BEC-TERO TV

ဦးနှောက်နဲ့ မှတ်ဉာဏ်ကျဆင်းမှုကို လျော့ကျစေမည့် အစားအစာများ

16 Mar 2018     1,574 Views


“အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုတဲ့ ဆိုရိုးစကားအတိုင်း အစားအသောက်စားခြင်းက လူအတွက် ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ အားလုံးသိရှိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဘယ်အစားအစာတွေက ဦးနှောက်နဲ့ မှတ်ဉာဏ်အတွက် အထူးကောင်းမွန်စေတယ်ဆိုတာကိုတော့ သာမန်လူတွေအနေနဲ့ သိတဲ့သူနည်းပါတယ်။
 
ဦီးနှောက်နဲ့ မှတ်ဉာဏ်ဟာ ငယ်ရွယ်စဉ်အချိန်အခါမှာ သိပ်မသိသာပေမယ့် ယခုဖော်ပြပေးမယ့် အစားအသောက်တွေကို မကြိုက်နှစ်သက်လို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ရှောင်ကျဉ်စားသုံးနေမိသူတွေအတွက် အသက်အရွယ်ရလာတာနဲ့အမျှ မှတ်ဉာဏ်တွေကျဆင်းတာမျိုးကို ကြုံတွေ့ရတတ်ပါတယ်။
 
ဒီတော့ အကြောင်းအရာတစ်ခုကိုဖြစ်စေ၊ တစ်ယောက်ယောက်ရဲ့ နာမည်ကိုဖြစ်စေ သင်အလွယ်တစ်ကူ မေ့တတ်စပြုလာပြီဆိုရင်တော့ ဖော်ပြပါ အစားအစာတွေကို မှန်မှန်လေး စားသုံးသင့်နေပြီလို့ အကြံပြုပါရစေ။
 
၁။ ဘယ်ရီသီး၊ စတော်ဘယ်ရီသီး

ဘယ်ရီသီးအမျိုးအစားတွေက သဘာဝအချိုဓာတ်ကို ဖြည့်စွက်ပေးရုံမျှမက အသက်အရွယ်ရလာတဲ့အခါမှာလည်း ဉာဏ်ရည်ထက်မြက်မှုကို ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်။
 
၁၅ နှစ်ကျော်ကြာမျှ တောက်လျှောက် ကိုယ်အလေးချိန်ထိန်းတဲ့ အစားအသောက်တွေကိုပဲ တစိုက်မှတ်မှတ်စားသုံးခဲ့တဲ့ အမျိုးသမီးပေါင်း ၁၆,၀၀၀ ကျော်ကို ပညာရှင်များက လေ့လာစမ်းစစ်ကြည့်ခဲ့ရာ တစ်ရက်လျှင် ဘယ်ရီသီး ပန်းကန်လုံးတစ်ဝက်စာ ဒါမှမဟုတ် တစ်ပတ်လျှင် စတော်ဘယ်ရီသီး ပန်ကန်လုံးတစ်လုံးစာ ပုံမှန်စားသုံးသူတွေဟာ အသိဉာဏ်စွမ်းရည်ကျဆင်းမှု ပိုပြီးနှေးကွေးလာတာကို တွေ့ခဲ့ရပါတယ်။
 
အထူသဖြင့် စကားလုံးတွေကို ပြန်စဉ်စားခိုင်းတဲ့အခါ၊ ပုံပြင်တွေဇာတ်လမ်းတွေကို ပြန်ပြောခိုင်းတဲ့ စမ်းသပ်မှုတွေနဲ့ စစ်ဆေးခဲ့ရာ မှတ်ဉာဏ်ကျဆင်းမှု နှေး​ကွေးသွားတာကို တွေ့ရပြီး အချိန်ကာလအားဖြင့် ၂ နှစ်ခွဲကျော်ခန့် မှတ်ဉာဏ်ခံနိုင်ရည် ပိုအားကောင်းနေတာကို တွေ့ရပါတယ်။
 
၂။ စိမ်းစိုပြီးအရွက်ဝေဖြာသော ဟင်းသီးဟင်းရွက်များ

နေ့လည်စာ စားချိန်မှာ ဆလတ်ရွက်လေးတွေ စားသုံးခြင်း၊ ညစာအတွက် ပန်းဂေါ်ဖီ စသည်ဖြင့် စိမ်းလန်းပြီး အခက်အလက်ဝေဖြာတဲ့ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်နဲ့ အမျှင်ဓါတ်ကို ရရှိစေရုံသာမက ဦးနှောက်ကိုလည်း ငယ်ရွယ်နုပျိုစေပါတယ်။
 
Rush တက္ကသိုလ်က အရွယ်ရောက်ပြီးသား လူအယောက် ၁,၀၀၀ ကို လတ်တလော စမ်းစစ်ချက်အရ ယင်းကဲ့သို့ ဟင်းသီးဟင်းရွက်များ နေ့စဉ်ပုံမှန် ဟင်းတစ်ခွက်အနေနဲ့ စားသုံးသူ၏ ဦးနှောက်မှာ ရံဖန်ရံခါမှစားသုံးသူ သို့မဟုတ် လုံးဝ မစားသုံးသူ၏ ဦးနှောက်ထက် ၁၁ နှစ်ပိုမို နုပျိုနေကြောင်း တွေ့ရှိထားသည်။
 
MIND စင်တာမှ ဦးနှောက်ကျန်းမာရေးဆိုင်ရာ ပရော်ဖက်ဆာ Dr. Martha Clare Morris က “အရွက်ဝေဖြာတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အဟာရဓါတ်တွေ အများကြီးပါဝင်ပါတယ်၊ အဲဒါတွေက ဦးနှောက်ကို ကာကွယ်ပေးတယ်၊ အမျိုးအစားတစ်ခုခုနဲ့တစ်ခု အကျိုးဖြစ်စေမှုကတော့ မတူကြဘူး ဒါပေမယ့် အားလုံးပေါင်းစည်းလိုက်တဲ့အခါ ဦးနှောက်ကို ဘက်ပေါင်းစုံကနေ ကာကွယ်ပေးပါတယ်” လို့ ပြောကြားခဲ့သည်။
 
၃။ ငါးနဲ့ ဆီ

ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတဲ့ အိုမီဂါ−၃ အဆီဓါတ်ကို ငါးတွေကနေ အဓိကရရှိပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်သည် မိခင်လောင်းတွေက သန္ဓေသားဦးနှောက်ဖွံ့ဖြိုးစေရန် အိုမီဂါ−၃ ပါဝင်တဲ့ ဗီတာမင်ဆေးတွေကို သောက်သုံးကြရတာပါ။ ဒီ အိုမီဂါ−၃ ဟာ အရွယ်ရောက်ပြီးသူတွေအတွက်လည်း မှတ်ဉာဏ်ကျဆင်းမှုနှုန်းကို တစ်နှစ်မှာ ၁၀% လျော့ကျစေနိုင်တဲ့အပြင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်မှုနှုန်းကို ၆၀% ကျဆင်းသွားစေပါတယ်။

အဆီဓါတ်ပါသောငါးများဖြစ်တဲ့ ဆယ်လ်မွန်၊ တူနာ၊ မက်ကရယ်၊ ငါးသေတ္တာငါး စတဲ့ငါးတွေမှာ အိုမီဂါ−၃ ပါဝင်တဲ့အတွက် တစ်ပတ်လျှင် အနည်းဆုံး ၈ အောင်စခန့် စားသုံးသင့်ပါတယ်။ ဆီဆိုသည့်နေရာမှာလည်း ဟင်းသီးဟင်းရွက်က ထုတ်ထားသော ဆီများကိုစားသုံးခြင်းက စိတ်ဖောက်ပြန်တတ်သော ရောဂါဖြစ်နိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။
 
၄။ ဥအမျိုးမျိုး

ဥများတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော Choline အဟာရဓါတ်များ ကြွယ်ဝစွာပါဝင်ပြီး အဆိုပါ အဟာရဓါတ်များက ဦးနှောက်အတွက် အရေးပါသည်။ Choline အဟာရ ကြွယ်ဝစွာစားသုံးသူ အမျိုးသား ၁,၄၀၀ ခန့်ကို စမ်းစစ်ကြည့်ခဲ့ရာ လုံလောက်စွာ မစားသုံးသူတို့ထက် မှတ်ဉာဏ်စွမ်းရည် သာလွန်ကြောင်းတွေ့ရှိခဲ့သည်။
 
အကယ်၍ ဥစားသုံးခြင်းကို ရှောင်ကျဉ်သူဖြစ်ပါက မြေပဲ၊ ငါး၊ ပန်းဂေါ်ဖီစိမ်း တို့မှာလည်း choline အဟာရဓါတ်များ ပါဝင်သဖြင့် အစားထိုးစားသုံးနိုင်ပါတယ်။
 
၅။ ကော်ဖီနဲ့ အယ်လ်ကိုဟော

ကော်ဖီနဲ့ လက်ဖက်ရည်တို့မှာပါဝင်တဲ့ ကဖင်းဓါတ်ကလည်း ဦးနှောက်ကို ကြည်လင်လန်းဆန်းစေတာကြောင့် အလုပ်လုပ်ရာမှာ အားရုံးစူးစိုက်မှု ပိုရစေပါတယ်။ သုတေသနပြုလုပ်ထားချက်အရ ကဖင်းဓါတ်မှာလည်း ရေရှည်အကျိုးရှိနိုင်တဲ့ ဓါတ်တစ်မျိုးဖြစ်ကြောင်း တွေ့ရှိထားပါတယ်။
 
ကဖင်းနဲ့ပက်သက်၍ လေးနှစ်ကျော်စမ်းသပ်မှုတစ်ခုအရ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေမှာ မှတ်ဉာဏ်ကျဆင်းလာခြင်းကို လျော့ကျစေတယ်လို့ဆိုပါတယ်။

အယ်လ်ကိုဟောအနေနဲ့ တစ်နေ့ကို ဝိုင်တစ်ခွက်သောက်သုံးခြင်းကလည်း အထောက်အကူဖြစ်စေပါတယ်။ (တစ်ခွက်ထဲသာ သောက်သင့်တယ်ဆိုတာ မမေ့ပါနဲ့)
 
ဖော်ပြပါ အစားအသောက်တွေက အသက်အရွယ်ကြီးပြင်းလာတာနဲ့အမျှ သဘာဝအတိုင်း မှတ်ဉာဏ်ကျဆင်းခြင်း၊ အလွယ်တစ်ကူ မေ့လျော့တတ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
 
ဒါပေမယ့်လည်း “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားရှိသည်အတိုင်း နားလည်တတ်ကျွမ်းသော ပညာရှင်များနဲ့ တိုင်ပင်ပြီး မိမိလိုအပ်ချက်နဲ့ချိန်ကိုက်၍ ညီညွတ်မျှတစွာ စားသုံးကြပါရန် ဝေမျှပေးလိုက်ပါတယ်။
 

16 Mar 2018     1,574 Views




RELATED

Most Popular of Health Fix

Most Popular of Life Style