BEC-TERO TV

အမျိုးသားတွေ(လုံးဝ) လာခွင့်မရှိတဲ့ ဖင်လန်နိုင်ငံက အပန်းဖြေကျွန်း

08 Feb 2018     1,575 Views


ယောက်ျားတွေနဲ့ ခပ်ဝေးဝေးမှာ အေးဆေးအနားယူချင်တဲ့ အမျိုးသမီးတွေအတွက် အကောင်းဆုံးအပန်းဖြေစခန်းတစ်ခုကို ဖင်လန်နိုင်ငံက ကျွန်းတစ်ခုမှာ တည်ဆောက်ထားပါတယ်။ ဒီကျွန်းကို SuperShe Island လို့ အမည်ပေးထားပြီး အမျိုးသားတွေ လုံးဝ လာရောက် အနားယူခွင့်မရှိပါဘူး။

ဒီကျွန်းလေးပေါ်မှာ အမျိုးသမီးသီးသန့် အပမ်းဖြေစခန်းကို တည်ထောင်သူကတော့ အမေရိကန်စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ခရစ္စတီးနားရော့သ် ဖြစ်ပါတယ်။ သူမအနေနဲ့ တစ်ခါတစ်ရံ အမျိုးသမီးတွေဟာ အမျိုးသားတွေအတွက် အချိန်ပေးရတာတွေမရှိပဲ စိတ်လွတ်ကိုယ်လွတ် အပမ်းဖြေသင့်တယ်လို့ စိတ်ကူးမိပြီးတဲ့နောက်ပိုင်းမှာ ဒီစခန်းကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

သူမရဲ့အဆိုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ယှဉ်တွဲတဲ့အခါ သူတို့ကိုယ်သူတို့ထက်ပိုပြီး ယောက်ျားတွေကို ပိုဂရုစိုက်နေရတာကြောင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး စိတ်လွတ်ကိုယ်လွတ်နေနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။

အမျိုးသမီးတွေဟာ ယောက်ျားတွေအတွက် ရည်ရွယ်ပြီး နှုတ်ခမ်းနီဆိုးရတာနဲ့၊ အလှပြင်ရတာတွေနဲ့ နေ့စဉ်နပမ်းလုံးနေကြရပြီး ကိုယ့်ကိုယ်ကိုထက် အမျိုးသားတွေအတွက် ပိုပြီးလုပ်ဆောင်နေရတာတွေကို ဆိုလိုတာပါ၊ ဒီအပမ်းဖြေစခန်းမှာတော့ အမျိုးသမီးသီးသန့်ပဲဆိုတော့ အမျိုးသားတွေအတွက် ဘာမှထွေထွေထူးထူး အလုပ်ရှုပ်ခံနေစရာမလိုတော့ပါဘူး” ဟု ဆိုပါတယ်။

ဒီကျွန်းလေးမှာ အပမ်းဖြေစခန်း လုပ်ဖြစ်သွားတာကတော့ ခရစ္စတီးနားနဲ့ ရည်းစားဖြစ်သူက သူတို့မိသားစုပိုင်တဲ့ ကျွန်းတစ်ကျွန်းရောင်းစရာရှိကြောင်း စပြောခဲ့ပါတယ်။ အစပိုင်းမှာ သူမအနေနဲ့ လုံးဝစိတ်မဝင်စားခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်းပေါ်ရောက်သွားတဲ့အခါ စိမ်းစိုတဲ့သစ်တောနဲ့ လှပသာယာတဲ့ ပတ်ဝန်းကျင်ကြောင့် အခုလိုအမျိုးသမီးသီးသန့် အပမ်းဖြေစခန်း ဖွင့်ဖို့ အကြံရပြီး ဝယ်ယူခဲ့တာဖြစ်ပါတယ်။

၈.၄ ဧကကျယ်ဝန်းတဲ့ ကျွန်းပေါ်မှာ လုံးချင်းသစ်သားအိမ်ငယ် ၁၀ လုံးတည်ဆောက်ထားပြီး၊ ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ အချက်အပြုတ်သင်တန်းတွေ နေ့စဉ်စီစဉ်ထားသလို စွန့်စားသွားလာလှုပ်ရှားမှုတွေအပြင် ယောဂ၊ တရားထိုင်ခြင်း၊ အပမ်းဖြေစပါးတွေကိုပါ စီစဉ်ထားရှိပါတယ်။

ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေအားလုံးအတူတစ်ကွ ကျန်းမာရေးလေ့ကျင့်ခန်းတွေနဲ့အတူ မိမိကိုယ်ကိုယ် သဘာဝတရားနဲ့အညီ ဂရုစိုက်နိုင်အောင် ရည်ရွယ်တာပါ၊ ဒါတွေဟာ အပြင်လောကမှာတော့ စိတ်ကူးယဉ်လောက်သာ ဖြစ်နေပေမယ့် ဒီကျွန်းပေါ်မှာတော့ လက်တွေ့အကောင်ထည်ဖော်နိုင်ပါပြီ” ဟု ခရစ္စတီးနားက ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ SuperShe Island ကို သူမနဲ့ နီးစပ်သူတွေလောက်သာ လာရောက်အပမ်းဖြေလျှက်ရှိပြီး လာမယ့် ဇူလိုင်လမှာ အများသူငါအတွက် စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်၊ ဈေးနှုန်းတွေကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ယခုကဲ့သို့ အမျိုးသမီးသီးသန့် အပမ်းဖြေကျွန်းဖွင့်လှစ်ရခြင်းမှာ အမျိုးသားများကို ဆန့်ကျင်ခြင်းမဟုတ်ပဲ တစ်ခါတစ်ရံ အမျိုးသမီးတွေချည်းသာ စုပြီးလွပ်လပ်ပျော်ရွှင်တဲ့ ဘဝကို ကောင်းမွန်တဲ့ ကျန်းမာရေးလေ့ကျင့်မှုများနဲ့အတူ ဖြတ်သန်းရင် ဘဝအမောတွေ ဖြေဖျောက်ကာ ခွန်အားပြန်လည် ဖြည့်တင်းစေလိုသော ရည်ရွယ်ချက်သာဖြစ်ကြောင်း ခရစ္စတီးနားရော့သ်က ပြောကြားခဲ့သည်။

 

>> SuperShe Island


08 Feb 2018     1,575 Views




RELATED

Most Popular of Special or Others

Most Popular of NEWS