BEC-TERO TV

၃ နှစ်သမီးလေး မိသားစုနဲ့ခရီးသွားနေရာမှ ရုပ်တရက် လေဖြတ်

20 Jun 2018     1,276 Views


အရင်တုန်းက လေဖြတ်တယ်ဆိုတာ အသက်အရွယ်ရလာတဲ့ လူကြီးပိုင်းတွေမှာသာ ဖြစ်တတ်တယ်လို့ ယူဆထားရာမှ နောက်ပိုင်းမှာတော့ လူငယ်တွေမှာပါ ဖြစ်တတ်တာကို သိလာရပါတယ်။
ဒါပေမယ့် အခုလို အသက် ၃ နှစ်သာရှိသေးတဲ့ ကလေးမှာပါ ဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် အတော်လေးကို ထိတ်လန့်ခဲ့ရပါတယ်။ ဒါကြောင့်မို့ လေသင်တုန်းဖြတ်ခြင်းက အသက်အရွယ်(လုံးဝ) မရွေးတော့တဲ့ ရောဂါတစ်ခုလို ကြောက်စရာကောင်းလာပါတယ်။

အင်္ဂလန်နိုင်ငံ စတက်ဖို့ဒ်ကနေ ပေါ်တူဂီနိုင်ငံကို အားလပ်ရက် ခရီးထွက်ခဲ့ကြတဲ့ မိသားစုတစ်ခုထဲက အသက် ၃ နှစ်အရွယ်သာရှိသေးတဲ့ သမီးလေးဟာ အခုဆိုရင် လေဖြတ်ဝေဒနာကြောင့် အိပ်ယာထဲမှာ စကားလဲမပြောနိုင်၊ လှုပ်လဲမလှုပ်နိုင်ပဲ အသက်အရွယ်နဲ့မမျှအောင် ဝေဒနာကို အပြင်းအထန်ခံစားနေရပါတယ်။

ပေါ်တူဂီနိုင်ငံ အဘူဖီယာမြို့ကို ရောက်ပြီး သုံးရက်အကြာမှာ Holly Alcock ဆိုတဲ့ သမီးငယ်လေးက ရုတ်တရက် လဲကျခဲ့ပြီး ဆေးရုံကို လေကြောင်းကနေ အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။
ဒီခရီးဟာ Holly အတွက် ပထမဦးဆုံးခရီးဖြစ်ပြီး သူတို့မိသားစုဟာ ဇွန်လ ၅ ရက် အင်္ဂါနေ့က အင်္ဂလန်ကနေ လေယာဉ်နဲ့ ထွက်လာခဲ့ကြတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

ခရီးမထွက်ခင်က ကလေး အာသီးရောင်ခဲ့တာကြောင့် သက်သာအောင် ပဋိဇိဝဆေးတွေတိုက်ခဲ့တယ်လို့ဆိုပါတယ်။ ပေါ်တူဂီကိုရောက်ခဲ့ကြပြီး ကလေးမှာ ဖျားနာတဲ့ လက္ခဏာမတွေ့ရပေမယ့် တစ်ချိန်လုံး အိပ်ငိုက်နေတာကြောင့်  ကြာသပတေးနေ့က ဆေးရုံမှာ ဆရာဝန်နဲ့ သွားပြခဲ့ပါသေးတယ်။ ဆရာဝန်က သုံးရက်လောက်ဆိုရင် နေကောင်းသွားမှာပါလို့ ပြောခဲ့ပေမယ့် သောကြာနေ့မှာတော့ Holly ဟာ ရုတ်တရက်လဲကျသွားပြီး ကိုမာ ရသွားခဲ့ပါတယ်။

အစပိုင်းမှာ ဆရာဝန်တွေက အဆိပ်သင့်တယ်လို့ ယူဆခဲ့ကြပေမယ့် ဆေးရုံပေါ်မှာ စနေနေ့ မနက်ပိုင်းထိ လုံးဝသတိမရခဲ့တဲ့အတွက် ဆရာဝန်တွေက MRI စကင်ဖတ်ပြီး စစ်ဆေးကြည့်မှ ကလေးဟာ လေသင်တုန်းဖြတ်သွားတာဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

အခုဆိုရင် Holly က သတိပြန်ရလာခဲ့ပေမယ့် စကားလဲမပြောနိုင်၊ လှုပ်လဲမလှုပ်ရှားနိုင်ပဲ မွေးကာစ ကလေးလေးတစ်ယောက်လို ဖြစ်နေတယ်လို့ ဖခင်ဖြစ်သူ Alcock က ဝမ်းနည်းကြေကွဲစွာ ဆိုပါတယ်။
ကလေးရဲ့ အခြေနေဟာ အသက်ရှင်နိုင်ပါ့မလား၊ အသက်ရှင်ခဲ့ရင်တောင် ဦးနှောက်ထိခိုက်သွားပြီလားဆိုတဲ့ မိဘတွေရဲ့ မေးခွန်းကို ဆရာဝန်တွေက မဖြေကြားနိုင်ခဲ့ပါဘူး။
လက်ရှိမှာတော့ Holly အတွက် Just Giving ဆိုတဲ့ ဝဘ်ဆိုက်ကနေ အလှူခံပေးနေပါတယ်။


20 Jun 2018     1,276 Views




RELATED

Most Popular of International News

Most Popular of NEWS