BEC-TERO TV

ထိုင်းလှိုဏ်ဂူကယ်ဆယ်ရေး နောက်ကွယ်မှ အနှိုင်းမဲ့ သူရဲကောင်းများ

12 Jul 2018     1,460 Views


ထိုင်းနိုင်ငံ မယ်ဆိုင် ထမ်လောင်းဂူအတွင်း ၉ ရက်ကြာ ပိတ်မိနေခဲ့တဲ့ ကလေး ၁၂ ယောက်နဲ့အတူ သူတို့ရဲ့ ဘောလုံးနည်းပြ ၁ ဦးတို့ကို ပြန်လည်ကယ်ဆယ်ဖို့ နှစ်ပတ်ကျော်ကြာ ကြိုးပမ်းခဲ့ကြတာပါ။
ဒီအဖြစ်ပျက်ဟာ ကမ္ဘာကျော်သွားတဲ့ ကယ်ဆယ်ရေးဖြစ်သလို၊ မဖြစ်နိုင်တော့ဘူးလို့ ထင်ထားတဲ့ ကိစ္စကို ဖြစ်အောင် လုပ်ပြသွားနိုင်တဲ့ ထိုင်းလူမျိုးတို့ရဲ့ စိတ်ဓါတ်ကိုလည်း ကမ္ဘာက အသိမှတ်ပြုခဲ့ရပါတယ်။

“ဒီအဖြစ်ပျက်ကို ကမ္ဘာက ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” လို့ ထိုင်းရေတပ်မတော်ရဲ့ ဖေ့စ်ဘွခ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း ကလည်း အောင်မြင်သွားတဲ့အတွက် အရမ်းဝမ်းမြောက်ပါကြောင်း ဖေ့စ်ဘွခ်မှာ ဖော်ပြခဲ့ပါတယ်။

ယခုလို အောင်မြင်စွာ ပြန်လည်ကယ်ဆယ်နိုင်ဖို့ ကြိုးစားခဲ့ကြတဲ့ အခန်းကဏ္ဍအသီးသီးမှာ လူမသိသူမသိ နောက်ကွယ်ကနေ အပြည့်အဝပံ့ပိုးခဲ့တဲ့ သူရဲကောင်းတွေလည်း ရှိနေပါတယ်။
စစ်မှန်တဲ့ သူရဲကောင်းဖြစ်ဖို့ဆိုတာ တိုက်ရေး၊ ခိုက်ရေး ကျွမ်းကျင်ဖို့ မလိုပါဘူး။ နှလုံးသားထဲက မေတ္တာတရားနဲ့ စွန့်လွှတ်အနစ်နာခံလိုတဲ့ စိတ်လေးရှိဖို့ပဲ လိုအပ်ပါတယ်။

၁။ လှိုဏ်ဂူကို ရှာဖွေတေါရှိခဲ့သူ ဗြိတိသျှလူမျိုး

ဒီကယ်ဆယ်ရေးရဲ့ အောင်မြင်မှဒအစဟာ သူမပါရင် ဖြစ်လာဖို့ မလွယ်ပါဘူး။ ဗြိတိသျှလူမျိုး Vern Unsworth ဟာ ဒီလှိုဏ်ဂူကို ယခင်ထဲက တွေ့ရှိဖူးသူဖြစ်ပြီး မကြာခဏ ဝင်ထွက် ခဲ့ဖူးပါတယ်။ သူဟာ ကယ်ဆယ်ရေးသမားတွေအတွက် လှိုဏ်ဂူရဲ့ မြေပုံရေးဆွဲပေးခဲ့သလို ဗြိတိသျှ ရေငုတ်ကျွမ်းကျင် ၃ ဦးကိုလည်း အကူအညီပေးဖို့ စာရေးဆက်သွယ်ခေါ်ယူခဲ့သူဖြစ်ပါတယ်။


