BEC-TERO TV

ယာဉ်မောင်းနှင်သူတိုင်း သိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုး

08 Aug 2018     1,589 Views


မော်တော်ယာဉ်များဖြင့် နေ့စဉ်မောင်းနှင်သွာလာနေရသူတွေအတွက် ယာဉ်တိုက်မှုဆိုတာ အချိန်မရွေး နေရာမရွေးမှာ အကြောင်းအမျိုးမျိုးနဲ့ တွေ့ကြုံရတတ်ပါတယ် (မကြုံကြရပါစေနဲ့)။ အကယ်၍ ကံမကောင်းအကြောင်းမလှလို့ ကြုံလာခဲ့ရင်တော့ သူမှားတာလား၊ ကိုယ်မှားတာလား။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမှာ ဘယ်လိုအချက်အလက်တွေနဲ့ အမှန်အမှား တာဝန်ယူမှုတွေ ဆုံးဖြတ်ကြမလဲဆိုတာ မဖြစ်မနေ သိထားသင့်ပါတယ်။
 
ယာဉ်တိုက်မှုအခြေနေပေါင်းများစွာကို ခြုံငုံမိစေတဲ့ ယာဉ်တိုက်မိခြင်း ပုံစံ (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ရပ်ထားသောယာဉ်ကို ဝင်တိုက်မိခြင်း
ရပ်ထားသောယာဉ်ကို အခြားယာဉ်တစ်စီးမှ ဝင်တိုက်မိတဲ့အခါမှာ တိုက်တဲ့ယာဉ်ရဲ့ အမှားပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ညအချိန် အမှောင်ထဲမှာ ဘေးမီးဖွင့်မထားပဲ လမ်းမပေါ် ရပ်ထားခဲ့မယ်ဆိုရင် အန္တရာယ်မဖြစ်နိုင်အောင် သတိပေးမယ့်သူ ရှိမနေခဲ့ရင်တော့ ရပ်ထားတဲ့ယာဉ်မှာလည်း တာဝန်ရှိပါတယ်။
 
၂။ ရှေ့ယာဉ်အား နောက်ယာဉ်မှ ဝင်တိုက်မိခြင်း
နောက်ကယာဉ်မှာ တာဝန်ရှိပါတယ်၊ အရှေ့ကယာဉ်မှ ရုတ်တရက် ဘရိတ်စောင့်နင်းလို့ တိုက်သည်ဖြစ်စေ နည်းဥပဒေပုဒ်မ ၁၄၅ မှာ ရှေ့ယာဉ်ရုတ်တရက် ရပ်တန့်လျှင် နောက်ယာဉ်မှ ထိခိုက်မှုမြစေ်စေရန် သင့်လျော်သော အကွာအဝေးမှ မောင်းနှင် လိုက်ပါရမည်ဟု ဖော်ပြထားပါတယ်။
 
သင့်လျော်သည့် အကွာအဝေးဆိုသည်မှာ ပုံသေမရှိသည့်အတွက် ရှေ့မှမောင်းနှင်သော ယာဉ်၏အရျိန်အပေါ် မူတည်ကာ ရုတ်တရက် ဘရိတ်အုတ်သည့်အခါ ရောက်ရှိမည့် အကွာအဝေး (Breaking Distance) ကို ချိညှိမောင်းနှင်ရမှာပါ။
ဒါပေမယ့် ချွင်းချက် တစ်ခုအနေနဲ့ ဖရီးယာဉ်ကြော အဖြစ် သတ်မှတ်ထားပြီး ရပ်မျဉ်းမရှိတဲ့ ကွေ့ကြောနေရာ တည့်တည့်မှာ တိုက်မိရင်တော့ ရှေ့ယာဉ်ရဲ့ အမှားဖြစ်ပါတယ်။ (လမ်းအမှတ်သား လိုက်နာခြင်းမရှိသည့်အတွက်)
 
၃။ လမ်းဆုံတွင် ယာဉ်နှစ်စီးတိုက်မိခြင်း
မိန်းလမ်းမကြီးနဲ့ လမ်သွယ်ဖြစ်ခဲ့ရင်တော့ လမ်းသွယ်ထဲက ယာဉ်ရဲ့တာဝန်ဖြစ်ပါတယ်။
နည်းဥပဒေ ၁၄၉(ခ)အရ လမ်းမကြီးမှယာဉ်ကို ဦးစားပေးရပါမယ်။ အကယ်၍ တူညီလမ်းဆုံမှာ တိုက်မိကြရင်တော့ နည်းဥပဒေ ၁၄၉(က)အရ လက်ယာဘက်က ယာဉ်ကို ဦးစားပေးရမှာဖြစ်ပါတယ်။ တူညီလမ်းဆုံသို့ ယာဉ်နှစ်စီး တစ်ပြိုင်တည်းရောက်ရှိပါက ဦးစွာရောက်သောယာဉ်ကို ဦးစားပေးရမည်ဖြစ်ပြီး။ တစ်ချိန်တည်း ရောက်ရှိပါက လက်ယာဘက်က ယာဉ်ကို ဦးစားပေးရမှာဖြစ်ပါတယ်။
 
