BEC-TERO TV

ထူးမြတ်လှသည့် ဝါဆိုလပြည့်နေ့ (သို့) ဓမ္မစကြာအခါတော်နေ့ ဆိုသည်မှာ

26 Jul 2018     1,714 Views


ဝါဆိုလပြည့်နေ့ကို ရှေးဆရာကြီးများက “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လဝါဆို” လို့ ဖော်ကျူးထားကြပါတာ်။ ဆိုလိုရင်းကတော့ ဝါဆိုလပြည့်နေဟာ အလွန်ထူးခြားတဲ့ နေ့တစ်နေ့ဖြစ်ပြီး ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော အချက်များ ထူးခြားကြည့်စုံနေလို့ဖြစ်ပါတယ်။


ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လည်း ဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လည်း ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်းဖြစ်သည်။


ဧဟိ ဘိက္ခု ဟူသော စကားကို စတင်ကြားရသော နေ့လည်းဖြစ်သည်။ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေမြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာ တွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်ဖြစ်သည်။
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ် ထားလေသည် ။

ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့ တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။

ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။

ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆို လပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက် လာသည်။


မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ်သည်။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပ သောပွဲတော်ဖြစ်လည်း ဖြစ်သည်။


ထိုနေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့တွင် ရဟန်းရှင်လူ အများပြည်သူတို့သည် ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံစသည်တို့တွင် ဝတ်အသင်းများ၊ ဓမ္မာစကြာအသင်းများက ဓမ္မစကြာ တရားတော်ကို ပူဇော်ခြင်းဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားများကို ကျင်းပကြပါသည်။ ဓမ္မစကြာ တရားတော်ကို အစီအစဉ်ဖြင့် ရွှတ်ဆို ပူဇော်ကြကုန်သည်။


ဝီကီပီးဒီယား


 


26 Jul 2018     1,714 Views




RELATED

Most Popular of Special or Others

Most Popular of NEWS