BEC-TERO TV

သွေးပေါင်ကျတာကို ချက်ခြင်းသိနိုင်တဲ့ ရှေ့ပြေးလက္ခဏာရပ်များ

30 Aug 2018     10,088 Views


များသောအားဖြင့် လူတွေက သွေးပေါင်တိုးတဲ့ အကြောင်းကိုသာ သတိထားဆင်ခြင်စရာတစ်ခုအနေနဲ့ ပြောကြလေ့ရှိပါတယ်။ “ကျွန်မတော့ သွေးတွေတက်နေပြီ” “သွေးတက်စာတွေကို ကြိုက်ပေမယ့် ရှောင်နေရတယ်” စသည်ဖြင့် “သွေးတက်” သွေးပေါင်တိုးခြင်းကိုသာ ရောဂါတစ်ခုအဖြစ် ပိုပြီး အာရုံစိုက် ဂရုပြုတတ်ကြပါတယ်။

တစ်ကယ်တော့ သွေးတက် သလို သွေးကျခြင်းကလည်း အသက်အန္တရာယ်ရှိတာမို့ သူ့ရဲ့ရောဂါလက္ခဏာတွေကိုလည်း သိထားဖို့လိုပါတယ်။ သွေးပေါင်ချိန် တိုင်းလိုက်တဲ့အခါ ၁၄၀/၉၀ နဲ့ အထက် ဆိုရင် သွေးပေါင်တိုးတယ်လို့ သတ်မှတ်ပါတယ်။ အကယ်၍ ၉၀/၆၀ ဆိုရင်တော့ သွေးပေါင်ကျနေပါပြီ။ သွေးပေါင်ကျတာကိုလည်း ဟိုက်ပိုတန်ရှင်း လို့ခေါ်တဲ့ သွေးတိုးရောဂါ အဖြစ်ပဲ သတ်မှတ်ထားကြပါတယ်။

သွေးတက်(သွေးပေါင်မြင့်)ခြင်းကြောင့် နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်ပျက်ဆီးခြင်းတို့ ဖြစ်နိုင်သလို သွေးကျ(သွေးပေါင်ကျ)ခြင်းကြောင့်လည်း ခန္ဓာကိုယ်မှာ ထိခိုက်ပျက်ဆီးမှုတွေ ဖြစ်စေပါတယ်။

လူတိုင်းဟာ တစ်နေ့လျှင် တစ်ကြိမ်မဟုတ် တစ်ကြိမ်ထက်ပိုပြီး သွေးပေါင်ကျတတ်ကြပါတယ် ဒါပေမယ့် သွေးပေါင်က ကျမှန်း မသိလောက်အောင် ညင်သာတတ်တာမို့ (သိသာတဲ့ လက္ခဏာမပြ) သတိမထားမိခြင်းဖြစ်ပါတယ်။ ဘယ်လိုအချိန်တွေမှာ ဖြစ်တတ်လဲဆိုရင် ထိုင်နေလျက် (သို့) လဲလျောင်းနေရာကနေ မတ်တပ်ထရပ်လိုက်တဲ့အခါ သွေးပေါင်ကျတတ်ပါတယ်။ အချို့လူတွေမှာတော့ အစားစားပြီးချိန် (သို့) အချိန်ကြာကြာ မတ်တပ်ရပ်နေရတဲ့ အခါမှာ သွေးပေါင်ကျလာတတ်ပါတယ်။

ကိုယ်ဝန်ဆောင်တဲ့အခါ၊ ဒဏ်ရာကသွေးထွက်များတဲ့အခါ၊ နှလုံးအားနည်းလို့ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါ၊ အရည်ဓာတ်ခမ်းခြောက်တဲ့အခါ၊ ကိုယ်အလေးချိန်လျော့ဖို့ အစာကိုလျော့စားတဲ့အခါ စသည်ဖြင့် အခြေအနေတွေမှာလည်း သွေးပေါင်ကျတတ်ပါတယ်။

အောက်ဖော်ပြပါအချက်တွေထဲက တစ်ခုခု ခံစားနေရပြီဆိုရင် မိမိမှာ သွေးပေါင်ကျနေကြောင်း သိရှိသတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ မူးနောက်နောက်ဖြစ်ခြင်း (သို့) မသိမသာလေး ခေါင်းမူးခြင်း

မသိမသာခပ်ပါးပါးလေး ခေါင်းမူသလိုလို ဖြစ်လာပြီဆိုရင် ဒါဟာ သွေးပေါင်ကျနေပြီလို့ သတိထားလိုက်ပါ။ သွေးပေါင်ကျတာကြောင့် ဦးနှောက်ကို အောက်ဆီဂျင် ပေးပို့မှု အားနည်းသွားတဲ့အတွက် ဒီလို ခံစားရတာဖြစ်ပါတယ်။
 
အခြေအနေတစ်ခုကနေ နောက်တစ်ခုကို ရုပ်ချည်း ဆတ်ကနဲပြောင်းလိုက်တာမျိုး၊ ဥပမာ ထိုင်ရာကနေ ရုတ်တရက် ထရပ်လိုက်တာမျိုးတွေမှာ ဖြစ်ပါတယ်။ (ဥပမာ အိမ်သာထဲမှာ နဲနဲကြာကြာ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်တဲ့အခါမျိုးတွေမှာ သိသာပါတယ်)
သွေးပေါင်ချိန် တစ်အားကျသွားတဲ့အခါမှာ မေ့လဲကျသွားတာမျိုးအထိ ဖြစ်တတ်ပါတယ်။


၂။ ပင်ပန်းနွမ်းနယ်ခြင်း

ရံဖန်ရံခါ ဘာကိုမှ ကြီးကြီးမားမား မလုပ်ရသေးပဲ ပင်ပန်းနေသလို ခံစားရတာကလည်း သွေးပေါင်ကျခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ သွေးလှည့်ပတ်မှုကနေ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ စွမ်းအင်တွေကို ထုတ်လုပ်ပေးပါတယ်၊ သွေးလှည့်ပတ်မှုနှေးကွေးပြီး သွေးပေါင်ကျလာတဲ့အခါ စွမ်းအင် အလုံလောက်မရတော့တဲ့အတွက် ပင်ပန်းနွမ်းနယ်သလို ခံစားရခြင်းဖြစ်ပါတယ်။


၃။ နှလုံးခုန်မြန်ခြင်း

အကယ်၍ သင့်ရဲ့နှလုံးခုန်နှုန်း သာမန်ထက်ပိုမြန်လာပြီ (သို့) တဆက်ဆက်ခုန်သလို ခံစားနေရပြီဆိုရင် သွေးပေါင်ကျခြင်း လက္ခဏာဖြစ်ပါတယ်။ သွေးလှည့်ပတ်မှု နှေးသွားတဲ့အတွက် နှလုံးက ပိုပြီးအလုပ်လုပ်ရတဲ့အခါ ခုန်နှုန်းလည်း မြန်လာတာဖြစ်ပါတယ်။


၎။ လက်ဖဝါးအေးခြင်း၊ စေးထန်းထန်းဖြစ်လာခြင်း

လက်ဖဝါးတွေအေးလာတာ၊ စေးထန်းထန်းဖြစ်လာတာတွေဟာ သွေးပေါင်ကျလာခြင်းရဲ့ နောက်ထပ်လက္ခဏာရပ်ဖြစ်ပါတယ်။

သွေပေါင်ချိန်ကျပြီး ဖော်ပြပါ လက္ခဏာတွေ ခံစားလာရပြီ၊ အထူးသဖြင့် မူးမိုက်တာ၊ နှလုံးခုန်မြန်တာတွေ ဖြစ်လာရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ အကြံပြပါရစေ။


(နေဇာအောင်)


30 Aug 2018     10,088 Views




RELATED

Most Popular of Health Fix

Most Popular of Life Style