BEC-TERO TV

ပြီးခဲ့တဲ့ LIVE Show မှာ ကျားပေါက်ရဲ့ ဆုံးဖြတ်ချက်မှန်ရဲ့လား..? မှားသွားပြီလား..?

17 May 2018     1,284 Views


The Voice Myanmar ရဲ့ LIVE Show ဒုတိယအဆင့် ယှဉ်ပြိုင်မှုအပြီးမှာတော့ နည်းပြကိုကျားပေါက်ရဲ့ ဆုံးဖြတ်ရွေးချယ်ခဲ့မှုနဲ့ ပက်သက်ပြီး ပရိသတ်တွေဆီက အသံတွေကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပါတယ်။

ပြိုင်ပွဲဝင် “နှင့်အိနြေ္ဒရှင်” နဲ့ “ဂျဝါအောင်မွန်း” တို့ နှစ်ဦးကို ရွေးချယ်မှုမှာ “ကျားပေါက်” က “နှင်းအိနြေ္ဒရှင်” ကို ရွေးချယ်ခဲ့တာကြောင့် ဆူညံခဲ့တာဖြစ်ပါတယ်။ LIVE Show ကို စတူဒီယိုထဲမှာ အားပေးကြည့်ရှုကြတဲ့ ပရိသတ်တွေရော အွန်လိုင်းပေါ်က ပရိသတ်တွေရော ရွေးချယ်မှုအပြီးမှာ “ဂျဝါ.. ဂျဝါ” လို့ အော်ဟစ်အားပေးမှုတွေ ရှိသလို The Voice Myanmar ရဲ့ Official Page အောက်မှာလည်း ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်။

ပရိသတ်အချို့ကလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ဂျဝါကို ပြန်ခေါ်ပေးကြဖို့ တောင်းဆိုထားတာတွေလည်း တွေ့ခဲ့ရပါတယ်။

ဒါကြောင့်မို့ ဒီနေရာမှာ “ဂျဝါ” နဲ့ “နှင်းအိနြေ္ဒရှင်” တို့ နှစ်ဦးတို့မှာ “ကျားပေါက်” က ဘာကြောင့် “ဂျဝါ” ကို ချန်ထားခဲ့ရတာလဲ..? သူ့ရဲ့ ရွေးချယ်မှုကရော မှန်ကန်ပါရဲ့လားဆိုတာ ပရိသတ်တစ်ယောက်အနေနဲ့ စဉ်းစားကြည့်ရအောင်ပါ။

“ဂျဝါ” နဲ့ “နှင်းအိနြေ္ဒရှင်” တို့ နှစ်ဦးစလုံးမှာ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ အရည်အချင်းတွေ ကိုယ်စီရှိထားကြသူတွေဖြစ်တယ်ဆိုတာ လက်ခံထားပါတယ်။

Blind Audition ကနေ စပြီးပြန်တွက်ကြည့်မယ်ဆိုရင် “ဂျဝါအောင်မွန်း” က ‘စည်းတစ်ဖက်ခြား’ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး “နီနီခင်ဇော်” နဲ့ “ကျားပေါက်” တို့ နှစ်ဦးရဲ့ ရွေးချယ်မှုကိုသာရခဲ့ပါတယ်။


“နှင်းအိနြေ္ဒရှင်”ကတော့ ‘Think Of Me’ ကို အော်ပရာပုံစံ သီဆိုသွားခဲ့ပြီး နည်းပြ ၄ ဦးစလုံးရဲ့ ရွေးချယ်မှုကို ခံခဲ့ရပါတယ်။ အော်ပရာကို ပိုင်နိုင်စွာ သီဆိုခဲ့တဲ့အတွက် ပရိသတ်တွေရော နည်းပြတွေအားလုံးရဲ့ ချီးကျူးအားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။
ဒါ့အပြင် The Voice Global ရဲ့ “Hot This Week” ထဲမှာလည်း နေရာယူနိုင်ခဲ့ပါတယ်။


အဲဒီအတွက် The Voice Myanmar ကို အားပေးတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ သမာသမတ်ကျကျ အမှတ်နဲ့ အကဲဖြတ်ကြည့်မယ်ဆိုရင် “ဂျဝါအောင်မွန်း” က (၁)မှတ် “နှင်းအိနြေ္ဒရှင်” က (၂)မှတ်ပါ။
 

*****************

Battle Round ယှဉ်ပြိုင်မှုမှာ “ဂျဝါ” နဲ့ “နှင်းအိနြေ္ဒရှင်” တို့ နှစ်ဦးစလုံးဟာ သူတို့ရဲ့ ပြိုင်ဘက်တွေထက် အားသာမှုတွေရှိခဲ့တာကြောင့် နည်းပြတွေရဲ့ ဆုံးဖြတ်ရွေးချယ်ခဲ့မှုအပေါ် ပရိသတ်တွေအားလုံးလည်း လက်ခံကျေနပ်ကြတဲ့အတွက် အငြင်းအခုန်ကင်းခဲ့ပါတယ်။
ဒါကြောင့်မို့ Battle Round အဆင့်မှာတော့ နှစ်ယောက်စလုံးကို (၁)မှတ်စီပဲ သတ်မှတ်ကြပါစို့။

ဒါပေမယ့် “နှင့်အိနြေ္ဒရှင်” အနေနဲ့ကတော့ ပရိသတ်က မျှော်လင့်ထားသလောက် မရောက်နိုင်ခဲ့တဲ့အတွက် သူမအပေါ် အနည်းငယ် အားမရတဲ့ ပရိသတ်တွေ ရှိလာခဲ့ပါတယ်။

*****************

LIVE Show ပထမအဆင့်မှာ “ဂျဝါ” က ‘အမှတ်တရညနေ’ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပရိသတ်တွေ အားမရခဲ့ပါဘူး၊ “ဂျဝါ” ဆိုတဲ့ အငွေ့အသက်တွေ ကင်းမဲ့နေပါတယ်။ ဒါပေမယ့် “ရိုးရိုး” နဲ့ ယှဉ်ပြိုင်အရွေးခံခဲ့ပြီး LIVE Show ဒုတိယအဆင့်ကို ရောက်ခဲ့ပါတယ်။

“နှင်းအိနြေ္ဒရှင်” ကလည်း ‘Love Of My Life’ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်ရဲ့ မျှော်လင့်မှုကို ထပ်ပြီး မဖြည့်ဆည်းနိုင်ခဲ့ပြန်ပါဘူး။ ပရိသတ်တွေ သူမအပေါ် စိတ်ကုန်စပြုလာပါတယ်။

ဒါပေမယ့် နည်းပြ ကျားပေါက်က “ဆူဇန်အေး” ကို ထားခဲ့ပြီး “နှင်းအိနြေ္ဒရှင်” ကို နောက်တစ်ဆင့်အတွက် ရွေးချယ်ခဲ့ပါတယ်။

တစ်ကယ်တော့ LIVE Show ပထမအဆင့်မှာ “ဂျဝါအောင်မွန်း” ရော “နှင်းအိနြေ္ဒရှင်” ပါ လုံးဝ အားရစရာမရှိပါဘူး ဒီအတွက် နောက်ထပ်ကိုလည်း တစ်ယောက် (၁)မှတ်စီပဲ အကဲဖြတ်ပေးပါရစေ။ အခုချိန်ထိ “နှင်းအိနြေ္ဒရှင်” က “ဂျဝါအောင်မွန်း” ထက် အမှတ်(၁)မှတ် သာနေပါသေးတယ်။

*****************

LIVE Show ဒုတိယအဆင့်မှာတော့ “ဂျဝါအောင်မွန်း” ရဲ့ ‘မောဟစားသူများ’ က ပြောစရာမရှိအောင် ကောင်းလွန်းတယ်လို့ ပရိသတ်တစ်ယောက်ရဲ့ နားနဲ့ပဲ ဆုံးဖြတ်မိပါတယ်။ နီနီခင်ဇော် ကိုယ်တိုင်က “ဂျဝါအောင်မွန်း” စစ်စစ်ကို ဒီနေ့မှ ပြန်တွေ့ရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။


“နှင်းအိနြေ္ဒရှင်” ကတော့ ‘ငါ့ရဲ့ Rebecca’ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပရိသတ်တစ်ဦးရဲ့ နားနဲ့ဆိုရင် လက်ခံလို့ရတယ်ဆိုတဲ့ အဆင့်ထက် မပိုခဲ့ပါဘူး။


ဒါကြောင့် LIVE Show ဒုတိယအဆင့်မှာ “ဂျဝါအောင်မွန်း” ကို (၂)မှတ်ပေးပြီး “နှင်းအိနြေ္ဒရှင်” ကိုတော့ (၁)မှတ်ပဲ ပေးချင်ပါတယ်။

ဒါဟာအခုလက်ရှိအခြေနေထိ နောက်ဆုံးပြိုင်ပွဲဖြစ်နေတာကြောင့် အမှတ်ပေါင်းကြည့်မယ်ဆိုရင် “ဂျဝါအောင်မွန်း” က (၅)မှတ်၊ “နှင်းအိနြေ္ဒရှင်” ကလည်း (၅) မှတ်နဲ့ အမှတ်တူနေပါတယ်။ ဒါကြောင့် ရမှတ်တွေအပေါ် ပရိသတ်ဘက်ကနေ တစ်မျိုးပြောင်းစဉ်းစားကြည့်မယ်ဆိုရင် “ဂျဝါအောင်မွန်း” က တက်လာတာဖြစ်ပြီး “နှင်းအိနြေ္ဒရှင်” ကတော့ တန့်နေတာဖြစ်ပါတယ်။

အခုချိန်ထိ ပညာရှင်တွေရဲ့ သုံးသပ်မှုမျိုး လုံးဝမပါပဲ သာမန်ပရိသတ်တစ်ယောက်ရဲ့ အမြင်သာဖြစ်လို့ မှန်တယ်၊ မှားတယ်ဆိုတာ ကိုယ်စီ ကြိုက်သလို တွေးခွင့်ရှိပါတယ်။

သူတို့နှစ်ဦးကို တစ်ယောက်စီ အနှစ်ချုပ် ဝေဖန်အကြံပြုရမယ်ဆိုရင်တော့ “ဂျဝါအောင်မွန်း” အနေနဲ့ အမြင့်သံတွေကို အားကောင်းကောင်းနဲ့ သီဆိုနိုင်တာကလွဲပြီး အခြားထူးထူးခြားခြား ပုံစံမျိုး မတွေ့ရပါဘူး။
ဒါပေမယ့် “ဂျဝါအောင်မွန်း” အနေနဲ့ ဂီတလမ်းကြောင်းပေါ်ကို ရောက်နှင့်နေပြီးသားဖြစ်လို့ အောင်မြင်မှုပန်းတိုင်ရောက်အောင်တော့ အခုကစပြီး ကိုယ်တိုင်လျှောက်လှမ်းဖို့ အချိန်တန်ပြီလို့ ထင်မြင်မိပါတယ်။

“နှင်းအိနြေ္ဒရှင်” ကို Blind Audition မှာ ဝင်ပြိုင်ခဲ့တဲ့ သီချင်း သီဆိုနိုင်မှုပုံစံမျိုးနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ၊ သီချင်းသစ်တစ်ပုဒ်ကို အချိန်တိုအတွင်းမှာ အကောင်းဆုံး လေ့ကျင့်ပြင်ဆင်ပြီး သီဆိုနိုင်မှု အားနည်းပါတယ် (သို့) လုံ့လ အားနည်းသေးတယ်လို့ မြင်ပါတယ်။


ဒါပေမယ့် နည်းပြကြီး “ကျားပေါက်” ကိုယ်တိုင် နှစ်ကြိမ်စလုံး ရွေးချယ်ခဲ့တာ ဖြစ်လို့ လျှော့တွက်လို့တော့မရသေးပဲ ပရိသတ်တွေဘက်က ကြည့်လို့ မမြင်နိုင်သေးတဲ့ အရည်အချင်းမျိုးတွေ “နှင်းအိနြေ္ဒရှင်” ဆီမှာ ငုတ်ရှိုးနေသေးတယ်လို့ ယုံကြည်မိပါတယ်။

အခုအချိန်မှာ “နှင်းအိနြေ္ဒရှင်” အပေါ် ပရိသတ်တွေအားလုံးရဲ့ မျှော်လင့်ချက်က နည်းပြ “ကျားပေါက်” ရဲ့ ယုံကြည်ပေးမှုအတိုင်း နောက်ထပ်အဆင့်တွေမှာ အားလုံးထက်သာတဲ့ ပုံစံမျိုးနဲ့ မြင်တွေ့လိုတာပဲ ဖြစ်ပါတယ်။
(ပရိသတ်က လောဘကြီးတယ်လို့ ပြောရင်လည်း ခံရမှာပါပဲ၊ ဒါပေမယ့် International လမ်းကြောင်းကို ဦးတည်ထားတဲ့ The Voice Myanmar မှာ ဒီလောက်နဲ့တော့ အားမရနိုင်သေးတာ အမှန်ပါ)

ဒါကြောင့်မို့ ပရိသတ်တွေအားလုံး လေးစားရတဲ့ နည်းပြ ကိုကျားပေါက်ရဲ့ ရွေးချယ်ဆုံးဖြတ်မှုဟာ မှန်ကန်သလား..? မှားယွင်းခဲ့ပြီလား..? ဆိုတာ ရှေ့တစ်ဆင့်မှာတင် အဖြေပေါ်ပါလိမ့်မယ်။

 


17 May 2018     1,284 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment