BEC-TERO TV

ရှေ့ကလမ်းတွေရဲ့ပိုင်ရှင် ဘယ်သူဖြစ်မလဲ?

02 Dec 2017     11,391 Views


ဒီနေ့က The X Factor Myanmar 2017 Final Week ရဲ့ ပထမနေ့။ ဒီနေ့ ပြိုင်ပွဲကို ကြည့်ပြီးတော့ ကျွန်မခေါင်းထဲ ပထမဆုံးဝင်လာတဲ့ အတွေးက ငါဘယ်သူ့ကို Voting ပေးရပါ့မလဲဆိုတဲ့အတွေး၊ အချိန်ကိုသာ ရီမုတစ်ခုနဲ့ ရှေ့ရစ်နောက်ရစ်လုပ်လို့ရမယ်ဆိုရင် မနက်ဖြန်တနင်္ဂနွေနေ့ကို အခုပဲရစ်ပြီး သွားလိုက်ချင်တဲ့ အထိ Winner Song ပိုင်ရှင်ကို သိချင်သွားပါတယ်။

ဒီနေ့ပြိုင်ပွဲရဲ့ အစမှာတော့ The X Factor Myanmar ရဲ့ ဇာတ်လိုက်ကျော်ကြီးတစ်ယောက် ဖြစ်တဲ့ အစီအစဉ်တင်ဆက်သူ ကိုမှူးသီဟသူက ခါတိုင်းတွေ့နေကြ ပုံစံမျိုးနဲ့ ထွက်လာတာမဟုတ်ဘဲ  ရွှေဆွဲကြိုး အကြီးကြီးဆွဲ  မျက်မှန်မည်းကြီးတပ် ကပ်ဆက်ထမ်းပြီး   မြူးမြူးကြွကြွလေးကရင်း “တောဂေါ်လီ” နဲ့အတူ ထွက်လာရင်း ပရိသတ်ကြီးကို ဖျော်ဖြေကာ အမောပြေစေခဲ့ပါတယ်။

ကိုမှူးသီဟသူရဲ့ သီဆိုဖျော်ဖြေမှုအပြီးမှာတော့ The X Factor Myanmar 2017 ရဲ့ Judge လေးဦးကနေ Final အထိ ရောက်လာခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အပေါ် သူတို့ရဲ့ ယုံကြည်ချက်တွေနဲ့ အားပေးမှုတွေကို ပြောပြခဲ့ပါတယ်။ ဒီနေ့ပြိုင်ပွဲမှာ Final ကိုရောက်လာတဲ့ ပြိုင်ပွဲဝင်သုံးဖွဲ့က တစ်ဖွဲ့လျှင် သူ့တို့စိတ်ကြိုက်ရွေးထားတဲ့ သီချင်းတစ်ပုဒ်၊ ကိုဇဝါရေးစပ်ပေးထားတဲ့ “ရှေ့ကလမ်းတွေ” ဆိုတဲ့ သီချင်းတစ်ပုဒ် စုစုပေါင်းနှစ်ပုဒ်နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ရပါတယ်။

“ရှေ့ကလမ်းတွေ” ဆိုတဲ့ Winner Song လေးက The X Factor Myanmar ရဲ့ ပြိုင်ပွဲဝင်တွေ ထွက်လာနေကြ တံခါးဝလေးနဲ့ သူတို့ရင်ထဲက ဆန္ဒတွေ၊ မျှော်လင့်ချက်တွေ သူတို့ရင်ဆိုင်ကျော်လွှားခဲ့ကြတဲ့ အခက်အခဲတွေကို ခံစားရင်း ရေးဖွဲ့ထားခဲ့တာပါဆိုတဲ့ အကြောင်းကို ကိုဇဝါက ပြိုင်ပွဲမစခင်မှာ ပြောပြခဲ့ပါတယ်။

ပြိုင်ပွဲအစမှာတော့ ချင်းတိုင်းရင်းသားလေးသုံးဦး ပေါင်းစပ်ထားတဲ့ Oxygen (X06) အဖွဲ့က တေးရေး - စောဘွဲ့မှူးရေးထားတဲ့ “မီးအိမ်ရှင်မလေး” ဆိုတဲ့ သီချင်းကို ချင်းတိုင်းရင်းသားတို့ရဲ့ ရိုးရာအကလေးတွေကို ချင်းတောင်တန်းတွေ နောက်ခံထားပြီး မြူနှင်းငွေ့တွေ ကြားမှာသီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

တလက်လက်တောက်ပနေတဲ့ ငွေရောင် ဝတ်စုံရှည်ကြီးနဲ့ လှချင်တိုင်းလှနေတဲ့ ယမုံ (X03) က တေးရေး - စောခူဆဲရေးထားတဲ့ “မှန်နေတဲ့အမှား” ဆိုတဲ့ သီချင်းလေးကို ခံစားချက်အပြည့်နဲ့ သူ့ရဲ့ ကိုယ်ပိုင် စင်မြင့်လေးပေါ်မှာ ညိမ့်ညိမ့်ငြောင်းငြောင်းလေး သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့ စင်မြင့်လေးအနောက်မှာလည်း Angel Wings လေးနဲ့ဆိုတော့ Angel လေးတစ်ယောက် လေထဲမှာ လွင့်နေသလို ခံစားလိုက်ရပါတယ်။ ယမုံ့ရဲ့ ဘဝမှာ မွန်းကြပ်တဲ့အချိန် လဲကျသွားတဲ့ အချိန်တွေတိုင်းမှာ အမြဲအားပေးနှစ်သိမ့်တွဲထူပေးတတ်တယ်ဆိုတဲ့ သူမခင်ပွန်းကလည်း ပရိသတ်ကြီးနဲ့ အတူတူ လာအားပေးနေခဲ့ပါတယ်။

ပြိုင်ပွဲ အပတ်တိုင်းမှာ ပရိသတ်ကြီးဆီက အားပေးမှုအများကြီးရသလို ဒိုင်လူကြီးတွေနဲ့ ပြိုင်ပွဲဝင်တွေ အချင်းချင်းတောင်မှ သူက အရမ်းကြိုးစားသူဖြစ်ကြောင်း အသိအမှတ်ပြုထားတဲ့ ပြိုင်ပွဲဝင် David Derrick (X11) ကတော့ သူ့မူအတိုင်းပင် သီချင်းနဲ့လိုက်ဖက်တဲ့ Performance တွေ လုပ်ရင်း တေးရေး - မြင့်မိုးအောင်ရေးထားတဲ့ “ရပ်” ဆိုတဲ့ သီချင်းကို သီချင်းရဲ့ သံစဉ်စာသားတွေပေါ်လိုက်ပြီး ခံစားသက်ဝင်မဥ အပြည့်နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

စိတ်ကြိုက်ရွေးထားတဲ့ သီချင်းတွေကို သီဆိုယှဉ်ပြိုင်ပြီးတဲ့နောက်မှာတော့ ပြိုင်ပွဲဝင်သုံးဖွဲ့က Judge ဖြစ်သူ ကိုဇဝါရေးစပ်ပေးထားတဲ့ Winner Song ဖြစ်တဲ့ “ရှေ့ကလမ်းတွေ” ဆိုတဲ့ သီချင်းကို အဖွဲ့သုံးဖွဲ့ Version သုံးမျိုးနဲ့ သီဆိုခဲ့ပါတယ်။

“ရှေ့ကလမ်းတွေ” ကို သီဆိုယှဉ်ပြိုင်တဲ့ အခါမှာ David ကလည်း သူ့ရဲ့ အားသာချက်တွေအတိုင်း သီချင်းကို သူ့နဲ့အလိုက်ဖက်ဆုံးလို့ ပြောရလောက်အောင် လေးနက်တဲ့ အဓိပ္ပာယ်ပေါ်အောင်သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

ယမုံကလည်း ပြိုင်ပွဲစင်တစ်လျှောက်လုံး တွေ့ဖူးခဲ့တဲ့ ယမုံမဟုတ်ဘဲ ယမုံအသစ်တစ်ယောက် သီဆိုနေသလိုပင် မြူးမြူးသွက်သွက်လေးနဲ့ သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။

Oxygen အဖွဲ့ကလည်း သုံးယောက်လုံး အပေးအယူမျှမျှနဲ့ သီချင်းလေးကို ချစ်စရာကောင်းတဲ့ သီချင်းလေးတစ်ပုဒ်အဖြစ် အသက်သွင်းရင်း သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

“ရှေ့ကလမ်းတွေ” ဆိုတဲ့ သီချင်းကို သုံးဖွဲ့လုံးသီဆိုယှဉ်ပြိုင် အပြီးမှာတော့ ဆောင်းပါးအစက ကျွန်မပြောခဲ့သလို အတွေးတွေဝင်လာပါတော့တယ်။ ဒီနေ့ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သုံးဖွဲ့က သီချင်းတစ်ပုဒ်တည်းကို မတူညီဘဲ ကွဲပြားခြားနားလွန်းတဲ့ Version တွေနဲ့ အတူ ဒီသီချင်းက ငါတို့သီချင်းဆိုပြီး ပြောပြနေတယ်လို့ ထင်ရလောက်အောင်ကို အရမ်းကောင်းလွန်းပါတယ်။ ကျွန်မလိုပဲ ပရိသတ်ကြီးလည်း ဘယ်သူကို Voting ပေးလို့ ပေးရမှန်းမသိတဲ့ အခြေအနေမျိုးကြုံတွေ့ခဲ့ရမယ်လို့ ထင်ပါတယ်။ မနက်ဖြန်ပြိုင်ပွဲ Result က သီချင်းပိုင်ရှင်ဘယ်သူလဲ ဆိုတာကို ဆုံးဖြတ်ပေးမှာပါ။ အဲဒီတော့ မနက်ဖြန် တနင်္ဂနွေနေ့ Voting Line တွေ မပိတ်ခင် မြန်မြန်စဉ်းစားပြီး Voting ပေးကြရအောင်နော်။


02 Dec 2017     11,391 Views




RELATED

Most Popular of The X Factor Myanmar

Most Popular of TV SHOW