၂။ ကလေးများရဲ့ ဘောလုံးနည်းပြ

ကလေး ၁၂ ယောက်ဟာ သူတို့ရဲ့ ဘောလုံးနည်းပြ Ekapol မပါခဲ့ပဲ လှိုဏ်ဂူထဲမှာသာ ပိတ်မိနေခဲ့မယ်ဆိုရင် အခုလောက်ထိ အသက်ရှင်ကျန်ရစ်ဖို့ မလွယ်ပါဘူး။ Ekapol ဟာ သူ့ရဲ့ မိသားစုတစ်ခုလုံး ဆုံးရှုံးခဲ့ပြီးတဲ့နောက်မှာ ဘုန်းကြီးဝတ်ခဲ့ဖူးသူဖြစ်ပြီး ကလေးတွေကို တတ်နိုင်သရွေ့ ကူညီမယ်လို့ စိတ်ဆုံးဖြတ်ထားသူပါ။
လှိုဏ်ဂူထဲမှာ ပိတ်မိနေစဉ် ကလေးတွေကို တရားရှုမှတ်နည်း သင်ပေးပြီး စိတ်ဓါတ်မကျအောင် ထိန်းနိုင်ခဲ့သလို သူ့ရဲ့ အစားအသောက်တွေကိုလည်း ကလေးတွေကိုပဲ ပေးကျွေးခဲ့သူဖြစ်ပါတယ်။


၃။ အသက်စွန့်ခဲ့တဲ့ ရေငုတ်ကျွမ်းကျင် Saman Guran

Saman Guran ဟာ ထိုင်းရေတပ်မှာ အထူးရေငုတ်အဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အနားယူခဲ့ပါတယ်။ အခြားအလုပ် လုပ်ကိုနေစဉ် ဖြစဉ်မှာ ဝင်ရောက်ကူညီကယ်ဆယ်ခဲ့ရာမှ ရေထဲမှာ အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့ရပါတယ်။


၎။ ဗြိတိသျှ ရေငုတ်သမား နှစ်ဦး

John Volanthen နဲ့ Rick Stanton တို့ နှစ်ဦးက လှိုဏ်ဂူရဲ့ အကျဉ်းဆုံးပိုင်းထိ နာရီအတော်ကြာ ခက်ခက်ခဲခဲ ရေငုတ်ပြီး ရှာဖွေခဲ့တာကြောင့် ပျောက်ဆုံးနေတဲ့ ကလေးတွေအားလုံးကို သူတို့က စတင်ရှာဖွေတွေ့ခဲ့တာဖြစ်ပါတယ်။
Rick Stanton ဟာ အငြိမ်းစား မီးသတ်သမားဖြစ်ပြီး မီးလောင်နေတဲ့ အဆောက်အဦထဲက လူကို ကယ်ထုတ်နိုင်ခဲ့တဲ့အတွက် သတ္တိပြောင်မြောက်ထူးချွန်ဆုကို ရရှိဖူးသူပါ။ John Volanthen ကတော့ လှိုဏ်ဂူတွေထဲကနေ လူတွေကို ကယ်ထုတ်ပေးနိုင်ခဲ့တဲ့အတွက် ပြင်သစ်၊ မက္ကစီကို၊ ယူကေနဲ့ အခြားနိုင်ငံတွေကပါ သတ္တိကောင်းသူအဖြစ် အသိမှတ်ပြုထားသူဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ အပေးသမားသက်သက်ဖြစ်ပြီး၊ ငွေကြေး ဂုဏ်သိက္ခာတွေအတွက် အလုပ်လုပ်နေကြသူတွေ မဟုတ်ပါဘူး။


၅။ လှိုဏ်ဂူအနီးက လယ်ပိုင်ရှင်

လှိုဏ်ဂူရဲ့ အနီးရှိ လယ်မြေမှာ စပါးစိုက်ပျိုးပြီး အသက်မွေးတဲ့ လယ်သမားကြီးက ၁၃ ယောက်အဖွဲ့ကို ကယ်တင်နိုင်ဖို့ သူ့ရဲ့စပါးခင်းတွေကို အပျက်ဆီးခံခဲ့ပါတယ်။
“ကလေးတွေကို အရင်ကယ်ဖို့အရေးကြီးတယ်၊ စပါးပင်တွေ သေရင်သေပါစေ ငါတို့ပြန်စိုက်လို့ရတယ်” လို့ သူပြောခဲ့ပါတယ်။


၆။ အစားအသောက်ဝေငှကြတဲ့ ဒေသခံများ

ခရီးအဝေးကြီးကနေ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ တွန်းလှည်းတွေနဲ့ အစားအသောက်တွေတင်လာကြပြီး နှစ်ပတ်တာလုံးလုံး ကယ်ဆယ်ရေးအဖွဲ့အတွက် စာရေးသောက်ရေး အဆင်ပြေအောင် အခမဲ့ ဝေငှကူညီခဲ့ကြသူများကလည်း သူရဲကောင်းတွေပါပဲ။


၇။ ဟာလာအစားအစာများ ချက်ပြုတ်ကျွေးသူ

လာရောက်က်ဆယ်သူများ၊ ရေငုတ်အဖွဲ့တွေထဲမှာ ဘာသာပေါင်းစုံလည်းပါဝင်တာမို့ အစ္စလာမ်ဘာသာဝင်တွေ စားရေးသောက်ရေး အခက်အခဲမရှိအောင် အမျိုးသမီးတစ်ဦးက ဟာလာလုပ်ပြီးသား အစားအသောက်တွေကို လာရောက် ထောက်ပံ့ပေးတာကလည်း ချီးကျူးစရာပါ။


၈။ အဝတ်လျှော်ခန်း ပိုင်ရှင်

လှိုဏ်ဂူအနီးပတ်ဝန်းကျင်မှာ ဖွင့်ထားတဲ့ အဝတ်လျှော်လုပ်ငန်းမှ ပိုင်ရှင်ကလည်း သူမရဲ့ဝန်ထမ်းတွေနဲ့အတူ ကယ်ဆယ်ရေးအဖွဲ့နဲ့ ရေငုတ်သမားတွေရဲ့ အဝတ်အစားတွေကို နေ့စဉ်အခမဲ့ လျှော်ဖွတ်သန့်စင်ပေးခဲ့ပါတယ်။
 


၉။ ရေငုတ်ပစ္စည်းဆိုင် ပိုင်ရှင်

ရေငုတ်ပစ္စည်းတွေ အောက်ဆီဂျင်ဗူးတွေ ရောင်းချတဲ့ ဆိုင်ပိုင်ရှင်ကလည်း ကယ်ဆယ်ရေးအဖွဲ့တွေ လိုအပ်သမျှ ရေငုတ်ပစ္စည်းတွေကို အခမဲ့ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ကုမ္ပဏီအကြီးကြီး မဟုတ်ပဲ တစ်နိုင်တစ်ပိုင် လုပ်ငန်းအသေးစားလေးဖြစ်လို့ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုဟာလည်း တန်ဖိုးကြီးမားလှပါတယ်။


၁၀။ ရာနဲချီသော လူမှုရေးစိတ်နဲ့ ကူညီခဲ့ကြသူများ

လူမှုရေးစိတ်ဓါတ် ကိုယ်ပိုင် အသိစိတ်နဲ့ ရာပေါင်းများစွာသော သူတွေဟာ နှစ်ပတ်တာလုံး မမောနိုင်မပမ်းနိုင်ပဲ ဂူထဲက လူတွေ လွတ်မြောက်ဖို့သာ အာရုံစိုက်ပြီး စွမ်းစွမ်းတမံကြိုးစားကူညီခဲ့ကြတာမို့ သူတို့အားလုံးဟာလည်း မှတ်တမ်းတင်ထိုက်တဲ့ သူရဲကောင်းတွေ ဖြစ်ကြပါတယ်။

လတ်တစ်လောမှာတော့ ကလေး ၁၂ ယောက်၊ နည်းပြတို့ကို ဆေးရုံပေါ်မှာ ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနေတဲ့ ဗီဒီယိုကို အာဏာပိုင်များက အများပြည်သူကြည့်ရှုနိုင်ရန် ထုတ်ပြန်ပေးခဲ့ပါတယ်။ သူရဲကောင်းများ ပေါ်ထွန်းကြပါစေ။
 


12 Jul 2018     1,460 Views




RELATED

Most Popular of International News

Most Popular of NEWS