BEC-TERO TV

နည်းပြဗန်တူရာကိုရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်တဲ့ အီတလီအသင်း

20 Nov 2017     1,306 Views


ကမ္ဘာ့ဖလားဝင်ခွင့်နဲ့လွဲချော်ခဲ့တဲ့ အီတလီအသင်းကတော့ သူတို့အသင်းရဲ့နည်းပြဗန်တူရာကို ရာထူးမှထုတ် ပယ်လိုက်ပြီဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။အီတလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-Off ပွဲစဉ်မှာ ဆွီဒင်အသင်းကို (၂) ကျော့ပေါင်းရလဒ် (၁) ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး (၁၉၅၈) ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ခဲ့ပါတယ်။ ကမ္ဘာ့ ဖလားသမိုင်းမှာ အစဉ်အလာကြီးမားပြီး တောင့်တင်းတဲ့လူစာရင်းကိုပိုင်ဆိုင်ထားတဲ့ အီတလီအသင်းအတွက် အဆိုပါရလဒ်ဟာ အတော်လေးဆိုးရွားခဲ့တာကြောင့် ယခုအခါမှာ အီတလီအသင်းဟာ နည်းပြဗန်တူရာကို ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
 
နည်းပြဗန်တူရာဟာ (၂၀၁၆) ခုနှစ်၊ဇွန်လ က ချယ်ဆီးအသင်းကိုနည်းပြအဖြစ်ပြောင်းရွှေ့သွားခဲ့တဲ့ အီတလီနည်းပြဟောင်း ကွန်တီရဲ့နေရာကိုအစားထိုး ကိုယ်တွယ်ခဲ့တာဖြစ်ပြီး၊သူ့လက်ထက်မှာအီတလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ (၁၀) ပွဲမှာ (၇) ပွဲနိုင် (၂) ပွဲသရေ နဲ့ (၁) ပွဲရှုံးနိမ့်ခဲ့ပါတယ်။
ဥရောပဇုန်ခြေစစ်ပွဲအုပ်စု (G) မှာ ရမှတ် (၂၃) မှတ်နဲ့ ဒုတိယနေရာမှာသာ ရပ် တည်နေခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့အတွက် Play-Off ပွဲစဉ်အဖြစ် ဆွီဒင်အသင်းနဲ့ရင်ဆိုင်ကစားခဲ့ရာမှာ တော့ အဝေးကွင်းမှာ (၁) ဂိုး၊ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့သလို၊အိမ်ကွင်းမှာလည်း သရေရလဒ်သာထွက်ပေါ်ခဲ့တာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်ကိုလွဲချော်ခဲ့ပါတယ်။
 
အဆိုပါပွဲစဉ်မှာ နည်းပြဗန်တူရာရဲ့လူစာရင်းအပြောင်းအလဲပြုလုပ် ပုံနဲ့ပက်သက်ပြီး ဝေဖန်မှုတွေရှိခဲ့သလို၊ဆွီဒင်နဲ့ပွဲစဉ်အပြီးမှာလည်း အသင်းမှကစားသမားတွေဖြစ်တဲ့ ဘူဖွန်၊ ဘာဇဂါနီ၊ချီရယ်လီနီနဲ့ဒီရော့စီတို့က လက်ရွေးစင်ကစားသမားဘ၀မှအနားယူခဲ့ကြပါတယ်။အီတလီအသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို (၄) ကြိမ်အထိရယူနိုင်ခဲ့ပြီး၊ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဒုတိယအအောင်မြင် ဆုံးအသင်းအဖြစ် ဂျာမနီအသင်းနဲ့ပူးတွဲရပ်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။

20 Nov 2017     1,306 Views




RELATED

Most Popular of Football

Most Popular of NEWS