BEC-TERO TV

မိခင်ဖြစ်သူရဲ့ ပေါ့ဆမှုကြောင့် ကားအောက်ရောက်သွားတဲ့ ၂ နှစ်သမီးလေး (ရုပ်သံ)

16 Oct 2018     1,305 Views


ကလေးငယ်လေးတွေကို မိဘအုပ်ထိန်းသူတွေအနေနဲ့ တစက္ကန့်လေးမှတောင် မျက်စိအောက်က အပျောက်မခံသင့်ပါဘူး။ သူတို့လေးတွေဟာ အဆိုးအကောင်း အန္တရာယ်တွေကို မဆင်ခြင်နိုင်သေးပဲ လွပ်လွပ်လပ်လပ်ဆော့ကစားချင်တာပဲ သိကြတာမျိုးပါ။ အထူးသဖြင့် မော်တော်ယာဉ်တွေ အမြဲရှုပ်ထွေးတဲ့ ဓါတ်ဆီဆိုင်လို နေရာမျိုးတွေမှာ ပိုပြီးတော့ သတိထားသင့်ပါတယ်။
 
အောက်တိုဘာလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံ ကလန်းအရပ်မှာရှိတဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင်မှာ     မိခင်ဖြစ်သူက မော်တော်ဆိုင်ကယ်ကို ဆီဝင်ဖြည့်နေစဉ် သူမနဲ့အတူပါလာတဲ့ ၂ နှစ်အရွယ် သမီးလေးက ဓါတ်ဆီဆိုင်ထဲမှာ လျှောက်သွားခဲ့တာကြောင့် မော်တော်ကားတစ်စင်းက အရှိန်နဲ့တိုက်မိပြီး တရွတ်တိုက် ဆွဲပါသွားတဲ့ သွေးပျက်ဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ 
 
စီစီတီဗီပုံရိပ်အရ ကလေးမလေးဟာ မော်တော်ယာဉ်တွေ ဓါတ်ဆီဖြည့်နေတဲ့ နေရာဆီကို ဖြည်းဖြည်းခြင်း တောက်တောက် တောက်တောက်နဲ့ လျှောက်သွားစဉ် ဓါတ်ဆီဆိုင်ထဲကို ဝင်လာတဲ့ အနက်ရောင် ဆလွန်းကားတစ်စီးနဲ့ ပြင်းထန်စွာ တိုက်မိပြီး ကားအောက်ထဲရောက်သွားကာ ပေအနည်းငယ် တရွတ်တိုက်ပါသွားခဲ့ပါတယ်။ အဆိုပါကားဟာ ဆီဆိုင်ထဲကို ဓါတ်ဆီထည့်ရန်ဝင်လာခြင်းမဟုတ်ပဲ ဖြတ်လမ်းသဘောမျိုး အသုံးပြုကာ ဖြတ်ထွက်သွားတဲ့အတွက် အရှိန်ပါနေပါတယ်။ ဆီဆိုင်ဝန်ထမ်းမှ တွေ့သွားပြီး လှမ်းတားပေမယ့် ယာဉ်မောင်းသူဟာ ကလေးငယ်ကို တိုက်မိခဲ့မှန်းတောင် မသိပဲ မောင်းထွက်သွားခဲ့ပါတယ်။
 
 
စက္ကန့်ပိုင်းမျှသာ ကြာတဲ့အချိန်လေးမှာ သမီးဖြစ်သူရဲ့ အဖြစ်ဆိုးကြောင့် မိခင်ဖြစ်သူ မူးမေ့လဲကျမတတ် ဖြစ်ခဲ့ရပါတယ်။ ကလေးကို ဆေးရုံသို့ အမြန်တင်ပို့ခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာ အသက်မသေခဲ့ပေမယ့် ကလေးရဲ့  ညာဘက်ပခုံးရိုးကျိုးကြေ၊ ဘယ်ဘက်ခြေထောက်ကျိုး၊ မျက်ခုံးနဲ့ နဖူးတို့မှာ စုတ်ပြဲဒဏ်ရာတွေကြောင့် ချုပ်ခဲ့ရပါတယ်။ ကလေးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်လာပြီး အသက်အန္တရာယ် မရှိတော့ကြောင်း သိရှိရပါတယ်။
 
မိခင်ဖြစ်သူက မီဒီယာများနဲ့ အင်တာဗျူးမှာ သူမသတိလက်လွတ်နဲ့ အဲဒီအချိန်မှာ ကလေးကိုဂရုမစိုက်မိလိုက်ဖူးလို့ ဝန်ခံထားပြီး အဲဒီအချိန် တင်္ဂလေးမှာ သမီးလေးအခုလိုဖြစ်သွားတဲ့အတွက် ယူကျုံးမရဖြစ်ရကြောင်း ဒါပေမယ့် အသက်မသေတာကိုပဲ ကျေးဇူးတင်ပါတယ်လို့  ပြောကြားခဲ့ပါတယ်။
 
အဲဒီနေ့က သူတို့သားအမိဟာ ရပ်ကွက်ထဲက ညဈေးတစ်ခုမှာ ဈေးဝယ်ပြီးအပြန်မှာ ဆိုင်ကယ်ကို ဓါတ်ဆီဝင်ဖြည့်တာဖြစ်ပါတယ်၊ ထိုစဉ် သမီးဖြစ်သူက ရေခဲမုန့်စားချင်တယ်လို့ ပူဆာတဲ့အတွက် ဓါတ်ဆီဆိုင်ထဲက စတိုးဆိုင်မှာ ခနလေးနေဖို့ ထားခဲ့ပြီး ဆိုင်ကယ်ကို ဆီလာဖြည့်စဉ် အခုလိုဖြစ်ခဲ့ရကြောင်း မိခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။
ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ကားနံပါတ်ကိုတော့ ဘယ်သူမှ မမှတ်မိလိုက်ကြပါဘူး။
 
 

16 Oct 2018     1,305 Views




RELATED

Most Popular of Special or Others

Most Popular of NEWS