BEC-TERO TV

ပဲခူးမြို့ ရှိ KTV တွင် ကေတီဗီမယ်အတွက် လူသတ်မှုဖြစ်ပွား

12 Dec 2017     1,409 Views


ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဟင်္သာလမ်းရှိ ၉၀၉ ကေတီဗွီဆိုင်တွင် သီချင်းအကူသီဆိုပေးသည့် အမျိုးသမီးကိစ္စနှင့်စကားများရာမှ လူသတ်မှုဖြစ်သွားကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့၊ တာဝလမ်းတောင်ပိုင်း၊ ပုဏ္ဏားစုရပ်ကွက်နေ ချစ်ကိုကိုဦး(၂၉)နှစ် နှင့် ဝင်ထွန်းဦး(၂၂)နှစ်၊ ပြည်တော်သာ(၄)လမ်း၊ ရုံးကြီးရပ်ကွက်နေ ဇော်ဝင်း(၃၅)နှစ်တို့ (၃)ဦးသည် ၉၀၉ ကေတီဗွီဆိုင်၊ အခန်း(၆)သို့ရောက်ရှိလာပြီး သီချင်းအကူသီဆိုပေးသည့် အမျိုးသမီးကိစ္စနှင့် ဆိုင်မန်နေဂျာ ကျော်ထူးနိုင်(ခ)ကိုပြူး(၂၉)နှစ်နှင့် စကားများခိုက်ရန်ဖြစ်ပွားရာ ချစ်ကိုကိုဦးမှ ဘီယာပုလင်းဖြင့် အစားသောက်တင်သည့်စားပွဲအား ရိုက်ခွဲလိုက်သောကြောင့် ဆိုင်မန်နေဂျာ၏ ယာဘက်မျက်လုံးတွင် ပုလင်းကွဲစထိမှန်ဒဏ်ရာရရှိခဲ့သည်။


ဆိုင်မန်နေဂျာ ဒဏ်ရာရရှိခဲ့သဖြင့် ဆိုင်အလုပ်သမားများဖြစ်သော ကိုထွေးနှင့် ဝင်းထွန်းတို့မှ မကျေနပ်ဖြစ်ပြီး ဓါးကိုယ်စီကိုင်ကာ ဝင်ရောက်ထိုးခုတ်ခဲ့သဖြင့် ချစ်ကိုကိုဦးတွင် ဦးခေါင်း ယာဂျိုစောင်း သွေးထွက်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ နဖူးအထက်ဆံပင်စပ်တွင် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ အပေါ်နှုတ်ခမ်းမှ ဝဲပါးအထိပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဆီးခုံးထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများဖြစ်သည့် ဆိုင်မန်နေဂျာကျော်ထူးနိုင်နှင့် ချစ်ကိုကိုဦးတို့အား ဆေးရုံသို့ပို့ဆောင်စဉ် ရရှိသောဒဏ်ရာကြောင့်ချစ်ကိုကိုဦးမှာ လမ်းတွင်သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ထူးနိုင်(ခ)ကိုပြူး၊ ဝင်းထွန်း၊ ဦးညီ၊ နေအောင်တို့(၄)ဦးအား အမှုဖြင့်ဖမ်းဆီးထားရှိပြီး ထွက်ပြေးတိမ်းရှောင်သွားသော ကိုထွေးနှင့်အဖွဲ့အား ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း ပဲခူးခရိုင်ပြန်/ဆက် မှ သတင်းရရှိသည်။
 


12 Dec 2017     1,409 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS