BEC-TERO TV

ကြောက်စရာကောင်းတဲ့ အားဖြည့်အချိုရည် အန္တရာယ်

15 Aug 2018     1,671 Views


ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာ အလွယ်တစ်ကူရရှိနိုင်တဲ့ အားဖြည့်အချိုရည်တွေဟာ လူအတွက် အသက်အန္တရာယ်ကြီးမားကြောင်း ဆေးသိပ္ပံပညာရှင်တွေက အသိပေးလိုက်ပါတယ်။ လတ်တလော တိုက်ဆိုင်တဲ့ အဖြစ်အပျက်တွေအရ ကျန်းမာရေးကောင်းမွန်နေတဲ့ ဆယ်ကျော်သက် လူငယ်နှစ်ဦးဟာ အားဖြည့်အချိုရည် သောက်သုံးပြီးနောက် ရုတ်တရက် ဆုံးပါးခဲ့ကြပါတယ်။
 
အရီဇိုးနားပြည်နယ်က လန်နာဟန်မန် ဆိုသူ ဆယ်ကျော်သက် မိန်းကလေးဟာ သူမရဲ့ သူငယ်ချင်းများနဲ့အတူ မက္ကစီကိုကမ်းခြေကို အလည်သွားကြစဉ် ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခဲ့ရပါတယ်။ သူမဟာ နှလုံးရောဂါအခံရှိသူ မဟုတ်သလို ကျန်းမာရေးကောင်းမွန်တဲ့ မိန်းကလေးဖြစ်ပါတယ်။ ကမ်းခြေမှာ လျှောက်သွားနေကြစဉ် ရုတ်တရက်အသက်ရှုကြပ်ပြီး လဲကျကာသေဆုံးခဲတာ့ပါတယ်။ ရုတ်တရက် အဖြစ်အပျက်ကြောင့် မိခင်ဖြစ်သူနဲ့ သူငယ်ချင်းများက သူမသေဆုံးမှုအပေါ်  မယုံကြည်နိုင်အောင် အံ့သြထိတ်လန့်ခဲ့ကြပါတယ်။

ဆေးစစ်ချက်အရ သူမရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ပြီး သေတယ်လို့ အဖြေထွက်လာတဲ့အခါ မိခင်ဖြစ်သူ ခေါင်းရှုပ်သွားခဲ့ရပါတယ်။ အဲဒီနေ့က သမီးဖြစ်သူဟာ အာဖြည့်အချိုရည်တွေ သောက်နေတာကို သူမကိုယ်တိုင်မြင်ခဲ့ရပြီး မသေဆုံးခင်လေးမှာတင် သောက်လက်စ အားဖြည့်အချိုရည်ဗူး(RB) ကို လက်စသတ်သွားသေးတယ်လို့ မိခင်က ဆိုပါတယ်။ ဒါကြောင့် ရေဓါတ်ခမ်းခြောက်တယ်ဆိုတဲ့ အဖြေဟာ သူမအတွက် ပဟေဋိလို ဖြစ်ခဲ့ရပါတယ်။
 
ဆေးပညာရှင်တွေကတော့ လန်နာဟန်မန် ဟာ အားဖြည့်အချိုရည်တွေ အလွန်အကျွံသောက်မိတာကြောင့် ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးခဲ့တယ်လို့ သံသယရှိပါတယ်။
 
နောက်ထပ် လူငယ်တစ်ဦးကတော့ ကယ်ရိုလိုင်းနားပြည်နယ်က အသက် ၁၆ နှစ်အရွယ် ဒေးဗစ်အဲလန်ခရိုက်ပ် ဖြစ်ပါတယ်။ သူဟာလည်း ကျန်းမာရေးကောင်းသူဖြစ်ပြီး နှလုံးရောဂါအခံလည်း မရှိခဲ့ပါဘူး။ သူကိုယ်တိုင်လည်း အားဖြည့်အချိုရေတွေကို သောက်သုံးလေ့ မရှိပါဘူး။ ဒါပေမယ့် သူသေဆုံးမယ်နေ့က ကဖင်းဓာတ်ပါဝင်တဲ့ အားဖြည့်အချိုရည် သုံးမျိုးလောက်ကို ရေဆာတယ်ဆိုပြီး သောက်ခဲ့ပါတယ်။ နှစ်နာရီလောက်အကြာမှာတော့ သူလည်း ရုတ်တရက် လဲကျပြီး သေဆုံးခဲ့ပါတယ်။

အစားအသောက်ကြီးကြပ်ကွပ်ကဲရေးဌါနရဲ့ အဆိုအရ အားဖြည့်အချိုရည်တစ်ဗူးမှာ ကဖင်းဓါတ်ပါဝင်မှု ၄၀၀ မီလီဂရမ် ရှိပြီး ဘေးအန္တရာယ်ကင်းတဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် ပြဿနာက အားဖြည့်အချိုရည်ကို အချိန်တိုအတွင်းမှာပဲ တစ်ဗူးထက်မက သောက်သုံးမည်ဆိုပါက အန္တရာယ်ရှိနိုင်ပြီဖြစ်ပါတယ်။
 
ကဖင်းဓါတ်ဟာ ကော်ဖီမှာ ပါဝင်တယ်ဆိုတာ အများကသိထားပြီးဖြစ်ပါတယ်။ ဆေးပညာရှင်များရဲ့အဆိုအရ လူတစ်ယောက်ဟာ တစ်နေ့မှာ အများဆုံး ကော်ဖီ ၅ ခွက်ထိသာ သောက်သုံးသင့်ကြောင်း ပြောထားပါတယ်။ ဒါပေမယ့် အားဖြည့်အချိုရည် တစ်ဗူးမှာ ပါဝင်တဲ့ ကဖင်းဓာတ် ပမာဏဟာ ကော်ဖီ ၄ ခွက်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
 

ဒါကြောင့် အားဖြည့်အချိုရည် နှစ်ဗူး သောက်ပြီးသွားရင် ကော်ဖီ ၈ ခွက်စာ ကဖင်းဓါတ်တွေက ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့ အတွက် နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်နိုင်တဲ့အတွက် အားဖြည့်အချိုရည်တွေဟာ လူတွေအတွက် မကောင်းလှဘူးလို့ ဆိုပါတယ်။
 
အကယ်၍ စာဖတ်သူဟာ အားဖြည့်အချိုရည် စွဲလန်းသူ တစ်ဦးဖြစ်နေရင်တော့ ဖြည်းဖြည်းချင်းလျှော့ချသောက်သုံးဖို့ တိုက်တွန်းလိုက်ပါရစေ..။

15 Aug 2018     1,671 Views




RELATED

Most Popular of Health Fix

Most Popular of NEWS