BEC-TERO TV

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာပရိတ်သတ်များ လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ပေးမည်

21 Mar 2018     1,328 Views


လာမည့် မတ်လ ၂၂ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ပြုလုပ်မည့် ကာဂျစ်စတန်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ အာရှဖလား ခြေစစ်ပွဲ ပြန်ကန်ပွဲစဉ်တွင် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ပွဲကြည့်ရှုခွင့်လက်မှတ် ဝယ်ယူမှု အဆင်ပြေစေရန်နှင့် ပွဲစဉ်ကို အဆင်ပြေချောမွေ့စွာ ကြည့်ရှုခွင့်ရနိုင်စေရန်အတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးကိုကိုသိန်းထံမှ သိရသည်။

ကာဂျစ်စတန်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့သည် မတ် ၂၂ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ အင်ချွန်းအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး MRTVမှ လည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
အဆိုပါပွဲစဉ်အတွက် မြန်မာဘောလုံးပရိတ်သတ်များအတွက် လက်မှတ်ခွဲတမ်း ၃၀၀၀ နီးပါးရရှိမည်ဖြစ်ပြီး ဈေးနှုန်းသက်သာရန်နှင့် လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ကာ စီစဉ်ပေးသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကာဂျစ်စတန်အသင်းနှင့်ကစားမည့် အာရှဖလားပြန်ကန်ပွဲစဉ်အတွက် မတ် ၁၅ ရက်တည်းက ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး လက်ရှိအချိန်တွင် အသင်းလေ့ကျင့်မှုများပြု လုပ်လျက်ရှိကာ အသင်းမှ ထိုင်းလိဂ်-၁ တွင် သွားရောက်ကစားနေသည့် အသင်းမှအဓိကကစားသမား နှစ်ဦးဖြစ်သည့် အောင်သူနှင့် ကျော်ကိုတို့သည်လည်း မတ် ၁၉ရက်က ထိုင်းနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ တိုက်ရိုက်သွားရောက်ကာ အသင်းနှင့် ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကာဂျစ်စတန်အသင်းနှင့် ပွဲကျန်ကစားပြီးနောက် ငါးရက်အကြာ မတ် ၂၇ ရက်တွင် မကာအိုအသင်းနှင့် ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်ကို ရန်ကုန်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သုဝဏ္ဏအားကစား ကွင်းကို အသေးစားပြင်ဆင်မှုများ ပြုလုပ်သွားရန် ပြင်ဆင်လျက်ရှိနေကြောင်း သိရသည်။

ရတနာပုံသတင်းစာ


21 Mar 2018     1,328 Views




RELATED

Most Popular of Football

Most Popular of NEWS