BEC-TERO TV

The Voice Myanmar နည်းပြတွေ ဘာကြောင့်အဝတ်အစားမလဲတာလဲ..?

14 Mar 2018     1,755 Views


ဒီမေးခွန်းက The Voice Myanmar အစီအစဉ်ကို အားပေးကြည့်ရှုကြတဲ့ ပရိသတ်တွေကြားထဲမှာ အရမ်းသိချင်နေကြတဲ့ မေးခွန်းလေးတစ်ခု ဖြစ်မယ်ထင်ပါတယ်။
အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီဆိုရင် MRTV-4 က ထုတ်လွှင့်ပေးနေတဲ့ The Voice Myanmar ကို ပြည်တွင်းကရော ပြည်ပမှာပါ  ကြည့်ရှုအားပေးသူတွေ တစ်ပတ်ထက်တစ်ပတ် တိုးလို့လာနေပါတယ်။

အားပေးသူတွေ များလာတယ်ဆိုတာကလည်း The Voice Myanmar က ဘယ်အစီစဉ်နဲ့မှမတူတဲ့ တင်ဆက်မှုတွေ၊ နည်းပြလေးဦးနဲ့ ပြိုင်ပွဲဝင်တွေကြား ရင်းနှီးနွေးထွေးမှုတွေက ကြည့်ရှုတဲ့ပရိသတ်တွေရဲ့ ရင်ထဲ ချမ်းမြေ့ကြည်နူးစေလို့လည်း ဖြစ်မယ်လို့ သုံးသပ်မိပါတယ်။

ဒါ့အပြင် ပြိုင်ပွဲဝင်တွေရဲ့ အစွမ်းတွေကလည်း တစ်ပတ်ဆို၊ ဆိုသလောက် ကောင်းတဲ့သူတွေ ပေါ်ပေါ်လာတဲ့အခါ ပရိသတ်တွေကိုယ်တိုင်ကလည်း တစ်ဦးတစ်ယောက်ထဲကိုသာ ပုံအောပြီး အားပေးလို့ မရတော့ပဲ “သူ့လည်းကြိုက်တယ်” “ဟိုတစ်ယောက်လည်းကောင်းတယ်” “ဒီတစ်ယောက်ကတော့ နိုင်ငံတစ်ကာစံချိန်မီတယ်ဟေ့” စသည်ဖြင့် ရွေးချယ် အားပေးဖို့ ခက်လာပါတယ်။

ဒီလိုအခြေအနေမျိုး ဖြစ်လာတာကိုက The Voice သီချင်းဆိုပြိုင်ပွဲရဲ့ ကွာလတီတစ်ခုလို့လည်း ဆိုရမှာပါ။ နည်းပြတွေအနေနဲ့လည်း အကြားအာရုံတစ်ခုထဲနဲ့သာ ရွေးချယ်ရတဲ့အတွက် ရုပ်ရည်နဲ့ တင်ဆက်မှုကို ကြည့်ပြီး ​ရွေးချယ်သလောက် အာရုံများစရာမရှိတော့ပါဘူး။ ဒါပေမယ့် အဲ့ဒါက ပို၍ ပို၍ ခက်ပါတယ်။
ဒါကြောင့်လည်း တစ်ပတ်ပြီးတစ်ပတ် အကောင်းဆုံးအသံပိုင်ရှင်တွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

အစီအစဉ်ရဲ့ စည်းမျဉ်းနဲ့ နည်းပြတွေရဲ့ သမာသမတ်ကျကျ ရွေးချယ်မှုတွေကြောင့် လှုမှုကွန်ယက်ပေါ်မှာ ငြင်းခုန်ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် မရှိသေးပေမယ့် The Voice Myanmar ကို အားပေးသူတွေ မြင့်တက်လာခဲ့ပါတယ်။

ယခုဆိုရင် The Voice Myanmar ရဲ့ Blind Audition က Episode 4 (အပိုင်း ၄) ထိ ရောက်ရှိလာခဲ့ပါပြီ။ ဒီအချိန်မှာ ပရိသတ်တွေ စပြီးသတိထားမိလာတာကတော့ နည်းပြလေးဦးစလုံး (လုံးဝ)(လုံးဝ) အဝတ်အစား အပြောင်းအလဲမရှိပဲ ဒီအဝတ်အစားတစ်မျိုးတည်းနဲ့သာ တစ်ပတ်ပြီးတစ်ပတ် ပြိုင်ပွဲဝင်တွေကို ရွေးချယ်နေတယ်ဆိုတာကိုပါပဲ။

အဲဒီအတွက် The Voice Myanmar ရဲ့ ဖေ့စ်ဘွခ်စာမျက်နှာထက်မှာ ပရိသတ်တွေရဲ့ ချစ်စရာကွန်မန့်လေးတွေကို အောက်ပါအတိုင်း မြင်တွေ့လာရပါတယ်။
 


တစ်ကယ်တော့ နည်းပြတွေအားလုံး Blind Audition အဆင့်မှာ အဝတ်အစား မလဲတာက မြန်မာပြည်မှာ ပြုလုပ်နေတဲ့ The Voice Myanmar တစ်ခုထဲမှာမှ မဟုတ်ပါဘူး နိုင်ငံတစ်ကာက The Voice ပြိုင်ပွဲတွေမှာလည်း ပြိုင်ပွဲ အဆင့်တစ်ဆင့်မှာ အဝတ်အစား တစ်မျိုးထဲကိုပဲ ဝတ်ထားတာကို တွေ့မြင်ကြရမှာပါ။

The Voice UK မှာဆိုရင်လဲ ချစ်စရာကောင်းတဲ့ ပရိသတ်တွေက “Bind Audition ပြနေတာ သုံးလေးလရှိနေပြီ နည်းပြတွေတစ်ယောက်မှ အဝတ်အစားမလဲသေးဘူး အဲဒီထဲမှာ Jennifer Hudson တစ်ယောက်တော့ အဝတ်အစား ကြပ်ကြပ်ကြီးဝတ်ထားတာ ဒုက္ခများနေမှာပဲနော်” စသည်ဖြင့် ဒါကိုဝေဖန်ထားတာတွေ တွေ့မြင်ရပါတယ်။

နည်းပြတွေ အဝတ်အစားမလဲရတဲ့အကြောင်းရင်းမှန်ကတော့ Blind Audition ကို တစ်ရက်ထဲအပြီးရိုက်ကူးတာကြောင့် မဟုတ်ပါဘူး။

ရိုက်ကူးရေးပြီးဆုံးသွားပြီး ပရိသတ်တွေကို ပြန်လည်ပြသဖို့ စီစဉ်ကြတဲ့အခါ ကောင်းမွန်ပြည့်စုံတဲ့ အစီစဉ်ကောင်းတစ်ခုဖြစ်အောင် အပိုင်းတွေ၊ ပြိုင်ပွဲဝင်တွေကို အစဉ်အတိုင်းမဟုတ်ပဲ ရှေ့နောက် ပြန်လည်စီစဉ်ပြီး တည်းဖြတ်မှုတွေ ပြုလုပ်ရပါတယ်။ အဲဒီအချိန်မှာ လွယ်ကူသေသပ်အောင် နည်းပြတွေအနေနဲ့ Blind Audition ရိုက်ကူးရေး အစဆုံး အဝတ်အစား တစ်မျိုးတည်းကိုသာ ဝတ်ဆင်ရတာက The Voice ရဲ့ လေးစားရမယ့် အချက်တစ်ခုလည်းဖြစ်ပါတယ်။

အချို့သော သီချင်းဆိုပြိုင်ပွဲတွေမှာဆိုရင် Episode တစ်ခုထဲမှာ ဒိုင်တွေ အဝတ်အစား နှစ်မျိုးသုံးမျိုးပြောင်းသွားတာကို ပရိသတ်တွေ တွေ့ဖူးကြုံဖူး သတိထားမိကြမှာပါ။ အဲဒီလိုအပိုင်းတစ်ခုထဲမှာ ကြည့်နေရင်း ဒိုင်တွေ အဝတ်အစားပြောင်းသွားတဲ့အခါ မျက်စိလည်သွားပြီး ကြည့်ရှုရတဲ့ ပရိသတ်ရဲ့ စိတ်ထဲမှာ ခံစားမှုက တစ်မျိုးဖြစ်သွားတတ်ပါတယ်၊ “ခုနကတစ်ယောက်မှာကျတော့ အဝတ်အစားကတစ်မျိုး အခုတစ်ယောက်ကျတော့ ပြောင်းသွားပြန်ပြီ” ဆိုတဲ့ အစီစဉ်တစ်ခုကို တစ်ဆက် တစ်ဆက်ထဲ ကြည့်ရှုနေရတယ်လို့ မခံစားရတော့ပဲ ပေါ့သွားတာမျိုး၊ ဟာသွားတာမျိုးတွေ ဖြစ်ဖူးကြလိမ့်မယ် ထင်ပါတယ်။

အဲဒီလို အားနည်းချက်မျိုးကို The Voice အစီစဉ်က ကြိုတင်သိမြင်ကာ အထူးရှောင်ကျဉ်ပြီး တိုက်ရိုက် LIVE ထုတ်လွှင့်တင်ဆက်မှု မဟုတ်သည့်တိုင် ပရိသတ်တွေကို LIVE ဆိုတဲ့ အရသာမျိုး ထပ်တူနီးပါး ခံစားရရှိစေချင်တာကြောင့် နည်းပြတွေ အဝတ်အစားမလဲခြင်းပဲဖြစ်ပါတယ်။
 
(နည်းပြတွေလည်း အဝတ်လဲချင်မပေါ့နော်.. ဒါပေမယ့် The Voice ဟာ ထူးခြားကောင်းမွန်တဲ့ အသံပိုင်ရှင်အစစ်ကိုသာ ရွေးချယ်တဲ့ အစီစဉ်ဖြစ်တာကြောင့် အခြားအရာတွေထက် အဲဒီတစ်ခုထဲကိုသာ ဦးစားပေးပြီး ပရိသတ်ကို တင်ဆက်နေခြင်းဖြစ်တယ်လို့ စာရေးသူအနေနဲ့ ခံစားမိပါတယ်)

Blind Audition အဆင့် ပြီးမြောက်သွားလို့ Battle Round ရောက်တဲ့အခါ The Voice Myanmar ရဲ့ နည်းပြလေးဦးကို အဝတ်အစားပုံစံအသစ်တွေနဲ့အတူ ထပ်မံမြင်တွေ့ရမယ်ဆိုတာကတော့ သေချာပါတယ်။


 


14 Mar 2018     1,755 Views




RELATED

Most Popular of The Voice Myanmar

Most Popular of Entertainment