BEC-TERO TV

ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးအား အနုကြမ်းစီးကာ သေနတ်ဖြင့်ပစ်ခဲ့သူတရားခံအား ဖမ်းဆီးရမိ

13 Jun 2018     1,504 Views


၂၀၁၈ခုနှစ် ဇွန် ၁၀ရက် နေ့လည်ပိုင်းတွင် ကော့ကရိတ်မြို့ ဖြူစင်သန့်ရွှေဆိုင်တွင် အနုကြမ်းစီးပြီး ပိုင်ရှင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သောတရားခံအား ရဲအဖွဲ့မှ ၃၆ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။

ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး၍ ပစ်မှုတရားခံအား ဖမ်းစီးရမိရေးဆောင်ရွက်ခဲ့ရာ ပူးပေါင်းအဖွဲ့မှ ပတ်ဝန်းကျင်အား မေးမြန်းစုံစမ်းချက်အရ လောင်းကစားမှုများနှင့် အခြားတရားမဝင်လုပ်ငန်းများတွင် သိန်းပေါင်းများစွာ ငွေးကြေးသုံးစွဲနိုင်သူတို့အား စုံစမ်းခဲ့ရာ တရားခံဟု ယူဆရသူ ကော့ကရိတ်မြို့နယ်၊ ဆိပ်ဖူးကုန်းကျေးရွာနေ အလား(ခ)ကျင်ဦး(ခ)ဆိပ်ဖူးကုန်း(ခ) အောင်ကျင်သိန်း အားခြေရာခံမိခဲ့သည်။

ထို့နောက် ၎င်း၏နေအိမ်သို့ သွားရောက်ခဲ့ရာ မတွေ့ရှိရပဲ ၎င်း၏ဇနီး နန်းဥမ္မာခင် ကိုသာတွေ့ရှိခဲ့ရသဖြင့် ဇွန်လ ၁၂ရက် နံနက်ပိုင်းတွင် စစ်ဆေးမေးမြန်းခဲ့ရာ ၎င်း၏ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သော (၁၀)နှစ်ခန့်မှစ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ ၂၀၁၇ ခုနှစ်တွင် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ၎င်းနှင့်အတူ သေနတ်တစ်လက်ပါလာကြောင်း သိရှိခဲ့ရသည်။

အခင်းဖြစ်သည့်နေ့ နံနက် ၃:၃၀ အချိန်ခန့်တွင် လှိုင်ဝကျေးရွာ ဘိလိယက်ခုံ၌ နောင်နိုင်း(၁)နှင့် ဘိလိယက်ထိုးရာမှ ၎င်းနှင့်အတူ ပါသွားသည့် ငွေကျပ်(၁၂)သိန်း၊ ဟွန်ဒါဖစ်အဖြူတစ်စီး၊ နေအိမ်မှ ထပ်မံယူခိုင်းသည့် Wave 110  အညိုရောင်ဆိုင်ကယ်တစ်စီးတို့အား တစ်စီးလျှင်(၁၀)သိန်းနှုန်းဖြင့် နောင်းနိုင်းထံတွင် ပေါင်နှံထားခဲ့ကြောင်း၊ ဘိလိယက်ထိုး လောင်းကစားမှုပြုလုပ်ရာတွင် ခန့်မှန်းငွေကျပ်သိန်း(၁၀၀)ကျော်ခန့်ရှိကြောင်း၊ နေအိမ်ရှိ ရွှေထည်ပစ္စည်းများကိုလည်း ဘိလိယက်ထိုးလောင်းကစားပြုလုပ်ရာတွင် အရှုံးပေါ်သဖြင့် ဖြူစင်သန့် ရွှေဆိုင်တွင် မကြာခဏ ပေါင်နှံရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့အပြင် ၎င်း၏ခင်ပွန်းမှာ ယောက္ခမဖြစ်သူ ဒေါ်နန်းမြင့်နွယ်ရှိရာ ကျုံဒိုးချောင်းဖျားကျေးရွာသို့ သွားရောက်နိုင်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ကျုံဒိုးချောင်းဖျားကျေးရွာတစ်ဝိုက်ရှိ ဆွေမျိုးနီးစပ်သူများအား ဆက်လက်မေးမြန်းရာ ကော့ကမာကျေးရွာတွင် နေထိုင်သူ ဦးလေးတော်စပ်သည့် ဦးထွန်းလွင်အိမ်တွင်ရှိကြောင်း ထပ်မံသိရှိရ၍ ကော့ကရိတ်မြို့မစခန်းမှူးထူးအောင်ရွှေမှ မသင်္ကာတရားခံအား ကြိုတင်လက်ဦးမှုရရှိစေရေးအတွက် နံနက် ၆:၃၀ အချိန်တွင် ကျုံဒိုးမြို့စခန်းမှူး ရဲအုပ်အောင်မြင့်ဝင်းအား အချိန်မီထိန်းသိမ်းပေးရန် ဆက်သွယ် အကြောင်းကြားခဲ့သည်။

နံနက် ၇:၃၀အချိန်တွင် ကျုံဒိုးစခန်းမှူး ရဲအုပ်အောင်မြင့်ဝင်းမှ တရားခံအား ထိန်းသိမ်းထားရှိပြီ ဖြစ်ကြောင်းကြားလာခဲ့သည်။ သို့ဖြစ်ပါ၍ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များသည် တရားခံအားခေါ်ဆောင်၍ သက်သေများနှင့်အတူ ကော့ကမာကျေးရွာသို့သွားရောက်ကာ ဦးထွန်းလွင်၏ ညီဖြစ်သူ ဦးသိန်းလွင် (တစ်ဘက်နိုင်ငံ၌သွားရောက်အလုပ်လုပ်ကိုင်)၏ (နေအိမ်ပိတ်ထား) နေအိမ်အောက် (လူမနေ) သစ်သားတုံးကြားတွင် ဖြူစင်သန့်ရွှေဆိုင်မှ CCTVမှတ်တမ်းဓါတ်ပုံနှင့် သဏ္ဍာန်တူသည့် ခြောက်လုံးပြူး(.၂၂)သေနတ်(၁)လက်နှင့် ၎င်းခြောက်လုံးပြူးသေနတ် ဆုံလည်ကျည်ထည့်ဘောက်အတွင်း၌ ပစ်ခတ်ပြီးကျည်ခွံ(၁)ခုနှင့် ကျည်(၅)တောင့်၊ ယမ်းဖာ(၂)ဖာအတွင်း ထည့်ထားသည့် ကျည်ဖာတစ်ခုတွင် ကျည်(၅၀)တောင့်နှင့် ကျန်ကျည်ဖာတစ်ခုအတွင်း ကျည်(၃၅)တောင့်၊ စုစုပေါင်း(၈၅)တောင့်၊ အနက်ရောင် ဂျင်းဘောင်းဘီ(၁)ထည်၊ အဝါရောင်မိုးကာအင်္ကျီ(၁)ထည် အနက်ရောင်ခေါင်းစွပ်(၁)လုံး၊ အရိုးအသွား (၁)လက်မခန့်ရှိ ဓါးမြောင်(၁)ချောင်းတို့အား တွေ့ရှိရ၍ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ဆက်လက်၍ ဦးထွန်းလွင်၏ နေအိမ်အောက်တွင် ဖြူစင်သန့်ရွှေဆိုင်မှ CCTV မှတ်တမ်းဓါတ်ပုံနှင့် သဏ္ဍာန်တူသည့် နံပါတ်မပါ ဝေ့အိုင်(ခဲ/ပြာရောင်) ဆိုင်ကယ်တစ်စီး၊ ၎င်းဆိုင်ကယ်သော့(၁)ချောင်း၊ YOUGH တံဆိပ်ပါ အနက်ရောင်ဘက်အိတ်(၁)လုံး၊ aerosoft ဖိနပ်(၁)ရံတို့အား ထပ်မံတွေ့ရှိရ၍ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အလား(ခ) ကျင်ဦး(ခ) ဆိပ်ဖူးကုန်း(ခ) အောင်ကျင်သိန်း၊ (၃၁)နှစ်၊ (ဘ)ဦး သောင်းကြိုင်၊ ကရင်/ဗုဒ္ဓ၊ ကျဘမ်း၊ ကျောင်းမနေ၊ ဆိပ်ဖူးကုန်းကျေးရွာ၊ ကော့ကရိတ်မြို့နေသူအား ကော့ကရိတ်မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးခဲ့ပြီး ချုပ်ရီမန်ရယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


Source - စိုးထက်အောင်(ကော့ကရိတ်)

 


13 Jun 2018     1,504 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS