BEC-TERO TV

ရန်ကုန်တိုင်းတွင် ယာဉ်တိုက်မှုကြောင့် တစ်နေ့ကို လူ(၂)ဦးနှုန်းခန့် သေဆုံးနေ

27 Feb 2018     1,643 Views


ယာဉ်တိုက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နေ့ကို လူ(၂)ဦးနှုန်းခန့် သေဆုံး နေတယ်လို့ ဖေဖော်ဝါရီလ (၂၆)ရက်က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက်္ကသိုလ်မှာ ပြုလုပ်တဲ့ လမ်းအန်္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု အစီအစဉ်မှ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရာမှာ နေ့စဉ်တစ်နေ့ကို (၆)မှုကနေ (၁၂)မှုထိ ဖြစ်ပွား နေတာဖြစ်ပြီး တစ်နှစ်ကို လူဦးရေ(၅၀၀)ခန့် သေဆုံးမှုဖြစ်ပွား နေတယ်လို့သိရပါတယ်။ ပြည်သူတွေအနေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ ထဲထဲဝင်ဝင် သိရှိဖို့ လိုအပ်နေပြီး လိုက်နာ ဆောင်ရွက်မှု တွေကလည်း အားနည်းနေပါတယ်။
 
 
ယာဉ်ကြောင့်ဖြစ်တဲ့ ယာဉ်တိုက်မှု၊ လမ်းကြောင့်ဖြစ်တဲ့ ယာဉ်တိုက်မှု၊လူကြောင့်ဖြစ်တဲ့ ယာဉ် တိုက်မှု (၃)မျိုးရှိတဲ့အနက် လူကြောင့်ဖြစ်တဲ့ ယာဉ်တိုက်မှု တွေဟာ အများဆုံး ဖြစ်တာကြောင့် အခုလိုမျိုးဆက် သစ်လူငယ်တွေကြားမှာ ဟောပြောပွဲတွေ ပြုလုပ်တာဟာ ထိရောက်တဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ဆိုပါတယ်။(၂၀၁၇)ခုနှစ် တစ်နှစ်တာအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှု (၂၅၀၀)ကျော် ဖြစ်ပွားခဲ့တယ်လို့ အမှတ်(၆)ဒုတပ်ဖွဲ့ခွဲယာဉ်ထိန်း ရဲတပ်ဖွဲ့မှ သိရပါတယ်။(၂၀၁၇)ခုနှစ်ဟာ (၂၀၁၆)ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ယာဉ်တိုက်မှုဖြစ်ပွားမှု အရေအတွက် လျော့ကျသွားပါတယ်။ ဒီဟောပြောပွဲမှာတော့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက်္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ အယောက် (၂၀၀)ကျော်တက်ရောက်ခဲ့ပါတယ်။
 
 
လမ်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုအစီအစဉ်ကိုတော့ Puma Energy Myanmar/ FXB international နဲ့ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး မြစ်ကြီးနား၊ ဟဲဟိုး၊ တာချီလိတ်၊ စစ်တွေ၊မြိတ်၊ ရန်ကုန်စတဲ့ မြို့တွေမှာပါ ဆက်လက်ပြုလုပ်မှာ ဖြစ်ပါတယ်။ အခြေခံပညာကျောင်းတွေနဲ့ သက်မွေးပညာသင်ကျောင်းတွေ၊ လူစုလူဝေးနေရာတွေမှာလည်း ရောင်ပြန်စလွယ်များ၊ စတစ်ကာများ၊ ရောင်ပြန်သော့ချိတ်များ စတာတွေကို ဝေငှသွားမယ်လို့သိရပါတယ်။
 

27 Feb 2018     1,643 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS