BEC-TERO TV

လူသားစက်ရုပ်တီထွင်သူ အသက် (၁၉)နှစ်အရွယ် မိန်းကလေး

11 Oct 2018     1,645 Views


အီသီယိုးပီးယား နိုင်ငံတွင် အသက် ၁၉ နှစ်အရွယ် Betelhem Dessie အမည်ရှိ မိန်းကလေးငယ် တစ်ဦးဟာ သူမရဲ့ အိုင်တီ ပိုင်းဆိုင်ရာဆန်းသစ်တီထွင်မှုများကြောင့် အများပြည်သူရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

သူမဟာ အသက် ၁၉ နှစ်သာရှိသေးပေမဲ့ လူသားစက်ရုပ်ကို တီထွင်ပြီးနေပါပြီ။ သူမဟာ Robotic (စက်ရုပ်ပိုင်းဆိုင်ရာ)ဘာသာရပ်ကိုအဓိကလေ့လာသူတစ်ဦးဖြစ်ပြီး iCog lab ဆိုတဲ့ ဆော့ဖ်ဝဲလ် ကျွမ်းကျင်ပရိုဂရမ်မာများပေါင်းစည်း ပါဝင်နေတဲ့ အဖွဲ့အစည်းတစ်ခုမှာ ပရိုဂရမ်မာ တစ်ဦးအနေနဲ့ ရပ်တည်နေသူဖြစ်ပါတယ်။

iCog lab ဆိုသည်မှာAI (Artificial intelligence) language ကိုအသုံးပြုပြီး စက်ရုပ်များ နှင့် software applications  များစွာကို တီထွင်ဖန်တီးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 

Dessie ဟာ အီသီယိုးပီးယားနိုင်ငံ ရဲ့မြို့တော် Addis Ababa ၏ အကြီးမားဆုံး စီမံကိန်း ဖြစ်သော AI project မှာပါဝင်ခဲ့ပါတယ်။ ထို စီမံကိန်းမှာ ကမ္ဘာ့နာမည်အကြီးဆုံး စက်ရုပ်ကို တီထွင်ရန်ဖြစ်ပြီး စက်ရုပ်နာမည်ကို ဆိုဖီယာ (Sofia) လို့အမည်တွင်စေခဲ့ပါတယ်။

သူမဟာ အသက် ၁၉ နှစ်ပဲရှိသေးပေမဲ့ သူမနာမည်ပေါက်နဲ့ software programs  ၄ ခုကို ရောင်းချပြီးပြီဖြစ်ပါတယ်။ အဆိုပါ ပရိုဂရမ် ၄ ခုထဲမှ ၁ခုဟာဆိုရင် အီသီယိုးပီးယားအစိုးရအတွက် မြစ်ကြောင်း ရေကြောင်းလမ်းများကိုလမ်းညွှန် မှတ်သားပေးတဲ့ နေရာမှာအထောက်အကူပြုတဲ့ software application တစ်ခုကိုသူမကိုယ်တိုင် ရေးသားရောင်းချခဲ့တာဖြစ်ပါတယ်။

ဒေစီဟာ အသက် ၁၉ နှစ်ပဲရှိသေးပေမဲ့ ဘာကြောင့်ဒီလောက်တော်နေတယ် ထင်ပါသလဲ?

သူမဟာ ဆော့ဖ်ဝဲလ်ပရိုဂရမ်းမင်း ဘာသာရပ်များကို အသက် ၉ နှစ်အရွယ်ကတည်းက စတင်လေ့လာခဲ့တာပါတဲ့။ ဒါကြောင့်သူမ အသက် ၁၉ နှစ်အရွယ်မှာ ပရိုဂရမ်းမင်းနဲ့ ပတ်သတ်ပြီး အရမ်းကို Professional ဖြစ်နေတာ အံ့သြစရာမရှိပါဘူး။

သူမ အသက် ၉ နှစ်ပြည့်မွေးနေ့မှာ သူမ သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲကျင်းပဖို့ သူမအဖေဆီက မုန့်ဖိုးတောင်းခဲ့ပါတယ်တဲ့။ သူမအဖေက မပေးခဲ့တဲ့အတွက် သူမကိုယ်တိုင် ပိုက်ဆံရှာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူမနဲ့ မိသားစုတို့ဟာ အီသီယိုးပီးယား အရှေ့ပိုင်း ဒေသ မှာတည်ရှိတဲ့ Harrar ဆိုတဲ့ မြို့မှာနေထိုင်ကြပြီး သူမအဖေကတော့ အီလက်ထရောနစ် ပစ္စည်းအရောင်းဆိုင် ဖွင့်ထားပါတယ်။ Dessie  ဟာ သူမအဖေဆိုင်က ရောင်းလို့မရတော့တဲ့ ပစ္စည်းအကျိုးအပဲ့ တွေကိုချိတ်ဆက်ပြီး စတင်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ သူမရဲ့ ပထမဆုံးအလုပ်ကတော့ video editing လုပ်ပေးတယ် ဈေးဝယ်သူများကို ဂီတဗွီဒီယိုများကို ရောင်းချပေးခြင်းဖြစ်ပါတယ်တဲ့။

“အဲ့အချိန်တုန်းက ကျွန်မ ဒေါ်လာ ၉၀ တောင်ရခဲ့တာ အဲ့ပိုက်ဆံတွေနဲ့ မွေးနေ့ပွဲလုပ်ခဲ့တာပဲ အဲ့ခံစားချက်ကို ဒီတစ်သက်တကယ်မမေ့နိုင်ဘူး” လို့ ရယ်မောပြီးပြောဆိုနေခဲ့ပါတယ်။

ပြီးတော့ Dessie ကသူမရဲ့ IT အမြင်နဲ့ပတ်သတ်ပြီး ဖွင့်ဟပြောဆိုခဲ့ပါသေးတယ်။

“ကျွန်မတို့ IT နယ်ပယ်မှာ ယောင်္ကျားလေးနဲ့ မိန်းကလေးယှဉ်ရင် ယောင်္ကျားတွေက ပိုပြီးတွေးခေါ်အားကောင်းတယ် တီထွင်မှုအသစ်အဆန်းတွေ ပိုထွက်လေ့ရှိတယ်။ သူတို့က ရည်မှန်းချက်ကြီးကြီးထားပြီး လူအထင်ကြီးအောင်လုပ်ဖို့ပဲ ရည်မှန်းတာများတယ်။ ဥပမာ စက်ရုပ်တို့ ဒုံးပျံတို့ကိုပဲ တီထွင်ကြသလိုပေါ့။ မိန်းကလေးတွေကျတော့ အဲ့လိုမဟုတ်လူး လူအထင်ကြီးစေဖို့ လဲ မရည်ရွယ်ဘူး ကိုယ်တတ်ထားတဲ့ပညာရပ်နဲ့ကိုယ့် နိုင်ငံ၊ ကိုယ့်ဒေသက လူမျိုးတွေကို အထောက်အကူပြုစေချင်ရုံပါပဲ။ ထားပါတော့ ကိုယ့်ဒေသက လယ်သမား တွေအတွက် မိုးလေဝသ ခန့်မှန်းပေးတဲ့ application တွေ ရေးပေးတာမျိုး အဲ့လိုအကျိုးပြုတဲ့ အရာတစ်ခုခုကိုလုပ်ပေးချင်ပါတယ်” လို့ပြောကြားထားပါတယ်။ ဒါကတော့ IT နယ်ပယ်မှာသူမ ထင်မြင်ယူဆတဲ့ ယောင်္ကျားနဲ့ မိန်းမ အမြင် ကွဲပြားခြားနားပုံပဲဖြစ်ပါတယ်။


11 Oct 2018     1,645 Views




RELATED

Most Popular of Special or Others

Most Popular of NEWS