BEC-TERO TV

အပေါင်းအသင်းများနဲ့ အဆက်ဖြတ်ခြင်းက နှလုံးရောဂါဖြစ်နိုင်မှုကို မြင့်တက်စေ

20 Mar 2018     1,409 Views


ကိုယ့်ရဲ့အပေါင်းအသင်း သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆက်ဖြတ်လိုက်ပြီး တစ်ဦးတည်းနေထိုင်နေခြင်းကလည်း နှလုံးရောဂါဖြစ်ပွားမှုကို မြင့်တက်စေတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအချက် တစ်ချက်အဖြစ် အပါအဝင်ပါတယ်။
 
အကယ်၍သင်ဟာ အသက် ၄၀ နားနီးလာပြီ ဒါမှမဟုတ် ၄၀ ကျော်လာပြီဆိုရင်တော့ နှလုံးနဲ့ပက်သက်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ဖို့ အကြောင်းတရားတွေကို ကြိုတင်သိရှိပြီး စတင်လိုက်နာဆင်ခြင်မှ ဖြစ်တော့မယ်လို့ သတိပြုမိလိုက်ပါ။
 
နှလုံးကိုအဓိက ဒုက္ခပေးနိုင်တဲ့အရာတွေကတော့ သွေးတိုးတာ၊ သွေးထဲမှာ ကိုလက်စထရောမြင့်တာ၊ အဝလွန်တာ၊ ဆီးချိုတို့က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဒီရောဂါတွေအားလုံးဟာ အသက် ၄၀ ပတ်ဝန်းကျင်နား ရောက်လာတာနဲ့အမျှ ဖြစ်နိုင်ခြေကလည်း မြင့်မားလာပါတယ်။
ဒါကြောင့် အသက် ၄၀ နား နီးပြီဆိုရင် နှလုံးနဲ့ပက်သက်တဲ့ရောဂါတွေ မခံစားရအောင် ဖော်ပြပါ အချက်(၆)ချက်ကို စတင်လိုက်နာဖို့ လိုပါပြီ။
 
၁။ ဆေးလိပ်သောက်ခြင်းရှောင်ပါ
 
ဆေးလိပ်သောက်ခြင်းက ထိပ်ဆုံးကနေ ရှောင်ကျဉ်ရမယ့်အချက်ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေအားလုံးနီးပါး ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြတဲ့အခါ လုံးဝ ဆေးလိပ်ပြတ်သွားတဲ့အချိန်ထိကို အနည်းဆုံး ၇ ကြိမ်ကနေ ၁၀ ကြိမ်လောက်ထိ ဖြတ်လိုက်သောက်လိုက် ဖြစ်နေတတ်တယ်လို့ သုတေသနစစ်တမ်းအရ သိရပါတယ်။ ဒါက ဖြတ်ရခက်တယ်ဆိုတဲ့ သဘောကိုဆောင်ပါတယ်။
 
ဆေးလိပ်ကို ရှောင်ကျဉ်လိုက်ခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားစေနိုင်တဲ့ အဓိကအချက်တစ်ချက်ကို ကျော်လွှားလိုက်နိုင်တာပဲဖြစ်ပါတယ်။
 
၂။ မသင့်တော်တဲ့ အစားအစာများ စားသုံးခြင်း ရှောင်ပါ
 
ခန္ဓာကိုယ်အလေးချိန် တက်လာခြင်းကလည်း နှလုံးရောဂါဖြစ်ဖို့ လမ်းစတစ်ခုဖြစ်ပါတယ်။ လူတွေရဲ့ အစာချေဖျက်နိုင်မှု စွမ်းအားဟာ အသက် ၄၀ နားနီးလာတာနဲ့ အားနည်းလာပါတယ်။ ဒါကြောင့်မို့ အစားအစာကို ကိုယ်အလေးချိန် မတက်လာအောင် ချင့်ချိန်စာသုံးဖို့ လိုလာပါတယ်။ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ စားသောက်မှုပုံစံဟာ မည်သည့်အသက်အရွယ်နဲ့မဆို သင့်တော်ပါတယ်၊ အသက်ကြီးလာလေ ပို၍ပို၍ အရေးကြီးလာလေပါပဲ။
 
“အစာချေဖျက်နိုင်တဲ့ စွမ်းရည်က ကျလာပြီဆိုတော့ အကယ်၍ ကိုယ်က အရင်တုန်းကလိုပဲ စားနေကြသောက်နေကြ ပုံစံအတိုင်း စားသောက်နေမယ်ဆိုရင်တောင် ဝိတ်ကတက်လာမှာ အသေအချာပဲ” လို့ ဟားဗတ်ဆေးကျောင်းက ပရော်ဖက်ဆာ Dr.Deepak Bhatt က ပြောပါတယ်။
 
၃။ အစားအသောက်ကို ဝေပုံကျစနစ်ဖြင့်စားပါ
 
ကိုယ်အလေးချိန်မတက်အောင် ထိန်းသိမ်းဖို့အကောင်းဆုံးနည်းလမ်းက အစားအသောက်ကို ဝေပုံကျလေးနဲ့ စားသုံးဖို့ပါ။ အဟာရဗေဒပညာရှင်ရဲ့ ထောက်ခံချက်အရ ပရိုတိန်းပါတဲ့ အစားအစာတွေကို လက်သီးဆုပ် အရွယ်၊ ဂျုံစပါး အစားအစာတွေကို တင်းနစ်ဘောလုံးအရွယ်ခန့်၊ အသီးအရွက်စိမ်းများကို ဘေ့စ်ဘောအရွယ်ခန့်၊ ထောပတ်နဲ့ သံလွင်ဆီစာသုံးမှုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် စားသုံးဖို့ တိုက်တွန်းထားပါတယ်။
 
အစားအစာစားတဲ့အခါမှာလည်း တရစပ်အများကြီးမစားပဲ ပုံမှန်အချိုးညီမျှစွာ စားသောက်ပြီးနောက် တစ်ချက်စောင့်ကြည့်ပါ၊ ဒါကိုမှ ဗိုက်ကဆာနေသေးတယ် ဆိုရင်တော့ ကယ်လိုရီ နည်းနည်းပဲပါတဲ့ သစ်သီးတွေကို ထပ်ဖြည့်စားသုံးပါ။
 
၄။ လေ့ကျင့်ခန်းမလုပ်ခြင်း (သို့) ပြင်းထန်စွာလုပ်ခြင်းတို့ကို ရှောင်ပါ
 
လေ့ကျင့်ခန်းကို ပုံမှန်အနေအထားလောက် မှန်မှန်လုပ်ပေးမယ်ဆိုရင် နှလုံးက ပိုမိုသန်မာလာမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုံးဝမလုပ်ခြင်း ဒါမှမဟုတ် ပြင်းထန်စွာ လုပ်ခြင်းတို့ကတော့ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ တစ်ရက်မှာ နာရီဝက် ၄၅ မိနစ်လောက် တစ်ပတ်လျှင် သုံးလေးကြိမ် လေ့ကျင့်ခန်းလုပ်ခြင်းက နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။
 
သုတေသနပညာရှင်တွေက အလွန်ပြင်းပြင်းထန်ထန် လေ့ကျင့်ရတဲ့ ဘားတန်းခိုခြင်း၊ စက်ဘီးစီးခြင်း စတဲ့လေ့ကျင့်ခန်းတွေက နှလုံးကို ထိခိုက်မှုဖြစ်စေနိုင်ကြောင်းနဲ့ အသက်အရွယ်ရလာတဲ့အခါမှာ ပိုသိသာကြောင်း ပြောပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ အားကစားလေ့ကျင့်မှုတွေဟာ နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေကို ပိုပြီးဆိုးရွားစေပါတယ်။
 
အသက် ၂၀ ဝန်းကျင်မှာ လေ့ကျင့်ခန်းလုပ်ဖို့ သွေးပူအောင် အချိန်နည်းနည်းပဲလိုပေမယ့် အသက် ၄၀ ကျော်လာရင်တော့ အားကစားမလုပ်မီ သွေးပူလေ့ကျင့်ခန်းကို ၅ မိနစ်ကနေ ၁၀ မိနစ်လောက်ထိ လုပ်ဖို့လိုသလို လေ့ကျင့်ခန်းတွေ လုပ်ပြီးသွားတဲ့အခါမှာလည်း သွေးအေးအောင် အချိန်ယူဖို့ လိုအပ်ပါတယ်။
 
၅။ စိတ်ဖိစီးမှုတွေအားလုံးကို ရှောင်ရှားပါ
 
လူတိုင်းရဲ့ဘဝမှာ စိတ်ဖိစီးမှုဆိုတာ တစ်ခုမဟုတ် တစ်ခု ရှိနေတတ်တာမို့ သင့်ရဲ့နှလုံးကျန်းမာရေးက ရှောင်လွဲမရတဲ့ စိတ်ဖိစီးမှုတွေကို သင်ဘယ်လို တုံ့ပြန်မလဲဆိုတဲ့အပေါ် မှုတည်နေပါတယ်။
 
စိတ်ဖိစီးမှုတွေကို လျော့ကျနိုင်အောင် မလုပ်နိုင်ဖူးဆိုရင်တော့ ရေရှည်မှာ သင့်ရဲ့နှလုံးကျန်းမာရေးကို ထိခိုက်စေမှာပါ။ တရားထိုင်ခြင်း၊ စိတ်ဖိစီးမှုတွေအပေါ် ကျန်းမာရေးနဲ့ ညီညွတ်စွာ ပြန်လည်တုံ့ပြန်ခြင်းတွေနဲ့ ကုစားနိုင်ပါတယ်။
 
၆။ အပေါင်းအသင်းများနဲ့ အဆက်ဖြတ်ခြင်းကို ရှောင်ပါ
 
သုတေတသန စမ်းသပ်တွေ့ရှိချက်အရ အထီးကျန်ခြင်း၊ လူမှုပတ်ဝန်းကျင်နဲ့ ကင်းကွာခြင်းတို့ကလည်း ဆေးလိပ်သောက်ခြင်းလိုပဲ နှလုံးကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
 
လေ့လာချက်တစ်ခုမှာ အပေါင်းအသင်း မိတ်ဆွေများနဲ့ အဆက်ဖြတ်ထားသူတစ်ယောက်ဟာ နှလုံးနဲ့ပက်သက်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ချေ ၂၉% ပိုမြင့်လာတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်ပညာရှင်အချို့၏ သုံးသပ်ချက်အရ မိသားစုတွေ အပေါင်းအသင်းတွေနဲ့ အတူရှိနေခြင်းက စိတ်ဖိစီးမှုတွေကို လျော့ချနိုင်တဲ့ အခန်းကဏ္ဍမှာ အဓိကကျတယ်လို့ ပြောထားပါတယ်။
 
ဒါကြောင့်မို့ အသက် ၄၀ ဝန်းကျင်ရောက်လာပြီဆိုရင် ဖော်ပြပါအချက်တွေကို အတတ်နိုင်ဆုံးလိုက်နာရင် ကျန်းမာပျော်ရွှင်ပြီး ဘဝကိုတန်းဖိုးရှိစွာ ဖြတ်သန်းနိုင်ကြပါစေ..။
 

20 Mar 2018     1,409 Views




RELATED

Most Popular of Health Fix

Most Popular of Life Style