BEC-TERO TV

ပြိုင်ပွဲအရှိန်မြင့်လာတဲ့ The X Factor Myanmar

19 Nov 2017     1,114 Views


   The X Factor Myanmar ရဲ့ ဒိုင်လူကြီး တစ်ဦးဖြစ်တဲ့ မငယ်ငယ်ကတော့ ဒီနေ့က ရင်ခုန်စရာနေ့ဆိုတာထက် ရင်တုန်စရာနေ့ပါလို့ ပွဲမစခင်က မှတ်ချက်ပေးခဲ့ပါတယ်။ မငယ်ငယ်ပြောခဲ့သလိုပဲ The X Factor Myanmar ရဲ့ တနင်္ဂနွေညတွေက တစ်ပတ်ထက်တစ်ပတ် လူတွေလျှော့သွားလေ ပိုပြီး ရင်တုန်ရလေဖြစ်လာပါတယ်။ တနင်္ဂနွေညဆို ဒိုင်လူကြီးတွေလည်း ရင်တုန်ရသလို ပြိုင်ပွဲဝင်တွေနဲ့ အတူ ပရိသတ်ကြီးလည်း ရင်တုန်ရပါတယ်။

    ဒီနေ့ Result Show အစမှာတော့ ငါးယောက်သာ ကျန်ရှိတော့တဲ့ ပြိုင်ပွဲဝင်တွေက သူတို့ကိုယ်သူတို့အားပေးရင်း Rachel Platten ရဲ့ “Fight Song” ဆိုတဲ့ သီချင်းကို Group Song တစ်ခုအဖြစ် သီဆိုဖျော်ဖြေသွားကြပါတယ်။

   Group Song အပြီးမှာတော့ အားလုံးက ချစ်ရတဲ့ ညီမလေး “ပန်းရောင်ခြယ်” က တေးရေး - စန္ဒရား ကွန်းဇော် ရေးထားတဲ့ “မောင်လူချော” သီချင်းရယ် Judy Garland ရဲ့ “Somewhere Over the Rainbow” ဆိုတဲ့ သီချင်းနှစ်ပုဒ်နဲ့ သီဆိုဖျော်ဖြေခဲ့ပြီး The X Factor Myanmar ရဲ့ ပြိုင်ပွဲဝင်တွေကို ဒီနေ့မှာ နှုတ်ထွက်ခဲ့ရရင် ဝမ်းမနည်းဘဲ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းဖို့နဲ့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါစေ ဆိုပြီး အားပေး ဆုတောင်းစကားပြောခဲ့ပါတယ်။

      ပန်းရောင်ခြယ်ရဲ့ ဖျော်ဖြေမှုအပြီး Voting Result ကို ကြေငြာခဲ့ရာမှာတော့ ယမုံ (X03) နဲ့ မယ်လိုဒီခေါင် (X08) တို့ Buttom ထိုင်ခဲ့ရပါတယ်။ မယ်လိုဒီခေါင်က တေးရေး - မြင့်မိုးအောင်ရေးထားတဲ့ “လမ်းခွဲ”၊ ယမုံက တေးရေး - မောင်သစ်မင်း ရေးထားတဲ့ “အမိန့်” ဆိုတဲ့ သီချင်းတွေနဲ့ နှစ်ယောက်လုံး Sing Off သီဆိုခဲ့ကြပါတယ်။

