် ပိုအောင်မြင်အောင်လုပ်မယ် ဆိုတာတော့ ပြောတယ် ။

စိတ်မကောင်းဆုံးစကားရှိတယ် ဖွေးဖွေး အကယ်ဒမီ ရတဲ့ နှစ်က ထောင်ထဲမှာ တီဗီကြည့်နေရင်း သူတချက် မျက်ရည်ကျတယ် . သူအကယ်ဒမီ ဆိုတဲ့ အရာကို လိုချင်ခဲ့တာလို့ ပြောဖူးတယ် ။ အခုလို ထောင်ထဲ ရောက်ရလိမ့်မယ်လို့ သူမထင်ခဲ့ဘူးတဲ့ ။ သူ့ဘ၀ က မီးထိုးမှန်ထိုး ဘ၀ ကနေ တက်လာရတာလို့လည်း ပြောဖူးတယ် ။

သူက ၀ိတ်တက်မှာဆိုးလို့ အစားတော့ လျှော့စားတယ် ။ အခန်းရဲ့ တံခါးနားမှာ ဘုရား ရှိတယ် ။ ဘုရားကို တနေ့ သုံးကြိမ် ရှိခိုးတယ် ။ မေတ္တာသုတ် တွေ လဲ အကုန်ရွတ်တယ် ။ သူ့ကို အပြင်မှာတော့ ဘယ်လိုထင်လဲမသိဘူး ထောင်ထဲမှာတော့ ဗုဒ္ဓဘာသာပဲ ကိုးကွယ်တယ် ။ တချက်တချက် သူ စိတ်ပေါက်တဲ့ အချိန်တွေမှာ ညီလေး မင်းသီချင်းဆိုလိုက်ဆိုရင် သူဆိုနေကျ ဂျက်စတင်ဘီဘာရဲ့ သီချင်းတွေ အော်ဆိုပြီး ဆိုတာမောရင် အိပ်တယ် ။ သူပုံမှန်နေတာကတော့ ည၀တ်အိပ်တဲ့ ၀မ်းဆက်နဲ့ပဲနေတယ် ။ ဘုရားရှိခိုးမယ်ဆိုရင်တော့ သေသေသပ်သပ်လေးဝတ်ပြီး ဘုရားရှိခိုးလေ့ရှိတယ် ။

အခု သူလွတ်တော့မယ်ဆိုတော့ အရမ်းဝမ်းသာတာပေါ့ဗျာ ။ ကိုယ်ကသာ လွတ်လာပြီး သူက ထောင်ထဲမှာ ကျန်ခဲ့တော့လေ ။ သူ့ကိုသွားတွေ့ဖို့ဆိုတာလည်း မလွယ်ဘူးလေ ကိုယ်က လက်လုပ်လက်စားသမားလေ ။ သူ့ကိုသွားတွေ့ရင် သုံးလေးသောင်းကုန်မှာလေ ။ သူလွတ်လာတဲ့ အချိန် သူ့ကိုညီအကိုရင်း စိတ်ဓာတ်နဲ့ တချက်လောက်ဖက်ပြီး စကားလေးပြောချင်မိတယ်။ သရုပ်ဆောင်လောကမှာ သူဖြစ်ချင်တဲ့ အကယ်ဒမီ ဆိုတာလည်း ရစေချင်တယ် ။ သူပြန်လွတ်လာရင် အခုနာမည်ကြီးနေတဲ့ သရုပ်ဆောင်တွေထက်ပို နာမည် ကြီးစေချင်မိပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။

Credit:Democracy 


16 Nov 2017     1,437 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment