BEC-TERO TV

ဒူးရင်းသီးကရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

03 May 2018     1,657 Views


အခုအချိန်ဟာ ဒူးရင်းသီးရာသီဖြစ်လို့ ဘယ်နေရာသွားသွား နေရာတစ်ကာမှာ ဒူရင်းသီးဆိုင်လေးတွေ တွေ့နေရပါတယ်။ အထူးသဖြင့် စူပါမားကတ်တွေ စျေးတွေမှာပါ။ မြန်မာနိုင်ငံမှာတော့ မွန်ပြည်နယ် မော်လမြိုင်ဘက်ကလာတဲ့ ဒူရင်းသီးဟာ ဟိုးအစဉ်အဆက်ထဲက နာမည်ကြီးပါတယ်။
 
ဒူးရင်းသီးဟာ ရာသီပေါ် သစ်သီးတစ်မျိုးဖြစ်ပြီး မိုးသစ်တော ရာသီဥတုရှိတဲ့ နေရာတွေမှာ ဖြစ်ထွန်းပါတယ်။ သရက်သီး၊ ပိန္ဒဲသီးပေါ်ချိန်ဖြစ်တဲ့ ဇွန်လကနေ သြဂုတ်လလောက်ထိ ပေါများပါတယ်။ (စျေးတော့ သိပ်မပေါဘူးနော်)

 

မြန်မာလူမျိုးအများစုက ဒူရင်းသီးကြိုက်တတ်ပါတယ်။ ဒူရင်းသီးပေါ်ချိန်ဆိုရင် ခြင်းလိုက် မှာစားကြသူတွေတောင် ရှိပါတယ်။ အချို့ကလည်း ဒူရင်းသီးဆိုရင် အနံ့တောင် မခံနိုင်ပါနိုင်ကြပါဘူး။ (တစ်ရက်က ကိုရီးယား ခရီးသွားအစီစဉ်တစ်ခုမှာ ဗီယက်နမ်နိုင်ငံရောက် ကိုရီးယားရုပ်သံတင်ဆက်တဲ့ မိန်းကလေး တစ်ယောက် ဒူးရင်းသီးက သူတို့အတွက် အထူးအဆန်း ဖြစ်နေပြီး အနံမခံနိုင် မစားရဲ ဖြစ်နေတာ တွေ့ရတော့ နေရာချင်းတောင်လဲချင်တယ်လို့ စိတ်ထဲဖြစ်မိပါတယ်။ ဗီယက်နမ်ဒူးရင်းသီးတွေက ရှယ်ပဲလေ)
 
ဒူးရင်းသီးနဲ့ ငပိ က သဘောချင်း တူတယ်လို့တောင်ပြောလို့ရပါတယ်။ ကြိုက်တဲ့သူတွေအတွက် အနံ့ကအရမ်းကို မွှေးကြိုင်နေပြီး မကြိုက်သူတွေအတွက်ကတော့ အနံ့ရတာနဲ့တင် ခေါင်းကိုက်တယ် ဆိုတာမျိုးဖြစ်တတ်ပါတယ်။
 
ဘယ်လိုပဲဖြစ်ဖြစ် သူ့အကြိုက်နဲ့ သူပေါ့။ ဒူရင်းသီးကြိုက်တဲ့သူတွေအတွက် ဒူးရင်းသီးက ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ဝေမျှလိုက်ပါတယ်။
 
ဒူးရင်းသီးကနေ ကျန်းမာရေးအတွက် အကျိုးများတဲ့ ဓါတ်သဘာဝတွေရရှိနိုင်ပါတယ်။ ဒူးရင်းသီးဟာ ခန္ဓာကိုယ်အတွက် အင်းအားဖြစ်စေတဲ့ ရင်းမြစ်ကောင်းတစ်ခုဖြစ်ပြီး သူ့မှာ ကိုလက်စထရော လုံးဝ မပါဝင်တဲ့ အသားဓါတ် ပရိုတိန်းရရှိစေပါတယ်။ ဒါ့အပြင် အစာချေရာမှာ အလွန်အထောက်အပံ့ဖြစ်စေတဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။

 

၁။ အင်အားကို ဖြစ်စေခြင်း
ဒူရင်းသီးဟာ ငှက်ပျောသီး၊ ပိန္ဒဲသီးတို့လိုပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်အားကို ဖြစ်စေသော ရင်းမြစ်ကောင်းတွေ ရစေပါတယ်။
၁၀၀ ဂရမ်လောက် စားသုံးလိုက်တာနဲ့ ခန္ဓာကိုယ်မှာ တစ်နေ့တာအတွက် လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ် ၂၁% ကို ချက်ချင်းဖြည့်တင်းပေးသလို အလျှင်အမြန် အားပြန်ပြည့်ဖို့လည်း အထောက်အကူပြုပါတယ်။
 
၂။ စိတ်ဖိစိမှုကို လျော့ကျစေနိုင်ခြင်း
စမ်းသပ်လေ့လာမှုများအရ ဒူးရင်းသီးမှာ ဗီတာမင် B6 ပြည့်ဝစွာပါဝင်တာကြောင့် စိတ်ဖိစီးမှုကို သဘာဝအတိုင်း လျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
 
၃။ အရိုးနဲ့ သွားများကို ကြံခိုင်စေခြင်း
ဒူးရင်းသီးမှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကယ်လဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဗီတာမင်ဘီတို့ ပါဝင်တာကြောင့် အရိုးနဲ့ သွားများကိုလည်း ကြံခိုင်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။
 
၄။ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေ
 
ဗီတာမင်စီဟာ စိတ်ဖိစီးမှုကို အကောင်ဆုံးလျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ စိတ်ဖိစီးမှုနည်းလေလေ အိုမင်းရင့်ရော်မှု နှေးကွေးလေဖြစ်တာကြောင့် ဒီလိုဂုဏ်သတ္တိမျိုးရှိတဲ့ ဗီတာမင်စီဟာ ဒူရင်းသီးမှာ အလျှံအပယ်ပါဝင်နေပါတယ်။
 
၅။ အစာခြေစနစ်ကို အထောက်အကူပြုခြင်း
 
ဒူးရင်းသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အူသိမ်အူမတွေရဲ့ လှုပ်ရှားမှုကို အထောက်အပံ့ပေးတာကြောင့် သဘာဝအတိုင်း အစာခြေနိုင်တဲ့ စနစ်ကို များစွာ အထောက်အကူပြုပါတယ်။
 
၆။ သွေးချိုထိန်းညှိပေးနိုင်ခြင်း
 
ဒူးရင်းသီမှာ ပါဝင်တဲ့ မန်ဂနိဒြပ်တစ်မျိုးက သွေးထဲမှာ သကြားပါဝင်လှည့်ပတ်မှုကို ထိန်းညှိပေးနိုင်တဲ့အတွက် ဆီးချိုရောဂါသည်တွေတောင် စိုးရိမ်ကြောင့်ကြမှုကင်းစွာ စားသုံးနိုင်ပါတယ်။
 
၇။ သွေးတိုးကို ထိန်းနိုင်ခြင်း
 
သွေးတိုးနှုန်းကို မြင့်စေတဲ့ လူ့ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပမာဏကို ပိုတက်စီယမ်က ထိန်းပေးပါတယ်။ ဒူးရင်းသီးမှာ ပိုတက်စီယမ် ပြည့်ဝစွာပါရှိပါတယ်။
 
၈။ သွေးအားနည်းရောဂါသည်များအတွက် အထောက်အကူရခြင်း
 
သွေးအားနည်းခြင်းဟာ ဖောလိတ်နဲ့ သံဓါတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တာပါ။ ဒူးရင်းသီးကတော့ သံဓါတ်ကိုပြန်လည်ရရှိစေမယ့် ဖောလိတ်အတွက် ရင်းမြစ်ကောင်းတွေ ပါဝင်တာကြောင့် သွေးအားနည်းရောဂါဝေဒနာရှင်တွေပါ ဒူးရင်းသီးကို မြည်းစမ်းကြည့်ဖို့ကောင်းပါတယ်။
 
၉။ လိင်စိတ်ကို နိုးကြွစေနိုင်ခြင်း
 
အမျိုးသားတွေအတွက် အကြိုက်ဖြစ်စေမယ့် ဒူးရင်းသီးရဲ့ စွမ်းဆောင်နိုင်မှု တစ်ခုဖြစ်ပါတယ်။
 
၁၀။ နှလုံးနဲ့နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ကာကွယ်နိုင်ခြင်း
 
ဒူးရင်းသီးဟာ သဘာဝသတ္တုဓာတ် (မက်ဂနိ၊ ကြေးနီ၊ သံဓာတ်) များစွာပါဝင်ပါတယ်။ ကြေးနီက သွေးနီဥများထုတ်လုပ်ဖို့ အားပေးပြီး ပိုတက်စီယမ်က သွေးလှည့်ပတ်မှုနဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်ပါတယ်။


ဒါကြောင့်မို့ ဒူးရင်းသီးဟာ ကြိုက်တဲ့သူတွေအတွက်တော့ ကြိုက်လို့ စားရကြိုးနပ်သလို၊ မကြိုက်တဲ့သူတွေအတွက်လည်း ကျန်းမာရေးအရ မြည်းစမ်းကြည့်ဖို့သင့်တဲ့ သဘာဝသစ်သီးအမျိုးစားတစ်ခုဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။


03 May 2018     1,657 Views




RELATED

Most Popular of Health Fix

Most Popular of Life Style