၄။ လမ်းအလယ်တွင် ရင်ဆိုင်တိုက်မိခြင်း
ယာဉ်နှစ်စီးလုံးမှာ တာဝန်ရှိပါတယ်။ လက်ယာကပ်မောင်းစနစ် ကျင့်သုံးသည့်အတွက် မည်သည့်ယာဉ်မဆို လက်ယာဘက်ကပ်ပြီး မောင်းနှင်ရမှာဖြစ်ကြောင်း နည်းဥပဒေ ၁၄၁ မှာ ဖော်ပြထားပါတယ်။
အမြန်လမ်းကဲ့သို့ ယာဉ်ကြော ၃ ခုရှိသောလမ်းများမှာ လက်ဝဲဘက် အစွန်ဆုံးယာဉ်ကြောသည် ကျော်တက်ရန်နှင့် အမြန်မောင်းနှင်သည့်အခါတွင်သာ အသုံးပြုရပါမည်။
 
၅။ T ပုံသဏ္ဍန်လမ်းဆုံတွင် တိုက်မိခြင်း
T ပုံစံလမ်းပေါ်မှာ တိုက်မိပါက လမ်းမပေါ် ကွေ့ထွက်လာသည့် ယာဉ်၏အမှားဖြစ်သည်။
 
၆။ တည့်ယာဉ်နှင့် လက်ဝဲသို့ ဂငယ်ကွေ့ ကွေ့ယာဉ်တိုက်မိခြင်း
နည်းဥပဒေ ၁၄၈ နှင့် ၁၅၀ အရ တည့်တည့်လာနေသော ယာဉ်များ မရှင်းလင်းမီ ကွေ့ထွက်သော ယာဉ်၏အမှား ဖြစ်ပါတယ်။
 
၇။ လမ်းပြောင်းပြန်ကျော်တက် မျက်နှာချင်းဆိုင်ယာဉ်နှင့် တိုက်မိခြင်း
နည်းဥပဒေ ၁၄၆ အရ တစ်ဖက်ယာဉ်ကြောတွင် ယာဉ်မရှင်းလင်းပဲ လမ်းပြောင်းပြန်ကျော်တက်တဲ့ ယာဉ်၏အမှားဖြစ်ပြီး တာဝန်ရှိပါတယ်။
 
၈။ ဘေးချင်းယှဉ်ကျော်တက်၍ ပွတ်တိုက်မိခြင်း
လက်ဝဲဘက်မှ ကျော်တက် ပွတ်တိုက်မိသည့် ယာဉ်၏အမှားသာဖြစ်သည်။
 
၉။ အဝိုင်းတွင် ယာဉ်နှစ်စီးတိုက်မိခြင်း
နည်းဥပဒေ ၁၄၉ အရ အဝိုင်းပတ်နေသော ယာဉ်အမှန်ဖြစ်ပါတယ်။ အဝိုင်းပတ်ယာဉ်အချင်းချင်း တိုက်မိပါက လက်ဝဲဘက် အတွင်းယာဉ်ကြောက ယာဉ်က အမှန်ဖြစ်ပါတယ်။
 
၁၀။ မော်တော်ယာဉ်မှ လူကိုတိုက်မိခြင်း
စက်တပ်ယာဉ်နှင့် လူ တိုက်မိပါက စက်တပ်ယာဉ်၏ အမှားသာဖြစ်ပါတယ်။
 
ယာဉ်တိုက်မှုဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားရပြီး အထူးသဖြင့် ယာဉ်မောင်းများရဲ့ ပေါ့လျော့မှု၊ သူတစ်ပါး၏ ပေါ့လျော့မှု၊ ယာဉ်၏စက်ချို့ယွင်းမှု၊ လမ်းအသုံးပြုသူများရဲ့ စည်းကမ်းမလိုက်နာမှုတွေကြောင့် အဖြစ်များရခြင်းဖြစ်ပါတယ်။
ယာဉ်မောင်းသူတိုင်း၊ လမ်းအသုံးပြုသူတိုင်း ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ လိုရာခရီးကို ရောက်နိုင်ကြပါစေ။
 
သင့်မိတ်ဆွေ သူငယ်ချင်းများလည်း သိရှိပြီး အားလုံးအန္တရာယ်ကင်းစေဖို့ မေတ္တာဖြင့် ရှယ်ပေးရင်း ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ပါဝင်လိုက်ပါဦးနော်..။
 
ကိုးကား - Bo Win

08 Aug 2018     1,589 Views




RELATED

Most Popular of Special or Others

Most Popular of NEWS