  Sing Off သီဆိုယှဉ်ပြိုင်မှုအပြီး ဒိုင်လူကြီးတွေ ဆုံးဖြတ်ရတဲ့ အချိန်ကို ရောက်လာတဲ့ အခါမှာတော့ ပြိုင်ပွဲဝင်နှစ်ယောက်လုံးက ပြိုင်ပွဲအစကတည်းက အခုအထိ အရမ်းကို ကြိုးစားခဲ့ကြတဲ့ ပြိုင်ပွဲဝင်နှစ်ယောက် ဖြစ်နေတာကြောင့် ဒိုင်လူကြီးလေးယောက်စလုံး အခက်တွေ့ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲရဲ့ ထုံးစံကိုက တစ်ယောက်ကို ကြိမ်းသေအိမ်ပြန်လွှတ်ရမှာ ဖြစ်နေတာကြောင့် ကိုစည်သူလွင်က သူ့ရဲ့ Category ဖြစ်တဲ့ ယမုံကို Save ပြီး မယ်လိုဒီခေါင်ကို အိမ်ပြန်လွှတ်ခဲ့ပါတယ်။ အဲဒီလိုပဲ မဇမ်နူးကလည်း သူ့ရဲ့ Category ဖြစ်တဲ့ မယ်လိုဒီခေါင်ကို Save ပြီး ယမုံ့ကို အိမ်ပြန်လွှတ်ခဲ့ပါတယ်။ ကျန်တဲ့ ဒိုင်လူကြီးနှစ်ယောက်ဖြစ်တဲ့ ကိုဇဝါနဲ့ မငယ်ငယ်ကတော့ ယမုံ့ကို Save ပြီး မယ်လိုဒီခေါင်ကို အိမ်ပြန်လွှတ်တာကြောင့် ယမုံက သုံးမဲရရှိသွားခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်ခွင့် ရသွားခဲ့ပါတယ်။ ပြိုင်ပွဲဝင် မယ်လိုဒီခေါင် (X08) ကိုတော့ နှုတ်ဆက်ပြီး အိမ်ပြန်လွှတ်ခဲ့ ရပါတယ်။ မဇမ်းနူးကတော့ သူရဲ့ Category က ကျန်ရှိနေတဲ့ နောက်ဆုံးအဖွဲ့ဝင် ဖြစ်တဲ့ မယ်လိုဒီခေါင် ကိုပါ နှုတ်ဆက်လိုက်ရတာကြောင့် အမြဲ ပြုံးပျော်နေတတ်တဲ့ မဇမ်းနူးတစ်ယောက် အရမ်းဝမ်းနည်းကာ မျက်ရည်များပင် ကျလာခဲ့ပါတယ်။ အဲဒီလို မျက်ရည်တွေ ကြားကပင် မယ်လိုဒီခေါင်ကို သားငယ်လေး အဲရစ်ဆီကရတဲ့ ခွန်အားတွေကို အသုံးပြုပြီး ဒီအနုပညာလမ်းပေါ် ဆက်လျှောက်လှမ်းဖို့နဲ့ အောင်မြင်တဲ့အထိ ကြိုးစားဖို့ အားပေးစကားပြောခဲ့ပါတယ်။

 တစ်ပတ်ထက်တစ်ပတ် ပြိုင်ပွဲက ပိုပိုပြီး အရှိန်မြင့်လာသလို သိပ်ကို ရင်တုန်ရပါတယ်။ ဒီနေ့မှာလည်း The X Factor Myanmar ကနေ  ပြိုင်ပွဲဝင်တစ်ယောက်ကို စိတ်မကောင်းစွာနဲ့ ထပ်ပြီး အိမ်ပြန် လွှတ်လိုက်ရပြန်ပါပြီ။ ဒါပေမယ့်လည်း ပြိုင်ပွဲရဲ့ စည်းကမ်းကိုက Final မှာ သုံးယောက်ပဲ ကျန်ခဲ့ရမှာ ဖြစ်တာကြောင့် ဆက်လက်ရင်တုန်ရင်း The X Factor Myanmar ရဲ့ ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင် လေးယောက်ထဲက ဘယ်သုံးဖွဲ့က Final ကို တက်လှမ်းခွင့်ရမယ်ဆိုတာကို နောက်တစ်ပတ်မှာလည်း Popolay နဲ့ အတူတူ ရင်တုန်အားပေးလိုက်ကြရအောင်နော်။

 

 

 


19 Nov 2017     1,114 Views




RELATED

Most Popular of The X Factor Myanmar

Most Popular of TV SHOW