BEC-TERO TV

ဗိုလ်ချုပ်ပုံငွေစက္ကူထုတ်ရန် တပ်ကိုယ်စားလှယ်အားလုံး ကန့်ကွက်သော်လည်း လွှတ်တော်အတည်ပြု

17 Nov 2017     1,213 Views


မြန်မာကျပ်ငွေစက္ကူတွေပ်ါမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေဖို့ အဆိုကို တပ်မတော်သားကိုယ်စားလှယ်အားလုံးက ကန့်ကွက်ခဲ့ပေမယ့် ထောက်ခံသူများလို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
နိုဝင်ဘာ ၁၇ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မြိုင်မဲဆန္ဒနယ်က ဦးအောင်ခင်ဝင်း၊ တင်သွင်းတဲ့
 
“ရှေ့အနာဂတ်ကာလတွင် ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း”
 
အဆိုကို တပ်မတော်သားကိုယ်စားလှယ် ၁ ဦး အပါအဝင် ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
အရပ်သားကိုယ်စားလှယ် ၇ ဦးက ထောက်ခံဆွေးနွေးခဲ့ပေမယ့် တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးကျော်မင်းလှိုင်ကတော့ နိုင်ငံ့စီးပွားရေး နှေးကွေးနေချိန်မှာ ထုတ်ဝေဖို့ မသင့်သေးဘူးလို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြောဆိုသွားပါတယ်။
 
“ငွေစက္ကူအသစ်ကို ဒီဇိုင်းအသစ်ဖြင့် ရိုက်နှိပ်ထုတ်ဝေမည်ဆိုပါက လက်ရှိ နိုင်ငံအတွင်း လှည့်လည်သုံးစွဲနေတဲ့ ငွေပမာဏနီးပါးပြည့်မီအောင် တဖြည်းဖြည်း အချိန်ယူ အစားထိုး ဖြန့်ဝေသွားရမှာဖြစ်တယ်၊ နှစ်စဉ် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ် ဘီလီယံနှင့်ချီပြီး သုံးစွဲနေရလို့ ငွေစက္ကူရိုက်နှိပ်ခများအပြင် ဒီဇိုင်းရေးဆွဲခများပါ ပိုမိုကုန်ကျလာမှာဖြစ်တယ်၊ ငွေကြေးစနစ်ကို ပုံဖော်ရာမှာ ငွေကြေးပေါ်က အမှတ်တံဆိပ်များကို ပြောင်းလဲခြင်းထက် ငွေကြေးတန်ဖိုး ခိုင်မာအောင်လုပ်ခြင်းက ပိုပြီး အခြေခံကျကြောင်း တွေ့ရှိရ၊ နိုင်ငံ၏စီးပွား နှေးကွေးနေချိန်တွင် မဆောင်ရွက်သင့်ပါကြောင်း။”
 
ဗိုလ်ချုပ်ပုံငွေစက္ကူရိုက်ဖို့အဆိုကို ဗဟိုဘဏ်ကလည်း ထောက်ခံအတည်ပြုခဲ့ပြီး လွှတ်တော်ထဲ မဲခွဲဆုံးဖြတ်တဲ့အခါမှာတော့ တပ်မတော်သားကိုယ်စားလှယ် အားလုံးက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။
ပြည်သူ့လွှတ်တော်မှာ အဆိုကို ထောက်ခံသူ ၂၈၆ မဲ၊ ကန့်ကွက်သူ ၁၀၉ မဲ ရှိတဲ့အတွက် အဆိုအတည်ပြုတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။
 
Credit ... burmese.dvb.no

17 Nov 2017     1,213 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS