BEC-TERO TV

Winner ဘယ်သူလဲဆိုတာ သိပြီးကြပြီလား?

04 Dec 2017     55,390 Views


The X Factor Myanmar 2017 ဆိုတဲ့ ခရီးစဉ်အရှည်ကြီးကတော့ ဒီနေ့ပဲ ပြီးဆုံးသွားခဲ့ပါပြီ။

ဘယ်လိုလဲ ပရိသတ်ကြီးရေ….

မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာရဲ့လား?

     Result Show ပွဲမစခင်ကတော့ ဒိုင်လူကြီလေးယောက်ရော အစီအစဉ်တင်ဆက်သူရော ပြိုင်ပွဲဝင်တွေရော အားလုံးက ရင်တွေခုန် စိတ်တွေလှုပ်ရှားနေခဲ့ကြပါတယ်။ ဒိုင်လူကြီးတွေကတော့ ဒီနှစ်ကခါတိုင်းနှစ်တွေနဲ့ မတူဘဲ ဘယ်သူ Winner ဖြစ်မယ်ဆိုတာကို အရိပ်အယောင်တောင် မခန့်မှန်းနိုင်တာကြောင့် ပိုပြီးစိတ်လှုပ်ရှားရတယ်လို့ ပြောခဲ့ပါတယ်။ သုံးဖွဲ့လုံးက အရမ်းကြိုးစားကြပြီး အရမ်းတော်ကြလို့ ကိုယ့် Category မှမဟုတ်ဘူး ဘယ်သူရရထိုက်တန်လို့ရတာပါလို့ ဒိုင်လူကြီးလေးယောက်လုံးက တညီတညွတ်ထဲ ပြောခဲ့ကြပါတယ်။

    ဒိုင်လူကြီးတွေရဲ့ ရင်ခုန်သံစကားတွေ အပြီးမှာတော့ The X Factor Myanmar 2017 ရဲ့ ခရီးစဉ်ကို လျှောက်လှမ်းခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ကြတဲ့ The X Factor Myanmar 2017 ရဲ့ ပြိုင်ပွဲဝင် ၁၂ယောက်လုံးကို ဒီနေ့ စတိတ်စင်ပေါ်မှာ ထပ်မံမြင်တွေ့ခဲ့ရပြန်ပါတယ်။ သူတို့ အားလုံးအတူစုပေါင်းပြီး တေးရေး - မောင်ဆွေနွယ်ရေးထားတဲ့ “မယ်သီတာခိုးတာဘယ်သူလဲ” ဆိုတဲ့ သီချင်းကို Group Song တစ်ခုအဖြစ်ပုံဖော်ပြီး သူတို့ချစ်တဲ့ပရိသတ်ကြီးကို စင်မြင့်ထက်ကနေ နောက်တစ်ကြိမ် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

    Group Song သီဆိုဖျော်ဖြေမှုအပြီးမှာတော့ ဧည့်သည် အဆိုရှင်ဖြစ်တဲ့ L လွန်းဝါက သူကိုယ်တိုင်ရေးထားတဲ့ “အဖြူသက်သက်” ဆိုတဲ့ သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ ပြိုင်ပွဲမစခင် ပြင်ဆင်မှုတွေ လုပ်နေကတည်းက ရောက်လာခဲ့တဲ့ L လွန်းဝါက ပြိုင်ပွဲဝင်တွေရဲ့ ပြင်ဆင်မှုတွေကို ကြည့်ပြီး သူတို့က ဒီနှုန်းအတိုင်းဆက်ကြိုးစားဖို့နဲ့ အားလုံးက အောင်မြင်မယ့်လူတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောရင်း အားပေးစကားပြောခဲ့ပါတယ်။

   L လွန်းဝါရဲ့ သီဆိုဖျော်ဖြေမှု အပြီးမှာတော့ ဧည့်သည်အဆိုရှင် နောက်တစ်ဦးဖြစ်တဲ့ ဂျီလတ်က တေးရေး - ကမ္ဘာနဲ့မာရှယ်ရေးထားတဲ့ “စံပါယ်ဖြူများနှင့်အတူ” ဆိုတဲ့ သီချင်းနဲ့ သီဆိုဖျော်ဖြေပေးခဲ့ပြီး ပြိုင်ပွဲဝင်တွေကို ဆုရခြင်း မရခြင်းထက် ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ စိတ်ဓာတ်မကျဘဲ ကိုယ့်ရဲ့အိပ်မက်ကို ကြီးကြီးမားမားမျှော်လင့်ပြီး ကြီးကြီးမားမားယုံကြည်ချက်ထားပြီး တစိုက်မတ်မတ် ဆက်လျှောက်လှမ်းကြပါဆိုပြီး အားပေးစကားပြောခဲ့ပါတယ်။

    ဂျီလတ်ရဲ့ သီဆိုဖျော်ဖြေမှုအပြီး The X Factor Myanmar 2017 ရဲ့ Winner စာရင်းကို ကြေငြာတဲ့ အခါမှာတော့ တတိယနေရာကို ယမုံ (X03)၊ ဒုတိယနေရာကို Oxygen (X06) ကရရှိခဲ့ပြီး The X Factor Myanmar 2017 ရဲ့ Winner ဆုကိုတော့ David Derrick (X11) က ဆွတ်ခူးသွားပြီး ဆုကြေးငွေ သိန်းတစ်ရာ့ငါးဆယ်နဲ့ အတူ Winner Song ဖြစ်တဲ့ “ရှေ့ကလမ်းတွေ” သီချင်းကို ပိုင်ဆိုင်ခွင့်ရသွားခဲ့ပါတယ်။

    ရှမ်းပြည်မြောက်ပိုင်းမှာ စာသင်နေတဲ့ အသက် ၂၀ အရွယ် ကျောင်းဆရာလေးတစ်ယာက်၊ သီချင်းဆိုရတာကို အရမ်းသဘောကျပြီး အဆိုတော်သိပ်ဖြစ်ချင်ခဲ့ပေမယ့်လည်း အဆိုတော်ဖြစ်ဖို့ရွေးချယ်ရမှာ ကြောက်ခဲ့ဖူးတဲ့ ပုသိမ်မြို့သားလေးတစ်ယောက်ဖြစ်တဲ့ David Derrick ဟာဆိုရင် ဒီနေ့ ဒီအချိန်မှာတော့ The X Factor Myanmar 2017 ပြိုင်ပွဲကြီးရဲ့ Winner တစ်ယောက်ဖြစ်ခဲ့ပါပြီ။ အဲဒီလိုဖြစ်ခဲ့ခြင်းကတော့ ဦးနှောက်က ပြောနေတဲ့ မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးဆိုတာတွေကို လျစ်လျူရှုခဲ့ပြီး နှလုံးသားက အရမ်းလိုချင်တောင်းတနေတဲ့ အရာကို သူရွေးချယ်ခဲ့တာပါလို့ Popolay ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးထဲမှာရော နှလုံးသားကဖြစ်ချင်နေတဲ့ ဆန္ဒတစ်ခုကို ဦးနှောက်ကမဖြစ်နိုင်ဘူးဆိုပြီး ပိတ်ပင်တားဆီးနေတာမျိုး လက်တွေ့ခံစားနေရရင် David Derrick လိုပဲ ရွေးချယ်မှုမျိုးလုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

Popolay ပရိသတ်ကြီးအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနှစ်ဖြာလုံးနဲ့ အမြဲပြည့်စုံကြပါစေ။ နောက်လာမယ့် ပြိုင်ပွဲတွေမှာ ထက်တွေ့ကြမယ်နော်…။


04 Dec 2017     55,390 Views




RELATED

Most Popular of The X Factor Myanmar

Most Popular of TV SHOW