BEC-TERO TV

မြန်မာနိုင်ငံက ဒီမိုကရေစီအရေးတိုးမြှင့်မှုလုပ်ဆောင်မှုအတွက် ဂျပန် ကူညီမည်

10 Oct 2018     1,252 Views


မြန်မာနိုင်ငံက ဒီမိုကရေစီအရေးတိုးမြှင့်လုပ်ဆောင်ကြိုးပမ်းမှုတွေကို ဂျပန်ဟာ ပံ့ပိုးကူညီမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်းဇိုးအာဘဲ (Shinzo Abe) က ပြောဆိုလိုက်ပါတယ်။

အင်္ဂါနေ့က တိုကျိုမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ်အာဘဲ က အဲဒီလိုမှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ် မြန်မာ ထိုင်း ကမ္ဘောဒီယားနဲ့ လာအို တို့ပါဝင်တဲ့ မဲခေါင် ဂျပန်ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဂျပန်ကိုရောက်ရှိနေပါတယ်။

စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတည်ငြိမ်ရေး၊ ရခိုင်ပြည်နယ် တွင်းကိစ္စတွေကို ကိုင်တွယ်ရေးနဲ့ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို မစ္စတာအာဘဲက ချီးကျူးပြောဆိုခဲ့ပါတယ်။

ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကနယ်ပယ်တို့ဟာ ဒီမိုကရက်တစ်နိုင်ငံ တစ်နိုင်ငံတည်ထောင်ဖို့ မြန်မာရဲ့ ကြိုးပမ်းမှုတွေကို အစွမ်းကုန် ကူညီသွားမှာဖြစ်တယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ လူနည်းစုရိုဟင်ဂျာတွေ ပြန်လာနိုင်စေဖို့အတွက် ဂျပန်ဟာ အကူအညီပေးဖို့ လိုလားတယ် လို့လည်း မစ္စတာအာဘဲ က ပြောပါသေးတယ်။ အဲဒီကိစ္စကို သီးခြားလွတ်လပ်တဲ့အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ဟာ အရေးကြီးတယ်ဆိုတာကိုလည်း ထောက်ပြခဲ့ပါတယ်။ အဲဒီဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် သင့်တင့် လျောက်ပတ်တဲ့အခြေအနေကို ဖန်တီးတဲ့ကြိုးပမ်းချက်တွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ဝန်ကြီးချုပ်အာဘဲ က တောင်းဆိုလိုက် ပါတယ်။

ပြီးခဲ့တဲ့နှစ်သြဂုတ်လက ရိုဟင်ဂျာစစ်သွေးကြွတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက နှိပ်ကွပ်မှုတွေလုပ်ဆောင်ခဲ့ပြီးတဲ့ နောက် အဲဒီလူတွေဟာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ဆက်လက်ကြိုးပမ်းဖို့ လိုနေတယ်ဆိုတာနဲ့ ဂျပန်ရဲ့ထောက်ခံပံ့ပိုးမှုနဲ့ နားလည်မှုတွေအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောဆိုပါတယ်။

Ref NHK

 


10 Oct 2018     1,252 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS