BEC-TERO TV

ရွှေအိမ်စည် ကို ၆၆(ဃ) နဲ့ အမှုဖွင့်လိုက်တဲ့ ဒေါ်စိုးယုဝေ

07 Feb 2018     1,243 Views


လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သရဖူပြန်သိမ်းခံရသည့်ကိစ္စ ရေးသားဖော်ပြခဲ့မှုဖြင့် မယ်စကြဝဠာမြန်မာအဖွဲ့အစည်း၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စိုးယုဝေက အလှမယ် ရွှေအိမ်စည်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ဇန်နဝါရီလ ၃၁ ရက်နေ့က အမှုဖွင့်တိုင်ကြားထားတာပါ။ သရဖူပြန်သိမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်က ရေးသားထားတဲ့ဟာတွေကို Screen Shot ယူပြီး ဒေါ်စိုးယုဝေက ရွှေအိမ်စည်နဲ့ နွယ်နီနိုင်တို့ နှစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့် တိုင်ကြားထားတာ”ဟု ရဲအရာရှိက ပြောကြားသည်။

ယင်းအမှုဖွင့် တိုင်ကြားထားမှုနှင့်ပတ်သက်၍ ဒေါ်စိုးယုဝေထံ မေးမြန်းခဲ့သော်လည်း လတ်တလော ယင်းကိစ္စနှင့်ပတ်သက်၍ ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်းနှင့် အလှမယ်ရွှေအိမ်စည်ကလည်း ၎င်းအမှုဖွင့် တိုင်ကြားခံရသည်ကို မသိရှိသေးကြောင်း The Voice Daily သတင်းစာသို့ ပြောကြားခဲ့သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံရသူ ရွှေအိမ်စည်မှလည်း ဇန်နဝါရီလ ၁၉ ရက်နေ့က ရန်ကင်း မြို့မရဲစခန်းတွင် မယ်စကြာဝဠာ မြန်မာအဖွဲ့အစည်း၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စိုးယုဝေကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့် တိုင်ကြားထားသည်။

ယင်းပုဒ်မဖြင့် တိုင်ကြားချက်တွင် ရွှေအိမ်စည်မှာ ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Grand International ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည့် အလှမယ်ဖြစ်ပြီး ပြိုင်ပွဲကျင်းပခါနီး ယမန်နှစ် အောက်တိုဘာလ စည်းကမ်း သတ်မှတ်ချက်နှင့် မညီညွတ်သောကြောင့် ထုတ်ပယ်ခံခဲ့ရသည်။ ယင်းနောက် နှစ်ဖက်အကြား အပြန်အလှန် ပြစ်တင်ပြောဆိုရာမှ အလှမယ် ရွှေအိမ်စည်က ၎င်း၏ဂုဏ်သိက္ခာ ကျဆင်းစေမှုနှင့် အသရေဖျက် ရေးသားမှုအတွက် အွန်လိုင်း၊ သတင်းစာ၊ ဂျာနယ်တို့မှတစ်ဆင့် ဝန်ချတောင်းပန်ရန်နှင့် နစ်နာကြေးငွေ ကျပ်သိန်း ငါးထောင်ပေးလျော်ရန် ဇန်နဝါရီလ ၂ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် အသိပေး ထုတ်ပြန်ခဲ့ပြီး သတ်မှတ်ချိန် ၁၄ ရက်အတွင်း ဝန်ချတောင်းပန်လာခြင်း မရှိသောကြောင့် ဥပဒေလမ်းကြောင်းအရ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရွှေအိမ်စည်၏ ဥပဒေအကြံပေး ရှေ့နေတစ်ဦးက ပြောဆိုသည်။

အမှုဖွင့်ခံရသူ ဒေါ်စိုးယုဝေဘက်ကလည်း ဇန်နဝါရီလ ၁၇ ရက်နေ့က ရွှေအိမ်စည်၏သတင်းစာတွင် အသိပေး ထုတ်ပြန်ကြေညာချက်မှာ မယ်စကြာဝဠာ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည့်အတွက် ကျေနပ်စေသည့်အထိ ဝန်ချတောင်းပန်ရန်၊ မယ်စကြာဝဠာအဖွဲ့အစည်းက ချီးမြှင့်ထားသည့် အဆောင်အယောင်၊ ဆုကြေးငွေများကို ပြန်လည်အပ်နှံရန်နှင့် ယင်းသို့ မလုပ်ဆောင်ပါက တည်ဆဲဥပဒေများအရ တရားစွဲဆိုမည်ဖြစ်ကြောင်း တုံ့ပြန်ကြေညာချက် ထုတ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၃၁ ရက် နေ့က မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

Credit: The Voice


07 Feb 2018     1,243 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment